Full article

လာမည့်နှစ်မှစ၍ CIF တန်ဖိုးဇယားကို မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ဝန်ကြီးဌာနများမှ ရေးဆွဲတော့မည် မဟုတ်ဘဲ လုပ်ငန်းရှင်များကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း 'အကောက်ခွန်ဦးစီးဌာန'မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

CIF-Price-copy

ယခင်နှစ်များက CIF တန်ဖိုး များရေးဆွဲရာ၌ အဖွဲ့ဝင်များဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲခဲ့ရာ အချို့ကားများမှာ ဖြစ်သင့် ဖြစ်ထိုက်သည့် တန်ဖိုးထက် လျော့နည်းပြီး အချို့ကားများမှာ တန်ဖိုးများ များနေသောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့ ဖြစ်၍ လာမည့်နှစ်များမှစ၍ CIF တန်ဖိုး ရေးဆွဲရာ၌ အစိုးရဌာနများမှ မရေးဆွဲတော့ဘဲ လုပ်ငန်းရှင်များကို တာဝန်ပေးအပ် ရေးဆွဲစေမည် ဖြစ်ကြောင်း သိရသည်။ CIF တန်ဖိုး ရေးဆွဲခြင်းနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "အရင်က CIF တန်ဖိုးကို ဌာနဆိုင်ရာတွေဖြစ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး တန်ဖိုးတွေ သတ်မှတ်ခဲ့တဲ့အပေါ်မှာ ကုန်သည်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်၊ ဆရာတို့လုပ်ထားတဲ့ ဈေးနှုန်းတွေက တချို့ကားတွေမှာ များတယ်၊ တချို့ကားတွေမှာ နည်းတယ်၊ တချို့ကားတွေကို ဆွဲချပေးပါ၊ တချို့ကားတွေကိုတော့ ဈေးတင်ပေးပါဆိုပြီး စောဒကတက် ကြပါတယ်၊ ဒါကြောင့် လာမယ့်နှစ်ကစပြီး လုပ်ငန်းရှင်တွေကို ရေးဆွဲခိုင်းမှာဖြစ်ပြီး အဲဒီအပေါ်မှာပဲ အတည်ပြုသတ်မှတ်ပေးမှာ ဖြစ်ပါတယ်"ဟု ဆိုခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကားအရောင်းစင်တာပိုင်ရှင် တစ်ဦးကလည်း "လာမယ့်နှစ်မှာ CIF တန်ဖိုးကို ဇွန်၊ ဇူလိုင်လကတည်းက ရေးဆွဲဖို့ စီစဉ်ထားပါတယ်၊ အရင်နှစ်တွေလို နှစ်ကုန်ခါနီးမှ ရေးဆွဲမယ်ဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်၊ ကြိုတင်ရေးဆွဲပြီး ကြေညာမယ်ဆိုရင် အရောင်းအဝယ် မရပ်ဆိုင်းဘဲ ပုံမှန်အတိုင်း လည်ပတ်နေမှာ ဖြစ်ပါတယ်၊ နောက်ပြီး CIF တန်ဖိုးကို တစ်နှစ်နဲ့ တစ်နှစ် အများကြီး ပြောင်းလဲ လို့မရပါဘူး၊ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလောက်ပဲ ပုံမှန်ပြောင်းလဲ မယ်ဆိုရင် တစ်နှစ်နဲ့ တစ်နှစ် ဈေးနှုန်းကွာဟချက်လည်း ရှိမှာ မဟုတ်တော့ပါဘူး" ဟု ပြောကြား ခဲ့သည်။

Ref: Automobile

Author

Comments