ရန်ကုန်လိုင်စင်ထုတ်ပေးရန်ရှိပြီး ညှိနှိုင်းဆောင်ရွက်မှုများလုပ်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

0

Full article

မော်တော်ယာဉ်တင်သွင်းမှုကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်လိုင်စင် ထုတ်ပေးရန်ရှိပြီး ညှိနှိုင်းဆောင်ရွက်မှုများလုပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၆ ရက်တွင် ကျင်းပသော ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားသွားခဲ့သည်။
ရန်ကုန်လိုင်စင် yangon vehicle quota certificate (YVQC ) လက်မှတ်စနစ် အင်ဂျင်ပါဝါအလိုက် တန်ဖိုးသတ်မှတ်ရောင်းချသွားရန်အတွက် အောက်တိုဘာတွင် လုပ်ဆောင်သွားမည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့ပြီး မကြာမီက ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သည့်လုပ်ငန်းများကြီးကြပ်မှု ကော်မတီ( ကြီး/ကော်) အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်ပြခဲ့သည့် ရန်ကုန်လိုင်စင် YVQC စနစ်မှာ ရှေ့နေချူပ်ရုံး၏ မူဝါဒများနှင့်ကိုက်ညီမှုမရှိ၍ ရန်ကုန်လိုင်စင် ခွင့်ပြုပေးနိုင်ရန် ပြန်လည်ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

"ကားတင်သွင်းမှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်လိုင်စင် ထုတ်ပေးနိုင်ဖို့ ရှိပါတယ်။ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲတွေ ဆောင်ရွက်နေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြား ခဲ့သည်။

ရန်ကုန်လိုင်စင်နှင့် ပတ်သက်၍ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလကတည်းက တင်ပြထားခြင်းဖြစ်ပြီး ယခုထပ်မံ၍ တင်ပြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်လိုင်စင် အသုံးပြုနေရ၍ ရန်ကုန်လိုင်စင် ထုတ်ပေးပါက ကိုယ့်နာမည်ပေါက်နှင့် စီးနိုင်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုခဲ့ပါသည်။

"ရန်ကုန်လိုင်စင်ကတော့ ခွင့်ပြုပေးဖို့ ဆက်ပြီးလုပ်မယ်တော့ပြောတယ်။ ဖောက်စွပ်ပြဿနာ လည်းတင်ပြထားတယ်။ ဖောက်စွပ်ပြီးရင် သက်သေခံလက်မှတ်ထုတ်ပေးဖို့ဆိုတာလည်း သူတို့အနေနဲ့ မထုတ်ပြန်နိုင်သေးဘူးဖြစ်နေတယ်" ဟု မော်တော်ယာဉ်ထုတ်လုပ်တင်သွင်းရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာစိုးတွန်းက ပြောပါသည်။

လက်ရှိတွင်မူ ရန်ကုန်လိုင်စင်ရရှိနေသည်မှာ ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းသည့် စလစ်ကပ် စနစ်နှင့် ပြည်တွင်းတွင်တပ်ဆင် ထုတ်လုပ်သော SKD စနစ် ကားများကိုသာ ခွင့်ပြုပေးထားခဲ့ပြီး ရန်ကုန်လိုင်စင်ကားတင်သွင်းခွင့်ပြုခြင်းကို ၂ဝ၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရှိခဲ့ကြောင်းသိရသည်။

Policy

Author