Full article

ဂျပန်ကားကုမ္ပဏီများ အနေဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် အကြီးမားဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၌ ရောင်းအားတက်လာရန် ကြိုးစားရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သော Eco-Friendly ကားများ ရောင်းချခြင်းက အဓိကကျလာလိမ့်မည် ဟု 'ယိုမီအုရီရှင်းဘွန်း သတင်းစာ' က ဇန်နဝါရီ ၁၈ ရက်တွင် သုံးသပ်ရေးသားခဲ့သည်။

ecocar-21

ကမ္ဘာ့စူပါ ပါဝါဖြစ်လာသော တရုတ်နိုင်ငံသည် အကျိုးဆက်အနေဖြင့် လေထု ညစ်ညမ်းမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး ထိုသို့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ရခြင်း၏ အဓိကအချက်မှာ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သော မီးခိုးများကြောင့် သာမက လမ်းမများပေါ် သွားလာနေသည့် ကားများမှ ထုတ်လွှတ်သော မီးခိုးငွေ့များကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရ အာဏာပိုင်များသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် သာမန်စက်သုံးဆီသုံးကားများ အစား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သော Eco-Friendly ကားများ ထုတ်လုပ်ရန် ပြည်တွင်း ကုမ္ပဏီများကို တိုက်တွန်းမှုများ ပြုလုပ်ထားသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကားသစ်စီးရေ သန်းနှစ်ဆယ်ခန့် ရောင်းချနိုင်ခဲ့ပြီး Volkswagen Group နှင့် General Motors တို့မှာစက်သုံးဆီ ချွေတာသည့် Eco-Friendly ကားများဖြင့် ဈေးကွက် ဝေစုကိုခွဲဝေယူနိုင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်ဈေးကွက်၌ ဝေစုအများဆုံး ရရှိခဲ့သည်မှာ ၄ဝ.၃ ရာခိုင်နှုန်းရှိသော ပြည်တွင်းကား အမှတ်တံဆိပ်များဖြစ်ပြီး ဂျာမန်အမှတ်တံဆိပ်များက ၁၈ .၈ ရာခိုင်နှုန်း၊ ဂျပန်အမှတ်တံဆိပ်များက ၁၆.၄ ရာခိုင်နှုန်းစီ ရရှိခဲ့သည်။ ဂျပန်ကားကုမ္ပဏီများ ရရှိခဲ့သည့် ဈေးကွက်ဝေစုမှာ ကျွန်းစုများအရေးကြောင့် နှစ်နိုင်ငံအကြား အဖုအထစ် ဖြစ်ခဲ့သော ၂ဝ၁၂ ခု နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရောင်းအား တက်လာခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တီယန်ကျင်းမြို့တော် အစိုးရသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို ကာကွယ်နိုင်ရန် ကားသစ်ဝယ်ယူ လိုသူများကို လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်မပေးဘဲ ကံစမ်းမဲစနစ် ကျင့်သုံးပြီး မဲပေါက်သူကိုသာ ကားဝယ်ခွင့်ပေးသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် ဂျပန်ကုမ္ပဏီများအနေဖြင့် Hybrid နှင့် ECO ကားများကို ပိုမိုထုတ်လုပ် ရောင်းချလိမ့်မည်ဟု မျှော်လင့်ရကြောင်း ယိုမီအုရီရှင်းဘွန်းက ဆိုသည်။

Ref: Auto Mobile

Author