Full article

ယခုနှစ်ဦးရက်သတ္တပတ် နှစ်ပတ်တာ ကာလအတွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုပေါင်း ရှစ်ရာကျော်အထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှသတင်းရရှိသည်။![Low-of-Car1](/redline/content/images/2014/01/Low-of-Car1.jpg)

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု လျော့ကျစေရန် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ မြို့တွင်း လမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုများအား ကြေညာချက်များ ထုတ်ပြန်ကာ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်၏ ၁၄ ရက်တာကာလအတွင်း၌ စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်အစီးရေ ရှစ်ရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ အဆိုပါ အရေးယူမှုများတွင် ကရိန်းဖြင့်ဆွဲယူခဲ့သည့် ယာဉ် ၁၈ဝ ကျော်နှင့် ချလန်ဖြတ် အရေးယူခဲ့သည့် ယာဉ် ၆၅ဝ ခန့်အထိ ပါဝင်ကြောင်း သိရသည်။ ယာဉ်ကြောတွေ ရှင်းလင်းဖို့အတွက် အရေးယူ ဆောင်ရွက်တာတွေကို အဖွဲ့လေးဖွဲ့ခွဲပြီး လှည့်လည်စစ်ဆေး ဖမ်းဆီးနေပါတယ်၊ ယာဉ်မောင်းသူတွေနဲ့ လမ်းအသုံးပြုသူတွေ စည်းကမ်းကို စနစ်တကျလိုက်နာမယ်၊ ဖမ်းဆီးဆောင်ရွက်ရတဲ့ အမှုတွေ လျော့နည်းလာမယ်ဆိုရင် တိုင်းပြည် ဂုဏ်တက် စေတာပေါ့ ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ယာဉ်ရပ်နား၍ ဖမ်းဆီး အရေးယူခြင်းခံရပါက ကရိန်းနှင့် ဆွဲယူသည့်ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ပြီး ချလန်ဖြတ်အရေးယူပါက ယာဉ်မောင်းအား ဒဏ်ငွေကျပ် နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကာ ယင်းမှာ စည်ပင်ဥပဒေ ပုဒ်မ ၆၈ အရ ဒဏ်ရိုက်အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို စစ်ဆေးဖမ်းဆီး အရေးယူခြင်းများ စတင်ဆောင်ရွက်ခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်အထိ အမှုပေါင်း ၃,ဝ၅၆ မှု ရှိခဲ့ပြီး ယင်းတွင် ကရိန်းဖြင့် ဖမ်းဆီးအရေးမှု ၆၈၃ မှု၊ ချလန်ဖြတ် အရေးယူမှု ၂,၃၇၃ မှုအထိ ရှိကြောင်း သတင်းရရှိသည်။

Ref: Automobile

Author