ကညန ခရိုင်ရုံး (အင်းစိန်) တွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ မော်တော်ယာဉ် အာမခံကြေးပေးသွင်းမှုလုပ်ငန်းအား စတင်ဆောင်ရွက်ပေးမည်

0

Full article

မော်တော်ယာဉ်ပိုင်ရှင်များ သူတစ်ပါးထိခိုက်မှု အာမခံကြေးပေးဆောင်ရာတွင် လုပ်ငန်းဆောင်ရွက်ခြင်း အဆင်ပြေမြန်ဆန်မှုရှိစေရန်အတွက် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ကညန ခရိုင်ရုံး (အင်းစိန်) တွင် မော်တော်ယာဉ် အာမခံကြေးပေးသွင်းမှုလုပ်ငန်းအား စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းရုံးမှ သိရသည်။

မော်တော်ယာဉ် ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်းများပြုလုပ်ရာတွင် လုပ်ငန်းအဆင်ပြေချောမွေ့စေရန် အာမခံရုံးများဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြောက်ပိုင်ခရိုင်ရုံး (အင်းစိန်) တွင်လည်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှစတင်ပြီး မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများကိုယ်တိုင် အာမခံရုံးဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

"မော်တော်ယာဉ် သက်တမ်းတိုးလုပ်ငန်းတွေ၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ မော်တော်ယာဉ် အာမခံကြေးပေးသွင်းတာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ကစပြီး ရုံးခန်းဖွင့်လှစ် လုပ်ဆောင်ပေးသွားမှာပါ။ သူတစ်ပါးထိခိုက်မှု အာမခံကြေးပေးသွင်းရတာကို တစ်နေရာတည်းမှာ လုပ်ငန်းအဆင်ပြေစေဖို့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျန်တဲ့ ကညန ရုံးတွေမှာတော့ အာမခံကြေးပေးသွင်းတာတွေ လုပ်ပေးနေပါပြီ။" ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းရုံးမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က "အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) တွင် သက်တမ်းတိုးသော မော်တော်ယာဉ်များအတွက် အာမခံကြေး တစ်ပါတည်းကောက်ခံနိုင်ရေးအတွက် အာမခံကြေးကောက်ယူသည့်ဌာန တွဲဘက်ဖွင့်လှစ်ထားရန် အစီအစဉ် ရှိ/မရှိ မေးမြန်းထားခဲ့ပြီး ယခုဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်းမှ အင်းစိန် ကညန ရုံးတွင် လာရောက်၍ လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Author

Comments