COE စနစ်သည် မြန်မာနိုင်ငံအတွက် မကိုက်ညီဘဲ ရန်ကုန်လိုင်စင်ယူပါက အခွန်စနစ်ဖြင့်သာ သွားသင့်ကြောင်း ကားတင်သွင်းသူများဆို

0

Full article

ရန်ကုန်တိုင်းအစိုးရလုပ်မည့် ကားတင်သွင်းခွင့် Certificate of Entitlement (COE) စနစ်မှာ မြန်မာနိုင်ငံအတွက် မကိုက်ညီဘဲ ရန်ကုန်လိုင်စင်ယူပါက သင့်တင့်သော အခွန်နှုန်းထားစနစ် ကောက်ခံခြင်းဖြင့်သာ ပြုလုပ်ရန်လိုအပ်ကြောင်း ကားတင်သွင်းသူများက ဝေဖန် ပြောဆိုနေကြသည်။

စင်္ကာပူနိုင်ငံတွင် လုပ်ဆောင်နေသော ကားတင်သွင်းခွင့်လက်မှတ် Certificate of Entitlement (COE) စနစ်မှာ တခြားနိုင်ငံများကနေ တင်သွင်းလာသည့် ကားအစီးရေနှင့် ကားတင်သွင်းခွင့် လက်မှတ် ရောင်းချထားသော ကားအစီးရေကို ချိန်ညှိ၍ အစိုးရအဖွဲ့က ၃ လတစ်ကြိမ် ဈေးနှုန်းတစ်ခုသတ်မှတ်ကာ ဈေးဖွင့်ပေးရခြင်းဖြစ်ပြီး တင်သွင်းလာသော ကားအစီးရေ များလာပါက COE ဈေးနှုန်းကို မြင့်လိုက်ခြင်း၊ တင်သွင်းမှုနည်းလာပါက COE ဈေးနှုန်းကို လျှော့ချပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းမျိုးဖြစ်သည်။

"ရန်ကုန်လိုင်စင် ပြန်ပေးမယ်ဆိုတာကိုတော့ ကြိုဆိုပါတယ်။ ရန်ကုန်လိုင်စင်ရနေတဲ့ကားတွေအတွက်ရော ရန်ကုန်လိုင်စင် ရပြီးသားကားအတွက်ရော စလစ်ကပ်ကားတွေအတွက်လည်း စဉ်းစားထားဖို့လိုတယ်။ စင်္ကာပူနိုင်ငံနဲ့ အကုန်လုံးအတုခိုး နိုင်းယှဉ်လို့မရဘူး။ COE စနစ်က အရမ်းကျယ်ပြန့်တယ်။ ဒီနိုင်ငံမှာ လုပ်တာ ဘာမှ အဆင့်သင့် မဖြစ်သေးသလို နိုင်ငံအတွက် မကိုက်ညီဘူး ။ ရန်ကုန်လိုင်စင်လိုချင်ရင် ဈေးဘယ်လောက်ကျနိုင်တယ်ဆိုတဲ့ ပုံစံမျိူး လုပ်သင့်ပါတယ်။ "ဟု စင်္ကာပူနိုင်ငံတွင် COE စနစ် လေလံဆွဲ လုပ်ကိုင်နေသူ ဦးအောင်လေးက ဆိုသည်။

လာမည့် ဧပြီလတွင် ရန်ကုန် လိုင်စင်ပြန်ခွင့်ပြုရန် (COE) စနစ်ဖြင့်သွားမှာ ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel & Resorts Yangon တွင်ပြုလုပ်သော MAN Dealership Agreement Signing Ceremony အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောကြားထားခဲ့ပါသည်။

Author