ကားပါကင် ထောက်ခံချက်ထုတ်ပေးမှု ရပ်ဆိုင်းမှုအပေါ် ကိုထွဋ်ထိပ် (Distinct Trading Co., Ltd) ရဲ့ အမြင်

0

Full article

မေး – ကားပါကင်ထောက်ခံချက်ထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းအပေါ် ဘယ်လိုမြင်ပါလဲခင်ဗျာ။

ဖြေ – ကားပါကင်ထောက်ခံချက် နေရာမှာ အစားထိုးမယ့် ပေါ်လစီတစ်ခုခု ရှိပြီးမှ ရပ်ဆိုင်းရင်တော့ ပိုအဆင်ပြေတာပေါ့။ အခုကျတော့ ရန်ကုန်လိုင်စင်ပိတ်လိုက်တာနဲ့ အတူတူလောက်ဖြစ်သွားတယ်။ အခုက ဘာမှပြင်ဆင်ချိန်မရတော့ ဆိပ်ကမ်းထဲက ကားတွေ၊ on the way ကားတွေ၊ နိုင်ငံခြားမှာ ဝယ်ပြီးသားကားတွေအတွက်လည်း စဉ်းစားပေးသင့်တယ်။

မေး – အချိန်ကြာကြာအထိ ရပ်ဆိုင်းထားမယ်ဆိုရင် ကားလောကအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုများ ရှိနိုင်ပါလဲခင်ဗျာ။

ဖြေ – အဲ့အခါကျရင်တော့ ရန်ကုန်လိုင်စင်ကားတွေ အနည်းနဲ့အများ ဈေးတက်သွားနိုင်တယ်။ မဖြစ်မနေ ကားအသစ်လိုချင်တဲ့သူတွေကျတော့ နယ်လိုင်စင်တွေနဲ့ စီးကြရတော့မှာပေါ့။

မေး – ကားပါကင်ထောက်ခံချက်ဟာ ကားတင်သွင်းရောင်းချမှုများအတွက် ဘယ်လိုအခက်အခဲတွေရှိခဲ့ပြီး ယာဉ်ကြောကြပ်တည်းမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်ခဲ့ပါလားခင်ဗျာ။

ဖြေ – အဲ့ဒီအကြောင်းကို ခဏခဏ ပြောဖူးပါတယ်။ ပါကင်ထောက်ခံချက် လျှောက်လို့ ပြန်ကျ၊ မကျဆိုတာ မသိရဘူး။ ဘယ်လောက်ကြာမယ်ဆိုတာလည်း အတိအကျ မရှိဘူး။ ဒီတော့ အချိန်ကုန်တယ်၊ အလုပ်ရှုပ်တယ်။ တဆင့် ပြန်ဝယ်ရတဲ့အခါ ငွေပိုကုန်တယ်။ ကိုယ့်ဆီမှာ ပါကင်နေရာအမှန်တကယ်ရှိနေပါလျက်နဲ့ လျှောက်တဲ့အခါ ကျချင်မှလည်း ကျတာ။ တချို့ဆို ကားက ဆိပ်ကမ်းရောက်နေပြီ၊ ကိုယ်လျှောက်ထားတဲ့ ပါကင်ထောက်ခံချက်က ကျမလာဘူး၊ ဒီတော့ သူများနာမည်နဲ့ တဆင့်ဝယ်လိုက်ရတယ်။ အဲ့ဒီတော့မှ ကိုယ့်ပါကင်ထောက်ခံချက်က ကျလာတော့ အလကားဖြစ်သွားရော။ ငွေကုန်၊ အချိန်ကုန်၊ လူပန်းတာပဲ အဖတ်တင်တယ်။ ရန်ကုန်မှာ ကားလျော့သွားလားဆိုတော့လည်း သိပ်မထူးပါဘူး။ ပြည်သူသာ ငွေကုန်ပြီး နိုင်ငံတော်အနေနဲ့လည်း ဘာမှမရဘူး။ ဒီတော့ ပါကင်ဖိုးကုန်မယ့်ငွေကိုသာ အစိုးရဆီ တရားဝင် ပေးသွင်းလိုက်တာမှ လမ်း၊ တံတားတွေ၊ infrastructure တွေအတွက် အသုံးပြုလိုက်မယ်ဆို ပိုအကျိုးရှိဦးမယ်။ အခုကျတော့ ကုန်ရကျိုးမနပ်ဘူး။ ရန်ကုန်လိုင်စင်လိုချင်တဲ့သူကတော့ ငွေကုန်ခံပြီး ရန်ကုန်လိုင်စင်ပဲ ရအောင်လျှောက်မှာပဲ။ ဒီတော့ ဒီစနစ်ကြောင့် ယာဉ်ကြောရှင်းသွားတယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် အနည်းအကျဉ်းတော့ နယ်လိုင်စင်ယူလိုက်တဲ့ ကားတွေတော့ ရှိမှာပေါ့။ အဲ့လောက်ပါပဲ။

