City taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို မကြာမီဆောင်ရွက်ပေးသွားမည်ဟုဆို

0

Full article

City taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို မကြာမီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ဇူလိုင်လ ၃ ရက်နေ့တွင်ကျင်းပခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

“၂၀၁၈ ဇန်နဝါရီလတုန်းက city taxi မှတ်ပုံ မတင်ခဲ့တဲ့ယာဉ်တွေကို မှတ်ပုံတင်ခွင့်ရအောင် တိုင်းဒေသကြီးအစိုးရထံတင်ပြပေးပါလို့ လျှောက်ထားမှုတွေရှိပါတယ်။ နောက်ပြီးတော့ သက်တမ်းပျက်နေတဲ့ယာဉ်တွေရဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးသွားမှာပါ။ မကြာခင်မှာ မှတ်ပုံတင်နိုင်မယ့်ရက်ကို သတင်းစာတွေမှာ ကြေညာပေးသွားမယ်။ ကန့်သတ်ရက်ကိုတော့ အစိုးရအဖွဲ့ထံကို တင်ပြထားပါတယ်။ ဘယ်နေ့နောက်ဆုံးဆိုတာကို သတင်းစာတွေထဲမှာ ထုတ်ပြန်ကြေညာပေးသွားမှာပါ။ မှတ်ပုံတင်တဲ့အခါ သတ်မှတ်ဒဏ်ကြေးတော့ရှိလိမ့်မယ်။ ဘာလို့လဲဆိုတော့ စည်းကမ်းလိုက်နာတဲ့သူနဲ့ မှတ်ပုံတင်လို့ရပါလျက်နဲ့ မတင်ခဲ့တဲ့သူ အတူတူဆိုရင် စည်းကမ်းလိုက်နာတဲ့သူက နစ်နာတဲ့အတွက် ဒဏ်ကြေးသတ်မှတ်ရတာပါ။ ဒါပေမယ့် ဒဏ်ကြေးက ဆောင်ရသူအတွက်ဝန်ပိစေတဲ့ပမာဏ မဖြစ်အောင်စီမံထားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အရေးယူတဲ့အပိုင်းလာမှာပါ။” ဟု YRTA ၏တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောကြားခဲ့သည်။

City taxi ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သော taxi ယာဉ်များဖြစ်ရေး၊ စည်းကမ်းထိန်းသိမ်းမှုဆောင်ရွက်နိုင်ရေး၊ ငှားရမ်းအသုံးပြုစီးနင်းသူများအဆင်ပြေစေရေးဟူသော ရည်ရွက်ချက်များဖြင့် ၂၀၀၁ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုကော်မတီ၏ ဆပ်ကော်မတီတစ်ခုဖြစ်သော taxi ယာဉ်ကြီးကြပ်ရေးကော်မတီမှ city taxi မှတ်ပုံတင်ခြင်းကိုဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်ထားသော ယာဉ်အရေအတွက်မှာ ၂၀၁၉ ဇွန်လအထိစာရင်းများအရ ၆၆,၆၆၃ စီးရှိကြောင်း သိရသည်။

Zing

Author