သင် သိသင့်သော သင့်ကား ပြုပြင်ထိန်းသိမ်းရေးအခြေခံများ

0

Full article

(၁) အတွင်းအပြင်သန့်ရှင်းရေး

ကားအတွင်းအပြင်သန့်ရှင်းရေးကို လစဉ်  ဒါမှမဟုတ် တစ်လခွဲတစ်ခါ၊ နှစ်လတစ်ခါ ကိုယ်အဆင်ပြေသလို အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီး သန့်ရှင်းပေးသင့်ပါတယ်။ အိမ်စီးကားသမားအနေနဲ့ ပိုပြီး ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်၊ ကျနော် စင်္ကာပူက Prime Auto Care Company မှာအလုပ် လုပ်စဉ်တုန်းကဆို BMWAUDIJAGUARMERCEDES BENZ အစရှိတဲ့ တန်ဖိုးကြီးကားတွေ လတော်တော်ကြာ အတွင်းအပြင်သန့်ရှင်းရေးဂရုမစိုက်ဘဲ ပျက်စီးမှ service လာလုပ်တာတွေကြုံရပါတယ်။ အဲဒီတော့မှ သန့်ရှင်းရေးလုပ်တဲ့အတွက် ကားအပြင်ဆေးတွေလည်း နဂိုမူလအတိုင်းပြန်မရနိုင်တော့သလို အတွင်းပိုင်းကားအနံ့အသက် အရောင်အဆင်းတွေလည်း ပျက်စီးနေပြီး အတော်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းရခက်ခဲပါတယ်။ အဖြစ်များတဲ့ ကားအရောင်တွေကတော့ အဖြူရောင်နဲ့ အနက်ရောင်ပါ။

အဖြူရောင်ကားတွေကို သန့်ရှင်းရေးပုံမှန်မလုပ်ဘူးဆိုရင် ကားတွေမှာ အညစ်အကြေးအကွက်တွေဟာ အတွင်းပိုင်းအထိ စွဲဝင်ရောက်သွားပါတယ်။ အဲဒီလိုဖြစ်သွားတယ်ဆို ဘယ်လိုဖယောင်း (wax)၊ ပေါလစ်ဆီ (polish) တွေသုံးသုံး အတွင်းပိုင်း အလွှာအထိဆွဲဝင်သွားတဲ့ အညစ်အကြေးတွေကို အကောင်းအတိုင်းပြန်ဖြစ်နိုင်ဖို့ မလွယ်တော့ပါဘူး။ အဲဒီတော့ ဘာလုပ်ရသလဲဆိုရင် chemical compound တွေအမျိုးမျိုးသုံးပြီး စက်ပေါ်လစ် (rubbing) တိုက်ထုတ်ရပါတယ်။ Rubbing တိုက်တယ်ဆိုတာဟာလည်း ကားဆေးအလွှာအသီးသီးရှိတဲ့အနက်က အပေါ်ဆုံးကြွေအလွှာကနေတစ်ဆင့်ပြီးတစ်ဆင့် ပွတ်စားခြင်းပါပဲ။ ဒါကြောင့် ပျောက်သွားတယ်ဆိုရင်တောင်ကားအပေါ်ယံအလွှာပါးတွေကုန်သွားတာဖြစ်လို့ကြေးတွေ၊ အညှိတွေ အလွယ်တကူပြန်တွယ်ကပ်နိုင်ပြန်ပါတယ်။ ဒါကြောင့် အဖြူရောင်ရယ် အခြားအရောင်နုကားတွေအနေနဲ့ ကြေးတွေအတွင်းပိုင်းထိ မတွယ်မကပ်အောင် ပုံမှန်ဂရုတစိုက်ဆေးကြောပေးသင့်တာပါ။

