ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဆင့်မမီသော ယာဉ်လိုင်းများနေရာ၌ ပြည်ပမှ အဆင့်မီ စီးတီးဘတ်စ်ကြီးများ ဝင်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ယင်းသို့ ပြေးဆွဲနိုင်ရန်အတွက် ကုမ္ပဏီများအား ပြည်ပမှ စီးတီးဘတ်စ်များကို ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုထားပြီး တင်သွင်းခွင့်အတွက် ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစားပေး ထုတ်ပေးနေသည်ဟု သိရသည်။
ရန်ကုန်မြို့မှာ အချို့ခရီးသည်တင် ယာဉ်တွေက တော်တော်ကို ဟောင်းနွမ်းနေပြီး အဆင့်မမီတော့ဘဲ အဲဒီကားတွေကို အများပြည်သူ စီးနင်းနေရတယ်။ အဲဒီနေရာတွေမှာ ပြည်ပမှ စီးတီးဘတ်စ်တွေ ဝင်ရောက်ပြေးဆွဲမှာ ဖြစ်ပါတယ်။ အဲဒီလိုပြေးဆွဲစေဖို့ အတွက်ကို ပုဂ္ဂလိက ကုမ္ပဏီတွေကို သူတို့အစီအစဉ်နဲ့ ပြည်ပက စီးတီးဘတ်စ်တွေသွင်းခွင့် ပြုထားတယ်။ အဲဒီအတွက် ဦးစားပေး ထောက်ခံချက်တွေ ထုတ်ပေးနေပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်းပြီး ရောက်ရှိနေသာ စီးတီးဘတ်စ်ကြီးများလည်းရှိပြီး
စီးတီးဘတ်စ်များအား စစ်ကျန်ဘတ်စ်များ၊ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားသော ဘီအမ်ယာဉ် စသည်တို့ နေရာများတွင် အစားထိုး ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါယာဉ်များ CNG ရရှိစေရန် အတွက်ကိုလည်း စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရီးသည်ယာဉ်က ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ဆိုရင် ပြေးဆွဲရတာ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့အတွက် CNG ရအောင် စွမ်းအင်ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေးမယ် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ် အစီးရေ ၆ဝဝဝ ကျော်ရှိပြီး အဆင့်မမီဘဲ ယာဉ်တိုက်မှုမ ကြာခဏ ဖြစ်ပွားသော ဒိုင်နာယာဉ်၊ ဘီအမ်ယာဉ် စသည်တို့ကို အသုံးပြုနေရသေးသည်။
Eleven Media Group မှ ကူးယူဖော်ပြသည်။
Photo Credit by Chris Feser