အိုဟောင်း တက္ကစီအပ်၍ အစားထိုး တင်သွင်းသည့် ရန်ကုန်တက္ကစီများကို တိုကင်ပေးပြီး စီးတီးတက္ကစီမှတ်ပုံတင်လုပ်ပေးမည်

0

Full article

အိုဟောင်းတက္ကစီကား အပ်နှံ၍ အစားထိုး တင်သွင်းထားသော ရန်ကုန်တက္ကစီများကို ကြိုတင်စာရင်းပေးသွင်းစေကာ တိုကင်ပေးပြီး စီးတီးတက္ကစီမှတ်ပုံတင်လုပ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရသည်။

city taxi မှတ်ပုံတင်ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်အထိသာ ကြိုတင်စာရင်းပေး တိုကင်ယူရန် သတ်မှတ်ထားသော်လည်း ဒီဇင်ဘာလတွင် မှတ်ပုံတင်မလုပ်ရသေးဘဲ ကားဟောင်း တက္ကစီ အပ်နှံပြီး အစားထိုး ရန်ကုန်တက္ကစီ တင်သွင်းလာသော ကားများကိုလည်း မှတ်ပုံတင်လုပ်ရန် တိုကင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

"city taxi တွေမှတ်ပုံတင် လုပ်တာကို ဒီဇင်ဘာလ နောက်ဆုံး တိုကင်ယူဖို့ သတ်မှတ်ထားတယ်။ တက္ကစီအပ်ပြီး တက္ကစီသွင်းလာတဲ့ ကားတွေကိုတော့ စီးတီးတက္ကစီ မှတ်ပုံတင်လုပ်မယ်ဆိုရင် လက်ခံဆောင်ရွက်ပေးမှာပါ။ အဓိကက စီးတီးတက္ကစီတွေကို မှတ်ပုံတင် လုပ်ကြဖို့ ရည်ရွယ်တာပါ။ "လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသော တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ရန် နိုဝင်ဘာလ ၁၄ ရက်က စတင် အသိပေးနှိုးဆော်ထားရာ လာရောက် မှတ်ပုံတင်ပြုလုပ်ထားသာတက္ကစီ ကားအစီးရေ ၇,၈၈ဝ စီး၊ ခရိုင်ပြောင်း လာသည့် ကားအစီးရေ ၄,၆၄၂ စီး၊ စီးတီးတက္ကစီ မှတ်ပုံတင်ရန်သက်တမ်းပျက်၍ သက်တမ်းတိုး လာရောက် ပြုလုပ်သည့် ကားအစီးရေ ၁၉,၅၂ဝ စီး စုစုပေါင်း ၃ဝ,၂၄၂ စီး ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

Author