ယာဉ်အရောင်းအဝယ်ပြုလုပ်မှုတွင် ယာဉ်ပိုင်ရှင် အမည်ပေါက်ပြောင်းလဲ၍ နေရပ်လိပ်စာမှန်ကန်ရေး လုပ်ဆောင်သွားမည်

0

Full article

မော်တော်ယာဉ်ဥပဒေအသစ်အရ ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် ယာဉ်လက်ဝယ်ပိုင်ရှင်ရှိသူ၏ အမည်ပေါက်ပြောင်းလဲခြင်း နေရပ်လိပ်စာမှန်ကန်ခြင်းများအား ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

 ယာဉ်အမည်ပေါက်ပြောင်းလဲလုပ်ဆောင်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂ဝ၁၅ အခွန်ကောက်ဥအဒေအရ [ကျပ်သိန်း ၁ဝဝ တန်ကား](https://www.carsdb.com/en/used?nR[price_in_lakh][%3C=][0]=100&nR[price_in_lakh][%3E=][0]=100) တစ်စီးကို ၃ ရာခိုင်နှုန်း အခွန်ကောက်ခံခဲ့ပြီး အမည်ပြောင်းလဲခွင့်ပေးခဲ့သော်လည်း ၂ဝ၁၆ ခုနှစ်ကနေစကာ ကျပ်သိန်း ၁ဝဝ တန်ကားတစ်စီးကို [၁၅ ရာခိုင်နှုန်း အခွန်](https://www.carsdb.com/en/pages/car-price-calculator)ကောက်ခံနေ၍ အမည်ပြောင်းလာရောက်လုပ်ဆောင်မှုနည်းပါးလျက်ရှိကြောင်း သိရသည်။

"အသစ်ထုတ်ပြန်မယ့် မော်တော်ယာဉ်ဥပဒသစ်မှာ ယာဉ်လက်ဝယ်ပိုင်ဆိုင်မယ်ဆိုရင် နေရပ် လိပ်စာအမှန်ဖြစ်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိတယ်။ ယာဉ်အရောင်းအဝယ်ပြုလုပ်တဲ့စာချူပ်ချူပ်ပြီးပြီဆိုရင် အချိန်တစ်ခုပြီးတာနဲ့ ပိုင်ရှင်အမည်ပေါက်ပြောင်းရမယ်။ နေရပ်လိပ်စာ တစ်ခုကနေတစ်ခုပြောင်းလဲမယ်ဆိုရင်လည်း သက်ဆိုင်ရာပြည်တွင်းအခွန်ရုံးကို လာရောက် အကြောင်းကြားပြီး လိပ်စာပြောင်းပြုလုပ်တာကို လုပ်ဆောင်သွားဖို့ ရှိတယ်။ "ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်အား အမည်နေရပ်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရန်နှင့် အမည်ပေါက်သူတွင်သာ တာဝန်ရှိကြောင်း၊ မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာ ဖြစ်ကြောင်း ဖော်ပြအသိပေးထားပြီးဖြစ်၍ ယာဉ်ပိုင်ရှင်မှန်ကန်စေရေးနှင့် နေရပ်လိပ်စာမှန်ကန်စေရေးအတွက် ယာဉ်မှတ်ပုံတင်ထားသူတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူရပြီး ယာဉ်လက်ဝယ်ပိုင်ဆိုင်သူသည်လည်း ယာဉ်မှတ်ပုံတင် အမည်ပေါက်သူအဖြစ် ဆောင်ရွက်ရန်တာဝန်ရှိသူ ဖြစ်ပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများမှ အမည်ပြောင်းလဲလိုပါက ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်စေပြီး ၄င်းဌာနမှထုတ်ပေးသည့် အခွန်ပုံစံ(၁)မူရင်းပါရှိလျှင် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများအနေဖြင့် အမည်မပြောင်းရခြင်း အကြောင်းရင်းမှာ အခွန်ပေးဆောင်ရန် ငွေကြေးအခက်အခဲများ ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ထားသူအမည်၊ အမည်ပြောင်းလဲ၍ မှတ်ပုံတင်ထား သူများအား computerized system ဖြင့် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားပါကြောင်း၊ ရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှလည်း မိမိရပ်ကွက်၊ မြို့နယ်အတွင်းရှိ နေအိမ်များတွင် ပိုင်ဆိုင်သောယာဉ်များ၏ စာရင်းများကို မှတ်တမ်းကောက်ယူထားရှိပါကလည်း ယာဉ်လက်ဝယ်ရှိသူပိုင်ရှင်များအား အနီးစပ်ဆုံးသိရှိနိုင်မည်ဖြစ်ပါကြောင်း" ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားရှိခဲ့သည်။

Regulation

Author