ကားအရောင်းစင်တာ မှတ်ပုံတင်သက်တမ်း မတိုးထားပါက မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင် ယာဉ်နံပတ်ထုတ်ပေးမည်မဟုတ်

0

Full article

ကားအရောင်းစင်တာများအား မော်တော်ယာဉ်အရောင်းဌာန မှတ်ပုံတင်သက်တမ်းမတိုးထားပါက အရောင်းစင်တာများရှိ ကားများကို ကနဦးမှတ်ပုံတင် ယာဉ်နံပတ်ထုတ်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

ကားအရောင်းစင်တာများသည် ယခု ၂ဝ၁၉ ခုနှစ် ယာဉ်အရောင်းအဝယ်ပြုလုပ်ရန်အတွက် ကား
အရောင်းဌာန မှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်ထားရန်လိုအပ်ပြီး အချို့ကားအရောင်းစင်တာများမှာ ပိတ်သိမ်းထားရှိပြီး သက်တမ်းတိုးပြုလုပ်ရန် ကျန်ရှိနေသေး၍ လက်ကျန် Consignment စနစ်ဖြင့်တင်သွင်းထားသော ကားများကို ကနဦးယာဉ်နံပတ်ထုတ်ပေးမည် မဟုတ်ကြောင်းသိရသည်။

"အရောင်းစင်တာအတွက် ကားရောင်းချဖို့ အရောင်းဌာန မှတ်ပုံတင်သက်တမ်းတိုးထားဖို့လိုပါတယ်။တစ်ချို့က သက်တမ်းကုန်နေပြီး သက်တမ်းထပ်မတိုးကြဘူး။ ကားအရောင်းဌာန မှတ်ပုံတင် သက်တမ်းမတိုးထားဘူးဆိုရင် နံပတ်ယူခွင့်မပြုပါဘူး။ သက်ဆိုင်တဲ့ဝန်ကြီးဌာနမှာ သက်တမ်းတိုးပြီးကြောင်း အထောက်အထားနဲ့ဆိုရင် ခွင့်ပြုပေးပါတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထောက်ကြန့် ကနဦးမှတ်ပုံတင် ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးတွင် ကားအရောင်းစင်တာပေါင်း ၂ဝဝ ကျော်ဖွင့်လှစ်ထားရှိရာ အရောင်းစင်တာများ ၈ဝ နီးပါးပိတ်သိမ်းရန် တင်ပြထားပြီး ယခုနှစ်အတွက် အရောင်းစင်တာများမှ ကားရောင်းချခွင့်အတွက် မှတ်ပုံတင်သက်တမ်းတိုးပြုလုပ်ရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

Author