အနက်ရောင်မှာ အဖြစ်များတာကတော့ (water mark) ဆိုတဲ့ရေကွက်တွေပါ။ အနက်ရောင်ကားတွေကို မိုးရေထဲမှာမောင်းလိုက်မယ်၊ အဲဒီအချိန်မှာ ကားအင်ဂျင်အပူကြောင့် ကားဘောနပ်အဖုံးကလည်းပူနေမယ်၊ မိုးလည်းတိတ်ရောကားပေါ်ကိုသွားကြည့်ရင် ရေကွက် ကွက်ကွက်လေးတွေမြင်ရမှာပါ။ အဲဒါကို water mark လို့ခေါ်ပါတယ်။ အဲဒါတွေကို မသန့်ရှင်းဘဲ လတော်တော်ကြာကြာ ထားလိုက်တယ်ဆို အဲဒီအကွက်တွေက ကားအတွင်းပိုင်းအလွှာအထိ စွဲဝင်သွားပါပြီ။ အဲဒါတွေကိုလည်း အပေါ်ကပြောသလို သာမာန်သန့်ရှင်းလို.မရတော့တဲ့အခါ စက်ပေါ်လစ် (rubbing ) တိုက်ထုတ်ရပါတယ်။ အနက်ရောင်ကားဟာ အဖြူရောင်ကားထက် ပိုဂရုတစိုက်လုပ်ကိုင်ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဖြူရောင်ကားပေါ်မှာ အခြစ်ရာတွေဟာ မမြင်လွယ်ဘဲ အနက်ရောင်ပေါ်မှာ အခြစ်ရာ၊ ပွန်းရာတွေဖြစ်တဲ့အခါ အောက်ခံအရောင်ပေါ်လာတာမလို့ သိသာထင်ရှားပြီး ကားကိုရုပ်ဆိုးစေလို့ပါပဲ။ ရေကွက်တွေကို ဂရုမစိုက်မိလို့ စက်ပေါ်လစ် ခဏခဏတိုက်ရင် ရက်ပိုင်းသာပြောင်စင်ပြီး မကြာမီ စက်ပေါ်လစ်အရာအကွက်ကြီးတွေကားမှာပြန်ပေါ်လာမှာဖြစ်လို့ မဖြစ်ခင်က ကြိုတင်ဂရုစိုက်ပြီးသန့်ရှင်းရေးလုပ်ဆောင်သင့်ပါတယ်။

ချက်ခြင်းဆေးကြောသင့်တာကတော့ (ငှက်ချေးနဲ့ အဲကွန်းကကျတဲ့ရေပါ)၊ ငှက်ချေးမှာ အက်စစ်ဓာတ်ပါဝင်ပြီး၊ အဲကွန်းပိုက်ကကျတဲ့ရေကလည်း ဓာတုပေါင်းခံရေလိုပါပဲ။ ငှက်ချေးနဲ့ အဲကွန်းကကျတဲ့ရေတွေကို ချက်ခြင်းမဆေးကျောဘဲ အချိန်အတော်ကြာအောင် သန့်ရှင်းရေးမလုပ်လို့ ကားဆေးတွေပျက်စီးပြီး တန်ဖိုးကျရတဲ့ကားတွေ မနည်းပါခင်ဗျာ။

အတွင်းပိုင်းအနေနဲ့လည်း ပုံမှန်ဖုံတွေသဲတွေကို ဖုန်စုတ်စက်နဲ့စုပ်ခြင်း၊ အတွင်းမှာ ပေရေနေတာတွေကို အခြောက်လျှော်ဆေးနဲ့ သန့်ရှင်းခြင်းတို့ကို ပြုလုပ်သင့်ပြီး သင့်ကားတန်ဖိုးမကျအောင် ထိန်းသိမ်းထားနိုင်မှာပါ။
စင်္ကာပူမှာတော့ အတွင်းပိုင်းအတွက် nano anti-bacteria system ဆိုပြီး အတွင်းပိုင်းကို အငွေ့မှုတ်စက် (fogging machine) နဲ့ကားကိုအလုံပိတ် ဆေးငွေ့နဲ့ကားအတွင်းပိုင်းက ဗက်တီးရီးယားတွေ၊ ပိုးဟပ်တွေ၊ ခြင်၊ ယင်နဲ့ ဆေးလိပ်နံ့၊ ချဉ်စော်နံ့တွေကို သန့်ရှင်းပေးတဲ့ စနစ်တွေကိုသုံးပြီး ကားအတွင်းပိုင်းတွေကို ထိန်းသိမ်းပါတယ်။ အခု မြန်မာနိုင်ငံက auto service တော်တော်များများမှာလည်း ဒီ အတွင်းခန်း ဘက်တီးရီးယား သန့်စင်တဲ့ ဝန်ဆောင်မှုတွေရနိုင်ပါပြီ။ ကုန်ကျစရိတ်များတဲ့ ဝန်ဆောင်မှုတွေ မလုပ်နိုင်ရင်တောင် ပုံမှန်ကုန်ကျစရိတ်သက်သာတဲ့ သန့်ရှင်းရေးက သင်နဲ့သင့်မိသားစု ကျန်းမာရေးကို အများကြီးပိုမိုကောင်းမွန်စေတဲ့အပြင် သင့်ကားကိုလည်း အစဉ်သစ်လွင်တောက်ပြောင်စေမှာပါ။

