City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းအား Coronavirus Disease 2019 (COVID-19) ကြောင့် ခေတ္တဆိုင်းငံ့ထား

0

Full article

အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်ရေးအတွက် City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို ခေတ္တဆိုင်းငံ့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။


လက်ရှိအချိန်တွင် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) အား ကာကွယ်သောအနေဖြင့် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံးတွင် ဆောင်ရွက်လျက်ရှိသော City Taxi မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံးကြေညာချက်အမှတ် ၁/ ၂၀၂၀ တွင်ဖော်ပြထားသည့်အတိုင်း ၂၀၂၀ ပြည့်နှစ်၊ ဧပရယ်လ ၃၀ ရက်နေ့အထိ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

“ဒီကိုရိုနာ ဗိုင်းရပ်စ်ဟာ လူစုလူဝေးကနေ ကူးနိုင်တယ်လို့ဆိုတဲ့အတွက် ကျွန်တော်တို့ရုံးထဲမှာ လုပ်နေတဲ့လုပ်ငန်းတွေမှာ တတ်နိုင်သမျှ လူစုလူဝေးဖြစ်ပွားမှုကို လျှော့ချတဲ့အနေနဲ့ City taxi မှတ်ပုံတင်ခြင်းနဲ့ သက်တမ်းတိုးဆောင်ရွက်တာတွေကို ဧပရယ်လ ၃၀ ရက်နေ့အထိ ခေတ္တဆိုင်းငံ့ထားပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆိုင်းငံ့ကာလအတွင်း City Taxi ယာဉ်သစ်အဖြစ် ဆောင်ရွက်မည့်ယာဉ်များနှင့် သက်တမ်းတိုးရန် အချိန်စေ့နေသည့် ယာဉ်များကို ပျက်ကွက်မှုအဖြစ်သတ်မှတ်သွားမည်မဟုတ်သလို မည်သည့် ဒဏ်ကြေးတစ်စုံတစ်ရာမှလည်း ကောက်ခံသွားမည်မဟုတ်ဘဲ ဆိုင်းငံ့ကာလပြီးဆုံးချိန်၊ လုပ်ငန်းများပြန်လည်စတင်ချိန်မှသာ ယာဉ်သစ်မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို စေ့ရောက်ကာလမှ စတင်ပြီး ပုံမှန်ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူးမှ ထပ်မံပြောကြားခဲ့သည်။


၁၆.၃.၂၀၂၀ ရက်နေ့အထိ စာရင်းများအရ COVID-19 သည် ကမ္ဘာ့နိုင်ငံအသီးသီး၌  လူပေါင်း ၁၆၀,၀၀၀ ကျော်ကူးစက်ခံခဲ့ရပြီး လူပေါင်း ၆,၆၀၀ ကျော် သေဆုံးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ မတွေ့ရှိသေးကြောင်း မြန်မာနိုင်ငံစားသုံးကာကွယ်ရေးအသင်းမှ ထုတ်ပြန်ထားသည်။

Author