Full article

Probox ကားတွေ မီးလောင်တာ သုံးလေးခါလိုလို ဖြစ်လာတော့ ဘာလို့ မီးလောင်တာလဲ၊ ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲလို့ တချို့က မေးကြတယ်။ Probox တွေမှာ မီးသတ်ဆေးဘူးထည့်ရမယ်ဆိုတဲ့ သတင်းတွေတွေ့လာရတယ်။ ကားထဲမှာ မီးသတ်ဆေးဘူးပါတယ်ဆိုတာ ကောင်းတဲ့အလေ့အကျင့်ပါ။ အိမ်၊ ကျောင်း၊ ရုံး၊ ဈေး၊ ခရီးသည်တင်နဲ့ အိမ်စီးကား ဘယ်မှာမဆို ရှိသင့်တဲ့ ပစ္စည်းပါပဲ။![cause-of-cars-fires](/redline/content/images/2013/07/cause-of-cars-fires.jpg)

ဒါပေမဲ့ Probox ထဲ မီးသတ်ဆေးဘူးဆောင်ထားရုံနဲ့တော့ မီးမလောင်ဘူးလို့ ပြောလို့မရပါ။ မီးသတ်ဆေးဘူးဟာ မီးမကြီးခင် ငြိမ်းဖို့သာဖြစ်ပြီး မီးမလောင်အောင်တော့ မကာကွယ်နိုင်ပါဘူး။ မီးလောင်တဲ့အကြောင်းအရင်းကိုသိမှသာ ကာကွယ်နည်းကိုသိမှာပါ။ Probox တွေချည်းပဲဖြစ်နေတော့ Probox မှာ တစ်ခုခုဖြစ်နေတယ်လို့ အလွယ်ကောက်ချက်ချလိုက်လို့ ရတာပေါ့။ မီးလောင်ပြီး အပိုင်းအစ၊ အပျက်အစီးတွေကို Investigate လုပ်မှသာ တကယ့်အကြောင်းအရင်းမှန်ကို သိနိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုမလုပ်ကြတော့ ဝါယာရှော့ ဖြစ်တာပါလို့ အတိအကျစွပ်စွဲလို့ မရဘူးပေါ့။

ကားမီးလောင်မှုဖြစ်နိုင်သည့် အကြောင်းအရင်းများစွာရှိပါသည်။ ကားမှာ ဓါတ်ဆီလို မီးလောင်လွယ်စေတဲ့ အရည် လေး၊ ငါးမျိုးပါတယ်။ မီးလောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေလည်းပါတယ်။ ကားတော်တော်များများမှာ ပါဝင်တဲ့ Hose တွေ၊ Pump တွေက ခုနကပြောတဲ့ မီးလောင်လွယ်တဲ့ အရည်တွေကို ပူနေတဲ့အင်ဂျင်ခန်းကနေ ဖြတ်သန်းသယ်ဆောင်ရတဲ့အခါ အဲဒီ Hose၊ Pump တွေ မကောင်းတော့ရင် ဆီယိုပြီး မီးထတောက်နိုင်ပါတယ်။ အဲဒီအရာတွေကောင်းပေမဲ့ ဆီတိုင်ကီ အဖုံးမလုံတာ၊ လုံအောင်မပိတ်မိတာမျိုးတွေ ကလည်း ဆီတွေက ပူနေတဲ့ အင်ဂျင်အစိတ်အပိုင်းပေါ်ကျပြီး မီးလောင်နိုင်တယ်။ နောက်ပြီး ကားမှာ Electrical Devices တွေလည်း ပါဝင်တဲ့အတွက် အဲဒီကနေလည်း Short Circuits တွေ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ချေနည်းတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုက လေထုညစ်ညမ်းတဲမီးခိုးတွေ၊ ဓါတ်ငွေ့တွေကို အတတ်နိုင်ဆုံးလျော့ချဖို့ ထည့်သွင်းထားတဲ့ Catalytic Converter ကလည်း Overheat(အပူလွန်ကဲမှု)ဖြစ်တတ်ပါတယ်။

အခုရေးလိုက်တဲ့ အကြောင်းအရာတွေဟာ သိသလောက်၊ လေ့လာမိသလောက်ကို ရေးထားတာမို့လို့ ပညာရှင်တစ်ယောက် ရေးသလိုတော့ ပြည့်စုံမှာမဟုတ်ပါဘူး။ Probox တွေဘာလို့မီးလောင်တာလည်းလို့ မေးလာလို့ သိသလောက်ကိုမျဝေပေးတဲ့သဘောပါ။ အခု ရေးထားတာတွေဟာ Probox သက်သက်အတွက်မဟုတ်ပဲ ပြုပြင်ထိန်းသိန်းမှု အားနည်းတဲ့ ကားတိုင်းမှာ ဖြစ်တတ်တဲ့သဘောကို ရေးထားတာပါ။ ဒါဆိုကားတိုင်းမဖြစ်ဘဲ ဘာလို့ Probox တွေချည်းပဲ ဖြစ်နေသလဲ။ ဂျပန်မှာ Fit ၊ Vitz ၊ Swift စတာတွေက အိမ်စီးကားတွေဖြစ်ပြီး Probox တွေက လုပ်ငန်းသုံးကားတွေဖြစ်ပါတယ်။ လေလံမှာ ကီလိုနည်းတဲ့ကားတွေ တွေ့နိုင်သလို ကီလို နှစ်သိန်း၊သုံးသိန်း ခိုင်းထားတဲ့ ကားတွေလည်း ရှိပါတယ်။ အဲဒီလိုအများကြီးခိုင်းထားတဲ့ကားတွေကို ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူပြီး ရန်ကုန်ရောက်တဲ့အခါမှာလည်း Taxi ဆိုပြီးထပ်ခိုင်းပါတယ်။ ငွေနှမြောလို့ရယ်မဟုတ်ဘဲ ဒါတွေကိုစစ်ဆေးသင့်မှန်း မသိထားခဲ့ရင်၊ Workshop ကို စစ်ခိုင်းဖို့ မေ့နေတာမျိုး၊ အချိန်တန်လို့ လဲရမယ့်ပစ္စည်းကို မလဲဘဲထားရင်၊ လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်ရင် အကြောင်းတစ်ခုခုကြောင့် မီးလောင်မှုဖြစ်တဲ့အခါ များစွာ ဆုံးရှုံးနစ်နာရပါတယ်။

ဒါကြောင့် မလိုလားအပ်တဲ့အဖြစ်အပျက်များ မဖြစ်ပွားရအောင် ကားပိုင်ရှင်များအနေဖြင့် သိသင့်သိထိုက်သောအချက်ကလေးများကို စုစည်းတင်ဆက်လိုက်ရကြောင်းပါခင်ဗျာ။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။ By: မယ်သီတာ(အာရှတံခွန်)

Photo Credits to Stevan Sheets

Author