(၂) ကားမမောင်းခင် ရေတိုင်ကီကို ရေစစ်တဲ့ အကျင့်လုပ်ပါ

ဒီကနေ့ ကားမောင်းသူတွေတော်တော်များများက အဲဒီအလေ့အကျင့် အတော်လေးကိုနည်းပါးပါတယ်။ ကားနည်းပညာနဲ့ ဝေးကွာတဲ့ လူတွေမပြောနဲ့၊ တက္ကစီမောင်းစားနေတဲ့ ယာဉ်မောင်းသူတွေကိုယ်တိုင် အဲဒီအလေ့အကျင့်မလုပ်လို့ ကားအင်ဂျင်တွေ heat တက်ပျက်စီးရတာတွေ မနည်းလှပါဘူး။ ဟိုတလောလေးကပဲ ကျနော့ဆရာရဲ့ ကားဟက်ပြုပြင်ရေးဆိုင်မှာလာအပ်တော့ ကားဟက်တစ်လုံးဆို ရေတိုင်ကီမှာရေမရှိတာကို မသိဘဲ မောင်းထားခဲ့လို့ ပူလွန်းပြီး  combustion chamber မီးလောင်ခန်းတွေဟာ ခုံးတောင်သွားပါတယ်။ ယာဉ်မောင်းကို ကားရေမရှိတာ မသိဘူးလားမေးကြည့်တော့ ပိုက်ထဲမှာတော့ရေရှိပါသေးတယ်လို့ဖြေပါတယ်။ ရေတိုင်ကီထဲမှာ ရေမရှိတာမသိလို့ ရေမဖြည့်ဘဲမောင်းရင် ကားဟက်တွေကြွပြီး အခြေအနေမလှရင် အင်ဂျင်ချရတဲ့ အထိဆိုးရွားသွားနိုင်ပါတယ်။ သတိမထားလို့ ရေမရှိဘဲ စွတ်မောင်းပြီး ကားအင်ဂျင် heat တွေအရမ်းတက်၊ ထိုးရပ်သွားမှ ဆိုင်ကိုဆွဲ လာပြီးပြုပြင်မယ်ဆို အခုခေတ် ဟက်တစ်လုံးပြုပြင်စရိတ်ကလည်းမသေးပါဘူး၊ မျက်နှာပြင်သမယ်၊ ဘားကွင်းဘားဂိုက်တွေ ပြင်မယ်ဆိုရင်တောင် ဟက်အမျိုးအစား၊ ပျက်စီးမှုအခြေအနေကိုလိုက်ပြီး အနည်းဆုံး ၆ သောင်းခွဲ ၇ သောင်းကနေ ၁ သိန်း ၂ သိန်းအထက်ထိ ကုန်ကျနိုင်ပါတယ်။ ဒါ ပုံမှန်တန်ဖိုးသင့်ကားတွေအတွက်ပဲရှိပါသေးတယ်။ တန်းဖိုးကြီးမော်ဒယ်မြင့်ကားတွေဆို ကုန်ကျစရိတ်ဒီထက်များသွားမှာပါ။ ဒီတော့ရေတိုင်ကီမှာ ရေမရှိရင် ရေဖြည့်ကြပါ။ ကား စတီယာရင်ခွေ ရှေ့မှာရှိတဲ့ သာမိုမီတာလိုပုံလေးနဲ့ temperature warnig သင်္ကေတကိုလည်း သတိထားကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ တချို့ကတော့ ရေတိုင်ကီထဲကို ရေအစား coolant ဆေးရည်ထည့်သုံးစွဲကြပါတယ်။ ဒါကတော့ ပိုစနစ်ကျပြီး အင်ဂျင်တစ်ခုလုံးအတွက်ပိုကောင်းမွန်စေပါတယ်။

