စာသင်ကျောင်းများရှေ့ ယာဉ်နှစ်ထပ်ရပ်နားထားသောကားများကို ကရိန်းကားဖြင့် ဖယ်ရှားရှင်းလင်း အရေးယူမည်

0

Full article

အခြေခံပညာ ကျောင်းများရှေ့တွင် ယာဉ်နှစ်ထပ်ရပ်နားထားသော ကားများကို ၂ဝ၁၅ မော်တော်ယာဉ် ဥပဒေအရ ကရိန်းကားဖြင့်ဆွဲယူဖယ်ရှားရှင်းလင်းပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လာမည့်စာသင်နှစ်မှစတင်ကာ စာသင်ကျောင်းများရှေ့တွင် school bus ကျောင်းကားစနစ်သတ်မှတ်ထားသော ကားများကိုသာ အဓိက ရပ်နားခွင့်ပေးသွားမည်ဖြစ်ရာ ကျောင်းများရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် ယာဉ်ထိန်းတပ်ဖွဲ့များကို အားဖြည့်ထားရှိ၍ ဖယ်ရှားရှင်းလင်းမှုများ၊ စည်ကမ်းမဲ့ရပ်နားထားသော ယာဉ်များကို အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

"စာသင်ကျောင်းရှေ့တွေမှာ ယာဉ်နှစ်ထပ်ရပ်တာတွေကို ထိထိရောက်ရောက် အရေးယူမှုတွေလုပ်သွားမယ်။ အရေးယူတာတော့ ၂ဝ၁၅ မော်တော်ယာဉ် ဥပဒေနဲ့အရေးယူမှာပါ။ ယာဉ်ကြောပိတ်ဆို့ တာတွေ မဖြစ်ဖို့ ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေ ချထားပြီး ကရိန်းကားနဲ့ ဖယ်ရှားရှင်းလင်းတာတွေလည်း လုပ်သွားမှာပါ။ " ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးအရာရှိက ပြောကြားခဲ့သည်။

လာမည့် ၂ဝ၁၉-၂ဝ၂ဝ စာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများတွင် school bus ကျောင်းကားအဖြစ်သတ်မှတ်ထားသည့် ကားများကိုသာပြေးဆွဲရမည်ဖြစ်ရာ အခြေခံပညာစာသင်ကျောင်းများရှေ့တွင် ကျောင်းကားစနစ်သတ်မှတ်ချက်၌ မပါဝင်သည့် ကားများရပ်နားထားခြင်း၊ ကိုယ်ပိုင်ကားနှင့်တက္ကစီများ ရပ်နားထားခြင်းများကို ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားရှိကြောင်းလည်း သိရသည်။

Author