Full article

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမူဝါဒများ ဖြေလျှော့ပေးခြင်းနှင့်အတူ ပေါများလာသည့် မော်ဒယ်လ်မြင့် မော်တော်ယာဉ်များအတွက် ပထမဆုံးသော မော်တော်ယာဉ်နည်းပညာ ဒီပလိုမာ သင်တန်းကို ရန်ကုန်မြို့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း Glory Career Training Centre (GCTC) သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးမိုးက ပြောကြားသည်။![8994568044_198e5ab5ff](/redline/content/images/2013/10/8994568044_198e5ab5ff.jpg)

သင်တန်းကို ဂျပန်နိုင်ငံ Okayama Institute of Science and Technology(OIST) နှင့် မြန်မာနိုင်ငံရှိ Glory Career Training Centre (GCTC) တို့ပူးပေါင်း၍ ၂ဝ၁၄ ဧပြီလဝန်းကျင်တွင် စတင်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သင်တန်းကျောင်းဖွင့်လှစ်ရန် နှစ်ဖက်အပြန်အလှန် ပညာရေး လဲလှယ်မှုအစီအစဉ် သဘောတူလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာ ၂၃ နေ့က ပြုလုပ်ခဲ့သည်။

သင်တန်းချိန်တစ်နှစ်ကြာမြင့်မည့် အဆိုပါဒီပလိုမာသင်တန်းသည် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် မော်တော်ယာဉ်ပြုပြင်ခြင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများထွက်ပေါ်လာရေးကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ယင်းအပြင် သင်တန်းပြီးဆုံးပါက ဂျပန်နိုင်ငံရှိ OIST ကျောင်းတွင် ဘွဲ့ရသည်အထိ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

သင်တန်းဝင်ခွင့်ကို လူဦးရေ ၂၅ မှ ၅ဝဦးကြား အကြမ်းဖျင်းသတ်မှတ်ထားပြီး သင်တန်းကြေးကို ၂ဝ၁၄ နှစ်ဦးပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Daily မှကူးယူဖော်ပြသည်။

Photo credit by Les Chatfield

Author