(၃) ကား အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေးပါ

ကားအင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ရမယ့် အချိန်ကို ကားအားလုံးအတွက် အတိအကျသတ်မှတ်ပြဋ္ဌာန်းထားတာမျိုးမရှိပါဘူး။ အသုံးပြုတဲ့ အင်ဂျင်ဝိုင်အမျိုးအစား၊ ကားအမျိုးအစား၊ အသုံးပြုတဲ့အင်ဂျင်သက်တမ်း စတာတွေအပေါ်မူတည်ပြီး အင်ဂျင်ဝိုင် လဲလှယ်သင့်တဲ့သက်တမ်းက ပြောင်းလဲသွားတာကြောင့်ပါ။ ယေဘုယျအားဖြင့်တော့ ကီလို ၁ဝဝ,ဝဝဝ ကျော်အောင်မမောင်းရသေးတဲ့ကားတွေမှာကီလို ၅,ဝဝဝ မောင်းပြီးတိုင်းအသစ်လဲလှယ်ပေးသင့်သလို၊ ကီလို ၁ဝဝ,ဝဝဝ ကျော်အောင်မောင်းပြီးသား
ကားတွေမှာတော့ ကီလို ၃,ဝဝဝ၊ ၄,ဝဝဝ မောင်းပြီးတိုင်း အင်ဂျင်ဝိုင်ကို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။

အခုခေတ်အခေါ် အော်တိုဂီယာကားတွေမှာဆို အော်တိုဆီ ATF (Automatic Transmission Fluid) ဆီကိုလည်းလဲလှယ်ပေးရပါမယ်။ အော်တိုဆီကိုတော့ ခရီး ကီလို ၁၅,ဝဝဝ ကနေ ကီလို ၃ဝ,ဝဝဝ လောက်သုံးပြီးတိုင်း အသစ်ပြန်လည် လဲလှယ်ပေးသင့်တာပါ။

ကားအင်ဂျင်ဝိုင် လဲလှယ်တိုင်း အတူတကွလဲလှယ်ပေးရမှာကတော့ ဆီစစ်ဘူးခေါ် (oil filter) ပါ။ဘာကြောင့်လဲဆိုရင် အင်ဂျင်ဝိုင် ပန့်ကနေ တွန်းပို့ပေးလိုက်တဲ့ အင်ဂျင်ဝိုင်တွေဟာ ဆီစစ်ဘူးထဲကို အရင်ရောက်ပါတယ်။ အဲဒီကနေမှ ဓာတုအညစ်အကြေးအပါအဝင် မသန့်ရှင်းတဲ့ အညစ်အကြေးတွေကို ဆီစစ်ဘူးကနေ သန့်ထုတ်ပြီးမှ အင်ဂျင်ထဲကို ပို့ပေးတာမလို့ ဆီစစ်ဘူးကိုလည်း အင်ဂျင်ဝိုင်နဲ့ တပါတည်း လဲလှယ်ပေးသင့်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲက သွေးနဲ့တူတဲ့ ကားရဲ့ အင်ဂျင်ဝိုင်ကို ဘာကြောင့် လဲလှယ်သင့်တယ်၊ သန့်ရှင်းပေးသင့်တယ်ဆိုတာကိုတော့ ကားမောင်းသူတွေကို အထူးရှင်းပြဖို့ မလိုတော့ဘူးထင်ပါတယ်။

(၄) တာယာလေပေါင်တွေကို ဂရုစိုက်ပေးပါ

သင့်ကားတာယာလေပေါင်ကို လတိုင်းသေသေချာချာ ဂရုစိုက်စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် တာယာလေပေါင်မမှန်ဖြစ်ခြင်းကြောင့် သင့်ကား ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာ တိတိကျကျဘရိတ်မမိဘဲ တဖက်ဆွဲသွားတာတွေဖြစ်တတ်လို့ပါပဲ။ နောက်တစ်ချက်က တာယာလေပေါင်မမှန်ဘဲ ကားမောင်းနေရင် ဆီကိုလည်းပိုစားစေပါတယ်။ နောက်တစ်ချက် လေပေါင်မမှန်ခြင်းကြောင့် တာယာကို တစ်ဖက်စားသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင်း မညီခြင်းကြောင့်တာယာတွေစားတတ်သလို လေပေါင်ကိုဂရုမစိုက်လို့ တာယာစားတာမျိုးတွေကိုလည်း ကားတော်တော်များများမှာတွေ့ရတတ်ပါတယ်။ နောက်ပိုင်းတချို့မော်ဒယ်ကားတွေမှာ တာယာလေနည်းတာကို (tyre pressure low) ဆိုတဲ့ တာယာပုံ သင်္ကေတလေးနဲ့ ဒိုင်ခွက်တွေမှာပြတတ်ပါတယ်။ ဒါကိုလည်း ဂရုစိုက်ပြီး ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ တာယာတွေ ပွန်းစားနေတာတွေကိုလည်း ဂရုစိုက်ကြည့်ပြီး အသစ်လဲလှယ်ပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။

