ရန်ကုန်လိုင်စင်အားခွင့်ပြု/မပြု တိကျစွာသတင်းထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ကားတင်သွင်းသူများမှပြောဆိုနေ

0

Full article

ရန်ကုန်လိုင်စင်အား YVQC စနစ်ဖြင့် ခွင့်ပြု/မပြုကို တိကျစွာ သတင်းထုတ်ပြန်ပေးရန် လိုအပ်နေပြီး ခွင့်ပြုပေးရန်ရှိပါကလည်း လုပ်ဆောင်နေသည်များကို ချပြပေးရန် မော်တော်ကားတင်သွင်းသူအများစုက ပြောဆိုနေကြသည်။ ၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်လိုင်စင်အား Yangon Vehicle Quota Certificate (YVQC) လက်မှတ်စနစ်ဖြင့် တန်ဖိုးသတ်မှတ်ရောင်းချသွားမည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကော်ထံ တင်ပြထားရှိခဲ့ရာတွင် မူဝါဒအချက်အလက်များနှင့် ကိုက်ညီမှုမရှိ၍ ခွင့်မပြုခဲ့ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိုကားနှင့်သက်ဆိုင်သောမူဝါဒ အချက်များကို ပြန်လည်ပြင်ဆင်၍ ရှေ့နေချုပ်ရုံးထံ ထပ်မံတင်ပြထားပြီး ရန်ကုန်လိုင်စင်ခွင့်ပြုရန် ကြာမြင့်နေသည့်အတွက် အိမ်စီးကားများနှင့် လုပ်ငန်းသုံးကားများကို နယ်လိုင်စင်ဖြင့်သာ ဝယ်ယူစီးနင်းနေရပြီး brand new ကားသစ်များမှာ စလစ်ဝယ်ယူရန် အခက်အခဲများရှိနေကြကြောင်း သိရသည်။

"အခုက ရန်ကုန်လိုင်စင်ကို စနစ်တစ်ခုနဲ့ ပြန်ပေးမလိုလိုနဲ့ စောင့်နေရတာကြာနေပြီ။ ရန်ကုန်လိုင်စင်ခွင့်ပြုပေးမယ်ဆိုလည်း ခွင့်ပြုမယ်၊ မပြုဘူးဆိုလည်း မပြုဘူး၊ တိတိကျကျ သတင်းထုတ်ပြန်ပေးဖို့လိုတယ်။ ရန်ကုန်လိုင်စင်က ပိတ်ထားတာကလည်း ၃ နှစ်လောက်ရှိနေပြီ။ အိမ်စီးကားတွေရော လုပ်ငန်းသုံးကားတွေပါ ရန်ကုန်လိုင်စင် ပိတ်ထားတဲ့အတွက် နယ်လိုင်စင်ယူပြီး ရန်ကုန်မှာပဲ မောင်းနေကြရတယ်။ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေကလည်း ရန်ကုန်မှာ အခြေချထားတာများတော့ ကားတွေက နယ်လိုင်စင်နဲ့ကားတွေ ပုံနေပြီ။ Brand new ကားရောင်းတဲ့သူတွေကလည်း ရန်ကုန်လိုင်စင် မကျတော့ နှစ် နှစ်ဆယ် အပ်ကားစလစ် ဝယ်ကပ်နေရတယ်။ အခုနောက်ပိုင်း အပ်ကားကလည်း ရှားလာတယ်။ စလစ်ဈေးကလည်း ကားတစ်စီးစာ ဈေးဖြစ်နေပြီ။ ကားဈေးကွက်ကလည်း ရန်ကုန်ကိုအခြေပြုပြီး လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ရန်ကုန်လိုင်စင်ကို အစိုးရအနေနဲ့ နည်းလမ်းတစ်ခုနဲ့ ပြန်ဖွင့်ပေးသင့်တယ်။" ဟု ပြည်ပမှ မော်တော်ကားတင်သွင်းသူ ဦးအောင်နိုင်ဦးက ပြောသည်။

ရန်ကုန်လိုင်စင် YVQC စနစ်အား ပြည်တွင်းတွင်ထုတ်လုပ်သောကားများကို ပိုမိုဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဖေဖေါ်ဝါရီလအတွင်း UMFCCI တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတာ်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

"ရန်ကုန်မှာ traffic ပြဿနာတွေ၊ ကားပါကင် ပြဿာနာတွေကို ထိန်းနိုင်ဖို့အတွက် ယခင်က ကားပါကင်နဲ့ ထုတ်ပေးခဲ့တာမျိုးရှိတယ်။ အခုဒီဘက်နောက်ပိုင်းမှာ YVQC စနစ်နဲ့ ထုတ်ပေးဖို့အတွက် ကြိုးစားနေပါတယ်။ ရန်ကုန်ကားကို quota စနစ်တစ်ခုနဲ့ ကျင့်သုံးဖို့ပဲဖြစ်ပါတယ်။ ဒီလို YVQC စနစ်မှာလည်း ပြည်တွင်းမှာထုတ်လုပ်တဲ့ကားတွေကို ပိုပြီးဦးစားပေးနိုင်ဖို့ ဆောင်ရွက်ပါမယ်။ မော်တော်ကား ကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ပမှကားတင်သွင်းခြင်းထက် လိုအပ်တဲ့ အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်း၌ မော်တော်ကားထုတ်လုပ်မှုအပိုင်းကို ပိုမိုမြင့်တင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားခဲ့သည်။

၂ဝ၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားရှိခဲ့ရာ ယခုဆိုလျင် ရန်ကုန်လိုင်စင်မရရှိသည်မှာ ၃ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး အိုဟောင်းစလစ်ကပ်တင်သွင်းမှုနှင့် ပြည်တွင်းထုတ်ကားများကိုသာ ရန်ကုန်လိုင်စင် ခွင့်ပြုပေးထားကြောင်းသိရသည်။

Author

Comments