သက်တမ်း ၂ နှစ်ပြည့်၍ ယာဉ်မှတ်ပုံတင်အခငွေများ မပေးသွင်းပါက နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရန် တင်ပြမည်

0

Full article

ကနဦး မှတ်ပုံတင်ထားကာ မူသေအမှတ်ရယူထားသော သက်တမ်း ၂ နှစ်ပြည့်ပြီးကားများ နိုင်ငံတော်သို့ပေးသွင်းရမည့် အခငွေများ မပေးသွင်းဘဲ အသုံးပြုနေပါက နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရန် တင်ပြသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီး ဌာနမှ သိရသည်။မကြာခင်က ကနဦး မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ ၆,ဝဝဝ နီးပါးမှာ မူသေအမှတ်ရယူ၍ ယာဉ်စစ်ဆေးထားပြီး နိုင်ငံတော်ပေးသွင်းရမည့် အခငွေများ မပေးသွင်းဘဲ မော်တော်ယာဉ်များကို ကာလအချိန်ကြာမြင့်စွာ အသုံးပြုနေ၍ မှတ်ပုံတင်အခငွေများပေးသွင်းရန်ကျန်ရှိသည့် ယာဉ်များ ၁ လအတွင်း မှတ်ပုံတင်အခငွေများ မပေးသွင်းပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ ၁၆ ရက်တွင်အသိပေးကြေငြာထားရှိသည်။  " နောက်ပိုင်း နိုင်ငံတော်ကို ပေးသွင်းရမယ့်အခတွေ မပေးသွင်းဘဲ ၂ နှစ်ကြာတဲ့အထိ ထားမယ်ဆိုရင် ကာစတန်တို့လို ဆိပ်ကမ်းမှာရှိတဲ့ကားတွေကို နိုင်ငံပိုင်သိမ်းဆည်းဖို့အတွက် တင်ပြသွားမှာပါ။ အခုဖြစ်နေတဲ့ကားတွေက တမင်သက်သက်အချိန်အကြာကြီး မူသေအမှတ်ရယူပြီး နိုင်ငံတော်ပေးသွင်းရမည့်အခငွေများ မပေးသွင်းဘဲ လုပ်ထားတဲ့ကားတွေအများကြီးတွေ့လာရတယ်။ ဒီကားတွေကို လည်း တစ်လ အထိအချိန်ပေးထားပြီးသားပါ"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၌ ကနဦးမှတ်ပုံတင် ပြုလုပ်ရာတွင် မှတ်ပုံတင်အခငွေပေးသွင်းရန် ဝန်ခံလက်မှတ်ထိုးပြုလုပ်ရပြီး မူသေအမှတ်ရယူသည့်ရက်မှ ၆ လကျော်လွန်သည်အထိ ယာဉ်မှတ်ပုံတင် အခငွေများပေးသွင်းရန်ကျန်ရှိသည့် မော်တော်ယာဉ်များဖြစ်သည့်အတွက် ကြေညာထားသည့်ရက်မှစပြီး ၁ လအတွင်း ငွေသွင်းရန်နှင့် အခငွေပေးသွင်းခြင်းမရှိသောယာဉ်များကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Author