(၅) လေစစ် (air filter) တွေကို သန့်ရှင်းရေးလုပ်ပေးပါ

လေစစ် (air filter) ဆိုတာ လူ မှာဆိုရင် လူရဲ့အဆုပ်နဲ့ တူပါတယ်။ ကားအင်ဂျင်ထဲမှာ မီးလောင်ပေါက်ကွဲဖို့ လိုအပ်တဲ့လေတွေကို ထည့်သွင်းရမှာဖြစ်ပြီး အဲဒီလေကို လေစစ်ကနေ စစ်ဆေးပေးရပါတယ်။ အဲဒီလေစစ်ကို မသန့်ရှင်းဘဲ ထားမယ်ဆိုရင် လူမှာအဆုပ်ရောဂါရသလိုမျိုး ကားမှာလည်း အသက်ရှုကြပ်သလို ကားရဲ့အင်ဂျင်လုပ်ဆောင်ချက်တွေကလည်း အများကြီးလျော့ကျသွားမှာပါ။ ကားက လီဗာနင်းပေမယ့်လည်း နင်းသလောက်မဆွဲဘူးဖြစ်နေတယ်ဆိုတာမျိုးတွေဟာလည်း အဲဒီ air filter သန့်ရှင်းမှုမရှိတာမျိုးတွေကနေ အရင်းခံတတ်ပါတယ်။ နောက်ပိုင်း throttle valve လို့ခေါ်တဲ့ လေတံခါးမှာလည်း ကြေးတွေအများကြီးသွားပိတ်ဆို့နိုင်ပါသေးတယ်။ ယေဘုယျအားဖြင့်တော့ ကီလို ၃ဝ,ဝဝဝ လောက်သုံးပြီးတိုင်း လေစစ်တွေကို အသစ်လဲလှယ်ပေးသင့်တယ်လို့ ဆိုကြပါတယ်။

(၆) နေပူထဲမှာ နေ့စဉ်ပါကင်ထိုးတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်

နေပူထဲမှာ နေ့စဉ်ပါကင်ထိုးတာဟာ သင့်ကားရဲ့ အပြင်ပိုင်း ကားဆေးတွေနဲ့ အတွင်းပိုင်းတွေကိုပျက်စီးစေမှာပါ။ နေရောင်မှာပါဝင်တဲ့ (UV rays) တွေဟာ plastic တွေကို အရည်ပျော်နိုင်ပြီး အတွင်းပိုင်း leather တွေကို ပျက်စီးစေမှာပါ။ ဒါကြောင့် နေပူထဲမှာ ကားနေ့စဉ်ပါကင်ထိုးတာမျိုးကို ရှောင်ရှားသင့်ပြီး ပါကင်အခက်အခဲကြောင့် နေ့စဉ် နေပူထဲပါကင်ထိုးရတယ်ဆိုရင်လည်း အကာ (sun shade) ကောင်းကောင်းဝယ်သုံးသင့်ပါတယ်။ နောက်တစ်ချက်က dashboard plastic တွေနဲ့ ထိုင်ခုံ leather တွေကို နေပူဒဏ်ခံနိုင်တဲ့ coating ဆေးတွေဝယ်သုံးပြီး ပျက်ဆီးမှုသက်သာအောင်ကာကွယ်သင့်ပါတယ် ။ တချို့က dashboard ပေါ်မှာ ရှမွိုင်းတွေကာဘာတွေတင်ပြီး နေပူသက်သာအောင် လုပ်ထားတာတွေ့ရပါတယ်။ အဲဒါဟာ လေအိတ် (air bag) ပါတဲ့ကားတွေဆိုရင် ဘယ်လိုမှ ဘေးအန္တရာယ်ကင်းရှင်းရေး safety နဲ့မကိုက်ညီပါဘူး။ ဘာကြောင့်လဲဆိုရင် လေအိတ်ပေါ်မှာတင်ထားတဲ့ ဘုရားဆင်းတုတော်တွေ၊ ကာဘာတွေ၊ အရုပ်တွေ၊ ရေမွှေးပုလင်းတွေ၊ ဘာညာသာရကာတွေဟာ သင်ယာဉ်မတော်တဆဖြစ်ပြီဆိုရင် သင့်ကိုကာကွယ်မယ့်လေအိတ်ရဲ့ လုပ်ငန်းစဉ်တွေကို သွားပြီးအနှောက်အယှက်ပေးမှာမလို့ပါပဲ။ ဒါမှမဟုတ် လေအိတ်ရဲ့ပေါက်ကွဲမှုကသင့်ဆီရောက်လာနိုင်ပါသေးတယ်။ ယာဉ်တိုက်မှုဖြစ်ပေါ်တဲ့အချိန် လေအိတ်ဆိုတာပွင့်ဖို့အတွက် အသေးစားပေါက်ကွဲမှုဖြစ်စဉ်လေးဖြစ်အောင် စီမံထားရတာမျိုးပါ။ ဒါလည်းကြုံလို့ပြောသွားတာပါ။ လေအိတ်အကြောင်းအသေးစိတ်ရေးသားပါဦးမယ်။

