လျှပ်စစ်ကားများအတွက် မိုင်တစ်သန်းကျော်အသုံးပြုနိုင်မည့် ဘက်ထရီများ ထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဟု တရုတ်ကုမ္ပဏီ CATL မှ ထုတ်ပြန်ကြေညာ

0

Full article

  • CATL ၏ဥက္ကဋ္ဌဖြစ်သူ Zeng Yuqun က သူကုမ္ပဏီသည် လျှပ်စစ်ကားများအတွက် မိုင် ၁.၂ သန်းအထိ အသုံးခံနိုင်သော ဘက်ထရီများ ထုတ်လုပ်ရန် အသစ်ဖြစ်နေပြီဟု Bloomberg သို့ပြောကြားခဲ့။
  • အဆိုပါနည်းပညာနှင့်ပတ်သက်၍ သဘောတူညီမှုများပြုလုပ်ပြီးသည့် မော်တော်ယာဉ်ထုတ်လုပ်သူများ ရှိပြီးဖြစ်သော်လည်း အမည်ထုတ်ဖေါ်ပြောကြားရန်ကိုမူ Zeng ကငြင်းဆိုခဲ့။ သို့သော် သတင်းများအရ Tesla သည် တာရှည်အသုံးခံသည့် ဘက်ထရီနည်းပညာကို ထုတ်ပြန်ကြေညာရန် အသင့်ဖြစ်နေပြီဟု ဆိုကြ၏။
  • အဆိုပါ နည်းပညာဖြင့်ထုတ်လုပ်သော ဘက်ထရီသည် ယခုအသုံးပြုနေကြသော ဘက်ထရီများထက် ဈေးနှုန်းအားဖြင့် ၁၀% ပိုမိုများပြားရန်ရှိနေ။ သို့ရာတွင် ရရှိနိုင်မည့်အကျိုးကျေးဇူးမှာမူ ကြေညာသည့်အတိုင်း ကြာရှည်ခံပါက များစွာသာလွန်လျက်ရှိသည်ဟု ဆိုနိုင်သည်။

CATL ဆိုတာကတော့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်ပြီး Contemporary Amperex Technology ရဲ့အတိုကောက်နာမည်ပါ။ ဥက္ကဋ္ဌကတော့ Zeng Yuqun ဖြစ်ပြီး သူတို့ဟာ မိုင် ၁.၂ သန်းအထိ အသုံးပြုနိုင်မယ့် ဘက်ထရီတွေထုတ်လုပ်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း Bloomberg ကိုထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ သဘောက CATL ရဲ့နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ဘက်ထရီတွေကို လျှပ်စစ်ကားတွေမှာ အသုံးပြုမယ်ဆိုရင် မိုင်ပေါင်း ၁ သန်းကျော် အသုံးပြုပြီးမှသာ လဲလှယ်ဖို့ လိုအပ်မယ်ဆိုတာပါပဲ။ Bloomberg ရဲ့အချက်အလက်တွေအရ အခုအချိန် လျှပ်စစ်ကား (EV) တွေမှာအသုံးပြုနေကြတဲ့ ဘက်ထရီတွေဟာ မိုင် ၁၅၀,၀၀၀ ဒါမှမဟုတ် ၈ နှစ်အထိ အာမခံပေးထားတာကို တွေ့ရပါတယ်။ Zeng ကတော့ သူ့ဘက်ထရီအသစ်တွေနဲ့ပတ်သက်ပြီး

“တကယ်လို့ မှာတဲ့သူရှိပြီဆိုတာနဲ့ ထုတ်ပေးဖို့က အသင့်ပါပဲ။”

ဆိုပြီးပြောကြားလိုက်ပေမဲ့ သူနဲ့ချိတ်ဆက်ထားတဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးတွေနာမည်တွေကို ထုတ်ဖေါ်ပြောကြားဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အခု ဘက်ထရီနည်းပညာအသစ်ဟာ သဘောတူလက်မှတ်ထိုးထားတာတွေ ရှိနေပြီးသားပါ။ CATL အနေနဲ့ကလည်း Tesla ၊ BMW ၊ Toyota ၊ Audi နဲ့  Porsche တို့ကို ဘက်ထရီပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေတဲ့ ကုမ္ပဏီလည်းဖြစ်နေပြန်ပါတယ်။

ဥရောပနဲ့အနောက်တိုင်းသားတွေအတွက် ပိုပြီးနှစ်သက်စေတဲ့အချက်တစ်ခုကတော့ CATL ဟာ ဓါတုဗေဒဒြပ်စင်တစ်ခုဖြစ်တဲ့ cobalt အသုံးပြုမှုကို လျှော့ချဖို့နဲ့ နောက်ဆုံးလုံးဝအသုံးမပြုဖို့အထိ လုပ်ဆောင်နေပါတယ်။ ဒီလိုလျှော့ချခြင်းအားဖြင့် ကလေးသူငယ်ခိုင်းစေမှုနဲ့ အသက်အန္တရာယ်ထိခိုက်စေတဲ့အထိ ပြင်းထန်တဲ့ လုပ်ငန်းခွင်ဝန်းကျင်တွေ များပြားလာမှုကိုလည်း လျော့နည်းသွားစေနိုင်မယ်လို့ မျှော်လင့်စရာရှိနေတာပါ။

CATL ဟာ ဂျာမနီနိုင်ငံမှာစက်ရုံတည်ဆောက်လျက်ရှိပြီး ဒါဟာ BMW အတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ BMW ဆိုရင် သူတို့လျှပ်စစ်ကားတွေအတွက် ၇၀% သောဘက်ထရီတွေကို CATL ထံကနေရယူနေတာဖြစ်ပါတယ်။ ဒါ့အပြင် Audi ၊ Porsche နဲ့ Telsa တို့ကလည်း CATL ရဲ့ ထပ်ဆင့်ဖေါက်သည်တွေဖြစ်လာဖွယ်ရှိနေပါသေးတယ်။

အကြောင်းအရာတွေပြောပြီးပြီဆိုတော့ ဈေးနှုန်းပိုင်းအရကြည့်ရပါမယ်။ ဒီ တာရှည်အသုံးခံနိုင်မယ့် ဘက်ထရီအသစ်ဟာ ဈေးတော့မပေါပါဘူး။ ပုံမှန်ထိပ်တန်းအဆင့် ဘက်ထရီတွေထက် ၁၀% လောက်ပိုများဖွယ်ရှိပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့တာရှည်ခံနိုင်စွမ်းနဲ့ ချိန်ထိုးသုံးသပ်ကြည့်တဲ့အခါမှာတော့ ရရှိနိုင်မယ့် အကျိုးအမြတ်က အများကြီးပိုသာနေတာကို တွေ့ကြရမှာပါ။ ဒါကြောင့်မို့လို့ CATL ရဲ့အနာဂတ် မျဉ်းကြောင်းကတော့ လက်ရှိအနေအထားအရ အပေါ်သို့ထောင်တက်ဖို့သာရှိနေပါတော့တယ်။

Ref: China's CATL Has a Million-Mile EV Battery Pack Ready to Go

Author