နိုင်ငံတော် Budget ချပေးပါက CCTV ကင်မရာများ ရန်ကုန်တစ်မြို့လုံးတွင် တပ်ဆင်ဆင်နိုင်မည်

0

Full article

![](/redline/content/images/2017/05/gege-3-300x199.jpg)

ရန်ကုန်တိုင်းဒေသကြီးအတွက် နိုင်ငံတော် မှ budgetချပေးပါက Master Plan ရေးဆွဲ၍ နေရာအနှံတွင် CCTV ကင်မရာများ တပ်ဆင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်မြို့နယ် အစီအမံဖြင့်သော်လည်းကောင်း ၊လွှတ်တော်ကိုယ်စားလှယ်၏ အစီအမံဖြင့်သော်လည်းကောင်း ၊ တစ်ခါတစ်ရံတွင် လုပ်ငန်းရှင်များ၏ အကူအညီကို ရယူ၍ လည်းကောင်း အဆင်ပြေသလို တပ်ဆင်နေရသည့်အတွက် တစ်မြို့လုံးချိတ်ဆက်နိုင်ရန် ခက်ခဲနေသည်ဟု နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။ မေလ ၁၅ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်၏ လွှတ်တော်သို့ မေးမြန်းချက်ကို နယ်/လုံဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်း၌ တပ်ဆင်အသုံးပြုမည့် မီးပွိုင့်များမှ CCTV များ၊ နောက်ဖေးလမ်းကြားများနှင့် အခြားသောနေရာများတွင် လုံခြုံရေးအလိုငှာ တပ်ဆင်ထားသော CCTV များ၏ အရည်အသွေး အလုပ်လုပ်ပုံနှင့် အချက်အလက်သိမ်းဆည်းထားသိုပုံစနစ်များ မည်သို့မည်ပုံ ရှိသည်ကို သိရှိလိုကြောင်း ကိုနေဘုန်းလတ်က လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ " နိုင်ငံတော်ကသာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွက် ငွေချပေးလိုက်ရင် Master Plan ချပြီး ကျွန်တော်တို့ လုပ်လို့ရပါတယ်။ သို့သော်လည်းပဲ အခုကကျွန်တော်တို့ မြို့နယ်အစီအမံနဲ့ လုပ်တာရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်အစီအမံနဲ့ လုပ်တာရှိတယ်။ တစ်ခါတစ်ရံမှာ လုပ်ငန်းရှင်တွေရဲ့အကူအညီနဲ့ လုပ်တာရှိတယ်။ အမျိုးအစားတွေ မတူတဲ့အတွက်ကြောင့် ရန်ကုန်တိုင်း တစ်တိုင်းလုံးကလည်း ချိတ်ဆက်ဖို့ ခက်ခဲနေတဲ့ အနေအထားမျိုးတွေ ဖြစ်နေပါတယ် " ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။ Traffic Control Center ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် နက္ခတ်တာရာပြခန်းအနီးတွင် တည်ဆောက်ထားရှိပြီး ရဲတပ်ဖွဲ့ဝင်(၆)ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲမှ တပ်ဖွဲ့ဝင်(၁၂)ဦးနှင့် ကုမ္ပဏီဝန်ထမ်းများက ထိန်းသိမ်းစောင့်ကြည့် တာဝန်ထမ်းဆောင်၍ Control Center ဖြင့် မြောက်ဘက်တွင် ခရေပင်လမ်း၊ အရှေ့ဘက်တွင် သံသုမာလမ်း၊ တောင်ဘက်တွင် ကမ်းနားလမ်းနှင့် အနောက်ဘက်တွင် ကမ်းနားလမ်း-ဘုရင့်နောင်လမ်းတို့ကို စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ " ဇန်နဝါရီလ (၂၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ထွက်ပြေးနေတဲ့ တရားခံတစ်ဦးကို လိုက်လံဖမ်းဆီးရာမှာ နေပြည်တော်မှာရှိတဲ့ နေရာတစ်ခုမှာ အစပျောက်သွားတယ်ဆိုပြီး သတင်းတွေမှာ ဖတ်ရပါတယ်။ အဲဒီမှာတပ်ဆင်ထားတဲ့ CCTVတွေကို စစ်ဆေးဖို့ ကြိုးစားတဲ့အခါမှာလည်း Data Storage က ပြည့်သွားတယ်၊ ပြတ်သွားတယ်ဆိုပြီး ပြောတာကိုလည်း သတင်းတွေထဲမှာ ကျွန်တော်တို့ ဖတ်ရှုလိုက်ရပါတယ်။ ဒီလုပ်ကြံမှု ဖြစ်ခဲ့တာ အခုဆိုရင်(၃)လကျော်ကြာမြင့်ခဲ့ပါပြီ။ အခြားမြို့နယ်တွေမှာ CCTV တွေ တပ်ထားတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ တကယ် လည်း တပ်ထားသင့်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ သို့သော်လည်းပဲ နေပြည်တော်မှာ ဖြစ်သွားသလိုမျိုး အခြားနေရာတွေမှာ ဆက်ဖြစ်မှာကိုလည်း ကျွန်တော်တို့စိတ်ပူပါတယ် " ဟု ကိုနေဘုန်းလတ်က ပြောသည်။

လက်ရှိတပ်ဆင်ထားသည့် CCTV ကင်မရာများကို မြန်မာရွှေအေး ကုမ္ဗဏီနှင့် CRCC ကုမ္ဗဏီတို့က တာဝန်ယူတပ်ဆင်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံလုပ် Haowei & Hikvision အမျိုးအစားဖြစ်ကာ ကင်မရာများ၏ Resolution သည် ၁၉၂ဝ × ၁ဝ၈ဝ နှင့် ၂၄ နာရီ Movies ဖြစ်ကာ One Direction ဖြင့် ပုံမှန်အလုပ်လုပ်ကြောင်း၊ လိုအပ်ပါက Control ပြုလုပ်၍ Direction ကို 360 ဒီဂရီ၊ 180 ဒီဂရီအထိ ကြည့်ရှုနိုင်ပြီး ရာသီဥတုကောင်းချိန်များတွင်ပေ ၂၂ဝ အကွာမှ ယာဉ်နံပါတ်ကို သဲကွဲစွာ ကြည့်ရှုနိုင်ကြောင်း၊ နာရီ ၅ဝဝဝဝ တိုင်အောင် အလုပ်လုပ်နိုင်ပြီး အချက်အလက်များကို Control Center တွင် 5600 Gp အထိ သိုလှောင် သိမ်းဆည်းထားကြောင်း သိရသည်။

ခေတ်သစ်

Photo Credit

Author