(၇) သင့်ကားဘရိတ်ကိုလည်း ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်

ဘရိတ်ရှူး၊ ဘရိတ်ဆီ အစရှိတာတွေကိုလည်း ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်း ဘရိတ်ရှူးတွေမှာ သံချောင်းကလစ်လေးတွေပါလာပြီး ဘရိတ်ပါးလာတယ်ဆိုရင် ဘရိတ်နင်းလိုက်တိုင်း ကလစ်၊ ကလစ်နဲ့ ဒရပ်ပြားနဲ့တိုက်တဲ့အသံကိုပေးမှာဖြစ်ပါတယ်။ အဲဒါကိုလည်း ကားမောင်းရင်း သတိပြုမိဖို့တော့လိုပါတယ်။ ဘရိတ်ဆီနည်း/မနည်းကိုတော့ နောက်ပိုင်းကားတွေမှာ warning sign ပြတဲ့စနစ်တွေပါလာပါပြီ။ ကားတစ်စီးရဲ့ စနစ်မှာအရေးပါလှတဲ့ ဘရိတ် မကောင်းရင် သင့်ကုန်ကျစရိတ်တွေ မထင်မှတ်လောက်တဲ့အထိ မြင့်တက်သွားနိုင်ပြီး၊ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်သည်အထိစိုးရိမ်ရတာမလို့ ဂရုတစိုက်ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။

(၈) ကားဒိုင်ခွက်ပေါ်က warning signs တွေကို သိအောင်လုပ်ထားဖို့လိုပါတယ်

ကားဒိုင်ခွက်ပေါ်က မီးတွေ၊ သင်္ကေတတွေဟာ ဝပ်ရှော့ဆရာတစ်ယောက်တည်းသိဖို့ လုပ်ထားတာမဟုတ်ပါဘူး။ ကားမောင်းသူကို လက်ငင်းချက်ခြင်း သတိပေးတာ၊ တားမြစ်တာတွေလုပ်ထားတဲ့ သင်္ကေတတွေပါ။ အဲဒီသင်္ကေတတွေမှာ အရေးကြီးပြီး ချက်ခြင်းလုပ်ဆောင်ရမယ့် သင်္ကေတတွေ၊ နောက်မှပြုပြင်ယူလို့ရတဲ့ သင်္ကေတတွေဆိုပြီး အမျိုးမျိုးကွဲပြားနေတာမလို့ မိမိကားနဲ့ပတ်သတ်ပြီး ဘာမီးတွေလင်းတတ်တယ်ဆိုတာကို သေသေချာချာသိအောင်လုပ်ဆောင်ထားရပါမယ်။ ဒါမှလည်း တစ်စုံတစ်ရာဆို ပျက်စီးမှုမဖြစ်ခင် ချက်ခြင်းထိန်းသိမ်းလုပ်ဆောင်နိုင်မှာပါ။

ဒီအချက်တွေက သင်ကိုယ်တိုင် ဂရုတစိုက်ပြုပြင်ထိန်းသိမ်းရမယ့်၊ သင်ကိုယ်တိုင်သင့်ကားနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ အခြေခံအချက်တွေပါ။ ကားပြုပြင်ထိန်းသိမ်းတာနဲ့ ပတ်သတ်ပြီး မိမိကား တန်ဖိုးမကျအောင်၊ မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် ဂရုစိုက်ရမယ့် အချက်တွေထဲက လတ်တလော စဉ်းစားမိသလောက်မျှဝေပေးထားတာပါ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ တိုးပွားကြပါစေခင်ဗျာ။

စာရေးသူ – Lynn Za Nee ( P.T.U)

Author