မေး – အကယ်၍ ကားပါကင်ထောက်ခံချက်ကို ပယ်ဖျက်ပြီး ပြည်သူများအတွက် အဆင်အပြေနိုင်ဆုံး နည်းလမ်းအသစ်များကို အသုံးပြုသွားမယ်ဆိုလျှင် ဘယ်လိုအစီအစဉ်များ ဖြစ်လာနိုင်ချေရှိပါလဲခင်ဗျာ။

ဖြေ – ရန်ကုန်လိုင်စင်အတွက်ဆိုရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ငွေဘယ်လောက် တရားဝင်ပေးသွင်းရမယ်ဆိုတာမျိုး လုပ်လည်းရတယ်။ ငွေကုန်မှာချင်းအတူတူ အလုပ်မရှုပ်ဘူး၊ စိတ်မဆင်းရဲကြရတော့ဘူးပေါ့။ အဲဒီငွေကိုလည်း အကျိုးရှိရှိ အသုံးပြုလို့ရသွားတာပေါ့။ နောက်ထပ်စနစ်တွေလည်း ရှိဦးမှာပါ။ အဓိကကတော့ ဘယ်စနစ်၊ ဘယ်ပုံစံကိုသုံးသုံး ကြိုကြိုတင်တင် ပွင့်လင်းမြင်သာဖို့နဲ့ ရေရှည်တည်တံ့ဖို့တော့ လိုမယ်ထင်တယ်။

မေး – အခြားတိုင်းပြည်များတွင် ယခုလို ကားပါကင်ထောက်ခံချက်လိုမျိုး ရှိပါသလားခင်ဗျာ။

ဖြေ – နိုင်ငံတကာနဲ့ယှဉ်ရင် ကိုယ်တွေတိုင်းပြည်မှာ ကားအရေအတွက် အရမ်းနည်းနေပါသေးတယ်။ မကန့်သတ်သင့်ပါဘူး။ လွတ်လွတ်လပ်လပ် စီးကြပါစေဗျာ။ ရန်ကုန်ကတော့ ကားအရမ်းပိတ်တာမို့ ခြွင်းချက်ပေါ့။

မေး – ယခုလက်ရှိ ပေါ်လစီများအတိုင်းဆိုလျှင် ၂ဝ၁၆ ခုနှစ်အတွက် ပြည်တွင်းမော်တော်ယာဉ် အရောင်းအဝယ်ဈေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါသလဲခင်ဗျာ။

ဖြေ – လက်ရှိပေါ်လစီကိုက ဘယ်လိုမှန်း အတိအကျမသိသေးတော့ ဈေးကွက်အလားအလာ မှန်းဖို့ စောနေပါသေးတယ်။ သေချာတာက ပေါ်လစီတွေ တင်းကြပ်လေလေ ကားဈေးက တက်လေလေပါ။ ကားဈေးတက်တော့ ပြည်သူအများရဲ့ ကိုယ်ပိုင်ကားစီးချင်တဲ့ အိပ်မက်လေးတွေနဲ့က ဝေးလေလေတော့ဖြစ်နေမှာပါ။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ လက်တလော အနေအခြေအရ ပြည်သူတွေ ကိုယ်ပိုင်ကား စီးနိုင်ကြဖို့ထက် တခြားအရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး စတာတွေ ရှိနေသေးတာမို့ ဖိအားတစ်ခုအနေနဲ့ ဘာမှ မတောင်းဆိုလိုပါဘူး။ အစိုးရသစ်လက်ထက်မှာ Public transportation ကို အဓိကထား အားပေးသွားမှာတော့ သေချာပါတယ်။ ဆိုးဆိုးရွားရွား ပေါ်လစီမဟုတ်ဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှအခြေအနေအပေါ်မှာ လက်ခံသွားမှာပါ။

ယခုလို မေးခွန်းများကို စိတ်ရှည်လက်ရှည်ဖြေကြားပေးသွားပါသော ကို Htut Htake ကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

Author