ကိုရိုနာဗိုင်းရတ်ကို အကာအကွယ်ပေးနိုင်မည်ဟုဆိုသော လေစစ်ထုတ်မှု စနစ်သစ်ပါ ကားသစ်ကို တရုတ်ကုမ္ပဏီ Geely မှထုတ်လုပ်

0

Full article

ပြီးခဲ့တဲ့ တနင်္လာနေ့ (၂၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀) တုန်းက တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေး Geely ဟာ သူတို့ရဲ့နောက်ဆုံးထုတ်ကုန် compact SUV အမျိုးအစား Icon ကိုမိတ်ဆက်လိုက်ပါတယ်။

တရုတ်နိုင်ငံ ဈေးကွက်အတွင်းမှာ ရောင်းအကောင်းဆုံးဖြစ်လာနိုင်ဖွယ်ရှိတဲ့ Icon အသစ်ဟာ လက်ရှိအကောင်းဆုံး လေစစ်ထုတ်မှုစနစ် (air-filtration) ပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီစနစ်ဟာ လေကို သန့်စင်ပေးနိုင်တဲ့အပြင် လေမှာပါဝင်တဲ့ virus တွေကိုလည်း စစ်ထုတ်ပေးနိုင်ပါတယ်လို့ Geely ကဆိုလိုက်တာပါ။

Volvo နဲ့ Lotus လိုမျိုး နာမည်ကျော် ကားကုမ္ပဏီတွေကိုဝယ်ယူထားတဲ့ Geely ဟာ novel coronavirus လိုမျိုး လေမှတစ်ဆင့်ပျံ့နှံ့ကူးစက်နိုင်သော virus ရန်က အကာအကွယ်ပေးနိုင်တဲ့ အခုလိုကားမျိုးထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၃ သန်းအကုန်အကျခံမယ်လို့ ပြောကြားပြီး ရက်သတ္တပတ် ၃ ပတ်အတွင်း ထုတ်လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ Geely ဟာ သူတို့ရဲ့နောက်ဆုံးထုတ်ကုန် Icon ကို တရုတ်နိုင်ငံဈေးကွက်အတွင်းမှာ မိတ်ဆက်စတင်ရောင်းချလျက်ရှိပြီး “စံချိန်တင် ဖွံ့ဖြိုးတိုးတက်မှု” အဖြစ်နဲ့ Icon မှာတပ်ဆင်ထားတဲ့ လေသန့်စင်မှုစနစ်ထုတ်လုပ်ရေးအပေါ် ညွှန်းဆိုခဲ့ပါတယ်။

မနေ့ကညအထိ နောက်ဆုံးရသတင်းတွေအရဆိုရင် တစ်ကမ္ဘာလုံးမှာ coronavirus ကူးစက်ခံရသူပေါင်း ၁၁၅,၉၇၇ ဦးအထိရှိနေပြီး သေဆုံးသူပေါင်းက ၄,၀၈၇ ဦးအထိရှိနေပါပြီ။ ပြန်ကောင်းလာသူအရေအတွက်ကတော့ ၆၄,၃၈၅ ဦးအထိရှိနေပြီး ကူးစက်ခံရသူ၊ သေဆုံးသူနဲ့ ပြန်လည်ကောင်းမွန်လာသူ အများစုကတော့ တရုတ်နိုင်ငံကပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာလည်း coronaviurs က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကူးစက်လျက်ရှိပါတယ်။

Geely ရဲ့ Icon မှာပါဝင်တဲ့ လေသန့်စင်မှုစနစ်ဟာဆိုရင် N95 certified ဖြစ်ပြီးသားလို့ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ 0.3 microns (micron ဆိုတာက micrometre ဖြစ်ပြီး 1 metre ကို micrometre 1,000,000 ရှိပါတယ်) အတိုင်းအတာရှိသော အလွန်သေးငယ်တဲ့အမှုန်အမွှား 95% အထိ ဖယ်ရှားရှင်းလင်းပေးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ coronavirus ကိုတိုင်းတာမယ်ဆိုရင် အဲဒီ virus ရဲ့အရွယ်အစားဟာ 0.05 ကနေ 0.2 microns အထိရှိတတ်ကြတယ်။ အဓိပ္ပါယ်ကတော့ Icon ရဲ့ နောက်ဆုံးပေါ် လူသားတွေအတွက် အလိုအပ်ဆုံး feature ဟာ လက်ရှိတွေ့ကြုံနေရတဲ့ ဘေးအန္တရာယ်ကနေ ရာခိုင်နှုန်းအပြည့်တော့ မကာကွယ်နိုင်ပါဘူး ဆိုတာပါပဲ။ နည်းနည်းပါးပါးတော့ ကာကွယ်ပေးနိုင်တယ်ပဲ ပြောပါတော့။

ဘယ်လိုပဲဆိုဆို Geely ကတော့ Icon ဟာမိတ်ဆက်စတင်ရောင်းချပြီး နာရီအနည်းငယ်အတွင်းမှာပဲ မှာကြားသူပေါင်း သုံးသောင်းကျော်အထိရှိနေတယ်လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ Geely Auto Group ရဲ့ ဥက္ကဋ္ဌနဲ့ C.E.O. ဖြစ်သူ An Conghui ကတော့

“Geely ICON ကို မိတ်ဆက်ရောင်းချခြင်းဟာ Geely ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အတွက် ဗဟိုခွန်အားကို ဖွင့်ထုတ်ပြသခဲ့ရုံသာမက ကျွန်တော်တို့ရဲ့ ရှေ့ဆောင်အမြင်နဲ့အတူ အဆင့်မြင့် ဒစ်ဂျစ်တယ် နည်းပညာအနာဂတ်အတွက် ကျွန်တော်တို့အားလုံး ဦးတည်လျက်ရှိတယ်ဆိုတာကိုပါ ပြသလျက်ရှိပါတယ်။”

ဆိုပြီး Icon ရဲ့ မိတ်ဆက်ပွဲအခမ်းအနားမှာ online ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Ref: Chinese car company Geely launched its newest compact SUV with an air-filtration system meant to combat the coronavirus by Jessica Snouwaert

Author