Full article

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်း ယာဉ်သစ်များအစားထိုးခြင်းအစီအစဉ်အရ ယခင် CNG တပ်ဆင်ထားသော ကားများအား နောက်ထပ်တင်သွင်းသည့် ကားသစ်များတွင် ယခင်ကားဟောင်းမှ CNG ပြန်လည်တပ်ဆင်ခွင့် လျှောက်ထားရာ၌ အရေးပါသည့် က ည န ပယ်ဖျက်ယာဉ်၏ CNG ဝယ်ယူခွင့်စာအုပ် အပ်နှံခြင်းစာရွက်များ တစ်စောင်လျှင် ကျပ် ၃၅ သိန်းအထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

3914477797_fabe9970c6

ယင်းစာရွက်များဝယ်ယူရာတွင် အဌားယာဉ်များမှ ယာဉ်ဟောင်းအပ်နှံပြီး အပ်နှံယာဉ်တွင် တပ်ဆင်ထားသည့် CNG အိုးအတိုင်း တပ်ဆင်ခွင့်ပြန်လျောက်ထားသည့် စာရွက်များကို ပိုမိုဝယ်ယူကြပြီး တစ်စောင်လျှင် ကျပ် ၃၅ သိန်းနှုန်းအထိ ဈေးပေးဝယ်ယူနေကြောင်း၊ ယခင် လိုင်းကားများမှ CNG စာရွက်များမှာ လူကြိုက်နည်းပြီး တစ်စောင်လျှင် ၂၅ သိန်းခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း CNG စာရွက်များ အရောင်းအဝယ်ပြုလုပ်နေသည့် ဝယ်ရောင်း တစ်ဦးက ပြောကြားသည်။

CNG စာရွက်များကို ဝယ်ယူရာတွင် ၅ဝ လီတာ၊ ၆၅ လီတာအိုးများထက် ၇ဝ လီတာအိုးအပ်နှံသည့်စာရွက်များ လူကြိုက်ပိုများပြီး အဝယ်များကြောင်း၊ ယခင်က ဃ လိုင်စင်ဖြင့် အပ်နှံထားသည့် CNG စာရွက်များ အဝယ်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ယင်းစာရွက်ဖြင့် အဌားယာဉ်ပေါ်သို့ CNG အိုး ပြောင်းလဲတပ်ဆင်ရာ၌ လုပ်ကိုင်ရသည့် အဆင့်များ များပြားသောကြောင့် ဝယ်လိုအားနည်းပါးသွားကြောင်း သိရှိရသည်။

CNG အိုး တပ်ဆင်ထားသည့် အဌားကားပိုင်ရှင်များ အနေဖြင့် မိမိတို့ပိုင် ယာဉ်အဟောင်းများအပ်နှံပြီးချိန်တွင် အသစ်တင်သွင်းရန်အတွက် ငွေကြေး အခက်အခဲရှိသဖြင့် အဌားယာဉ် တင်သွင်းနိုင်သည့် AA စလစ်နှင့် CNG စာရွက်များခွဲကာ ရောင်းချကြသည့်အတွက် ယင်းဈေးကွက်ဖြစ်လာခြင်းဖြစ်ကြောင်း၊ အဌားယာဉ်လောကတွင် ဆီကားများထက် CNG ကားများမှာ အုံနာခ ပိုမိုရရှိသဖြင့် ပြောင်းလဲတပ်ဆင်လိုသူများပြားရာမှ ဈေးကွက်ကောင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ CNG ၇ဝ လီတာ တစ်အိုးလျှင် ၈၅ ကီလိုမီတာခန့် မောင်းနှင်နိုင်ပြီး ဓါတ်ငွေ့ဖြည့်တင်းခ ငွေကျပ် ၃ဝဝဝ သာကျသင့်ကာ ဆီကားများအနေဖြင့် ၈၅ ကီလိုမီတာအား အင်ဂျင်ပါဝါအလိုက် ဆီနှစ်ဂါလန်မှ နှစ်ဂါလန်ခွဲအထိ ကုန်ကျကြောင်း အဌားယာဉ်ပိုင်ရှင်များထံမှ သိရှိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Author