ယာဉ်မှန်/မမှန် စစ်ဆေးရန် online ရက်ချိန်းယူ ပျက်ကွက်သည့်ကားများ ရက်ချိန်းမယူ ၁လ အစား ၂ လ အထိ ရက်ချိန်းယူမရအောင် ပိတ်သိမ်းစာရင်းသွင်းလုပ်ဆောင်သွားမည်

0

Full article

ယာဉ်မှန်/မမှန် စစ်ဆေးရန် online booking ရက်ချိန်းယူထားပြီးသော ခွင့်ပြုအစီးရေပြည့်သွားပါက အမှန်တကယ် ယာဉ်စစ်ဆေးလိုသည့် ယာဉ်ပိုင်ရှင်များထံမှ အခကြေးငွေတောင်းယူ၍ မသမာမှုများပြုလုပ်နေခြင်းကြောင့် ယာဉ်မှန်/မမှန် စစ်ဆေးရန် online ရက်ချိန်းယူ ပျက်ကွက်သော ကားများကို ယခင် ၁ လပိတ်သိမ်းထားရာမှ ၂ လ အထိ ရက်ချိန်းယူ၍မရအောင် ပိတ်သိမ်းစာရင်းသွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ထိုကဲ့သို့ ယာဉ်မှန်/မမှန် စစ်ဆေးဆောင်ရွက်ရန် online booking စနစ်မှ ယာဉ်စစ်ရက်ချိန်းယူသော ယာဉ်များမှာ ၆ဝ ရာခိုင်နှုန်းအထိသာ လုပ်ငန်းများအမှန်တကယ် လာရောက်လုပ်ဆောင်ကြပြီး ၄ဝ ရာခိုင်နှုန်းမှာ အမှန်တစ်ကယ်လုပ်ငန်းလာရောက်ဆောင်ရွက်မှုများမရှိ၍ ယာဉ်မှန်/မမှန် အမှန်တကယ်လုပ်ငန်းဆောင်ရွက်ရန် ရက်ချိန်းယူထားသည့် ယာဉ်များအတွက် အခက်အခဲများဖြစ်ပေါ်နေလျက်ရှိ၍ ၁ လ စာရင်းပိတ်သွင်းပြီးနောက် ထပ်မံယာဉ်စစ်ဆေးရန် ပျက်ကွက်သည့်ကားများကို ပျက်ကွက်ရက်မှ ၂ လအထိ နောက်ထပ် online ရက်ချိန်းယူ၍မရအောင် စာရင်းပိတ်သွင်းမည်ဖြစ်ကြောင်း သိရသည်။

"ယာဉ်မှန်/မမှန် စစ်ဆေးဖို့ online ကနေလျှောက်ပြီး ပျက်ကွက်တဲ့ကားတွေကို ပျက်ကွက်တဲ့ရက်ကနေ ၂ လအတွင်း နောက်ထပ်ရက်ချိန်းယူလို့မရအောင် စာရင်းပိတ်သွားမယ်။ တကယ်ယာဉ်စစ်ဆေးဖို့ online ရက်ချိန်းယူတဲ့ကားတွေ အတွက်အရမ်းအခက်အခဲဖြစ်ကြတယ်။ ရက်ချိန်းယူပြီး တကယ်ယာဉ်မစစ်ဘဲ ယာဉ်စစ်မယ့် ယာဉ်ပိုင်ရှင်တွေကို အခကြေးငွေယူပြီး ရောင်းစားတာတွေလုပ်လာလို့ အခုလိုသတ်မှတ်လိုက်တာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်မှန်/မမှန် စစ်ဆေးရန်အတွက် နေ့စဉ် ယာဉ်မှန်/မမှန် ဆောင်ရွက်ပေးသည့် ကားအစီးရေများပြားလာနေသောကြောင့် လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ယာဉ်စစ်ရက်ချိန်းရယူခြင်းအား www.rtad.gov.mm website တွင် ကြိုတင်စာရင်းသွင်းသည့်စနစ် (online booking စနစ်) ကို သြဂုတ်လ ၂ဝ ရက်မှစတင်၍ လုပ်ငန်းဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

Author