သန်ခေါင်စာရင်း မှတ်ပုံတင်အတု ပြုလုပ်၍ ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသောကုမ္ပဏီများအား တရားစွဲ အရေးယူမည်

0

Full article

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားရာတွင် သန်ခေါင်စာရင်း မှတ်ပုံတင်အတုများပြုလုပ်၍ တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသော ကုမ္ပဏီနှင့်ပါဝင်ပတ်သက်သူများအား ဥပဒေနှင့် အညီတရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲ၊ မော်တော်ယာဉ်ပါမစ်ထုတ်ပေးရေးလုပ်ငန်းဌာနစုတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်ဖြင့် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်အတွက် ကာယကံရှင် ကိုယ်တိုင်လာရောက် လျှောက်ထားခြင်းများအားစီစစ်ပြီး အထူးပါမစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

သွင်းကုန်ပါမစ်လျှောက်ထားသူများအား ၎င်းတို့နှင့် သက်ဆိုင်သောနိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) မူရင်းတို့ကိုတိုက်ဆိုင်စစ်ဆေးခဲ့ရာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ၃၁ရက်တွင် လာရောက် လျှောက်ထားသူများအနက်မှ နှစ်စောင်သည် လူအစားထိုးလာရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ ရှိခဲ့ရကြောင်းသိရသည်။

"ကားတင်သွင်းခွင့် လျှောက်ထားလာတာ သန်ခေါင်စာရင်းအတုနဲ့ မှတ်ပုံတင်အတုတွေ လျှောက်ထားလာတာတွေ့ရတယ်။ လဝက ကိုပို့ပြီး စစ်ဆေးတာ အတု တွေတွေ့နေရတယ်။ ဒါတွေကို လာလျှောက်တဲ့သူကော ကုမ္ပဏီ တွေကိုပါ ထိထိရောက်ရောက် အရေးယူသွားမှာပါ"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

ကားတင်သွင်းခွင့်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသော နိုင်ငံသားစိစစ်ရေးကတ် နှစ်ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)တစ်စောင်တို့အား အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီး ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ လျှောက်ထားသူ နှစ်ဦး၏နိုင်ငံသားစိစစ်ရေးကတ်နှစ်ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆)တစ်စောင်တို့မှာ အတုများဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှအတည်ပြုပြန်ကြားလာခဲ့ပါသဖြင့် ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် အထောက်အထားအတုများဖြင့် လူစားထိုးလျှောက်ထားမှုတွင် ပါဝင်ပတ်သက် သူများ၊ပါဝင်ပတ်သက်သည့် ကုမ္ပဏီအားတရားဥပဒေနှင့်အညီ တရားစွဲ အရေးယူသွားမည်ဖြစ်ကြောင်းသိရပါသည်။

Law Enforcement

Author