ယာဉ်စီးခပေး ကဒ်စနစ် အသုံးပြုရာတွင် ယာဉ်စီးခ ကောက်ခံနေသည့် မီနီဘတ်စ်ကားများ ပြေးဆွဲခွင့် ကန့်သတ်မည်

0

Full article

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ် လိုင်းများတွင် ယာဉ်စီးခငွေ ပေးချေသည့်ကဒ်စနစ် မကြာခင် တပ်ဆင်အသုံးပြု သွားမည်ဖြစ်ပြီး ယာဉ်နောက်လိုက်မှ ယာဉ်စီးခကောက်ခံနေသောမီနီဘတ်စ်ကားများ ကို ပြေးဆွဲခွင့် ကန့်သတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ ထံကနေ သိရသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ် (၂ဝ/၂ဝ၁၈) ဆုံးဖြတ်ချက် အပိုဒ် ၇၉ အရ Asia starmar Transport intelligent ကုမ္ပဏီအား YPS ကဒ်စနစ်တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ထားရှိရာ ယခုနှစ်အတွင်း ယာဉ်လိုင်းများကို ကဒ်စနစ်တပ်ဆင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

" YBS ကားတွေမှာ ကဒ်စနစ်လုပ်ရင် ယာဉ်နောက်လိုက်နဲ့ ကားခကောက်နေတဲ့ မီနီဘတ်စ် ကားတွေ ပြေးဆွဲတာကို ကန့်သတ်တာတွေတော့လုပ်မှာပါ။ YPS ကဒ်စနစ်က စာချူပ်စာတမ်းတွေနဲ့ ညှိနှိုင်းတာတွေလုပ်ပြီးရင်YBS ကားတွေမှာ ကဒ်စနစ်ကို အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာ ပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆာင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီနီဘတ်စ်တွင် အရှေ့အပေါက်၊ အနောက်အပေါက်မရှိဘဲ အလယ်ပေါက်တစ်ခုထဲရှိ၍ စပယ်ယာပါဝင်ခြင်းဖြစ်ကြောင်း၊ မီနီဘတ်စ်များ လျော့ချပြီး ပပျောက်သွားသည် အထိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂ဝ၁၇ ဒီဇင်ဘာ ၈ရက်ကပြောဆိုထားခဲ့သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ကားများဖြစ်သည့် မီနီဘတ်စ် ကားအစီးရေ ၆ဝဝ နီးပါး ရှိပြီး နောက်ပိုင်းတွင် ထိုကားများကို စည်ပင်သာယာနယ်နိမိတ်ပြင်ပများတွင်သာ ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

Regulation

Author