COE စနစ်မဟုတ်ဘဲ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများအတွက်ပါ ရန်ကုန်လိုင်စင် ပြန်ချပေးရန် ဆွေးနွေးထားမှုရှိ

0

Full article

COE စနစ်မဟုတ်ဘဲ အခွန်စနစ်ဖြင့် အိမ်စီးကားနှင့် လုပ်ငန်းသုံး ကားများအတွက်ပါ ရန်ကုန်လိုင်စင် ပြန်ချပေးရန် ဆွေးနွေးထားမှုရှိထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါသည်။

ရန်ကုန်တိုင်းအတွက် တစ်နှစ်လျှင် ကားအစီးရေ မည်မျှတင်သွင်းထားရှိသည့် အရေအတွက်နှင့် တိုးပွားလာသော ကားအရေအတွက်ကို ချိန်ထိုးတွက်ဆနေပြီး ထိုကားများထဲတွင် အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများဟူ၍ ခွဲခြားမှု ပြုလုပ်နေကြောင်းသိရ သည်။

"ရန်ကုန်လိုင်စင်ပြန်ချပေးဖို့လည်း အိမ်စီးကား တွေရော ၊ လုပ်ငန်းသုံးကားတွေအတွက်ပါ စဉ်းစားထားရတယ်။ စင်္ကာပူနိုင်ငံလို အကုန်အတုယူပြီး လုပ်လို့မရဘူး။ အခွန်တစ်ခုနဲ့ သွားဖို့ အတွက်လည်း ဆွေးနွေးနေပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့စေရန်အတွက် ၂ဝ၁၆ ဧပြီလမှ စတင်၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိပြီး လာမည့် ၂ဝ၁၈ ခုနှစ် ဧပြီလတွင် ပြန်လည်ခွင့်ပြုပေးမည်ဟု MAN Dealership Agreement Signing Ceremony အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ပြောကြားထားရှိခဲ့သည်။

လက်ရှိတွင် ရန်ကုန်လိုင်စင်ရယူလိုပါက ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစားထိုးတင်သွင်းခြင်းဖြင့် ရရှိနေသော်လည်း Brand New ကားအရောင်းပြခန်းဖွင့်လှစ်ထားသူများမှာလည်း ရန်ကုန်လိုင်စင်ကို မရရှိသည့်အတွက် ငွေကြေးများစွာရင်းနှီးထားရပြီး အဆင်မပြေမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

Author