Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week

  • တိုက်ခန်းဝယ်လျှင် လမ်ဘော်ဂနီ ကားသစ်တစ်စီး လက်ဆောင်ပေးရန် ဒူဘိုင်းကုမ္ပဏီတစ်ခု စီစဉ်
  • အသစ် ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ ၂ဝဝ၉ မိုဒယ်နှင့် အထက်သာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရ ညွှန်ကြား
  • 4G/9999 ကို ကျပ်သိန်း(၄ဝ)ဖြင့်ကြိုတင်ဝယ်ယူထား
  • ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြန်လည် ပြင်ဆင်မည်
  • ယာဉ်ထိန်းရဲများ နံပါတ်တုတ် ကိုင်ဆောင်တော့မည်
  • CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက စလစ်ကပ်ပြီး တင်သွင်းသင့်
  • ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် စည်ပင်နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့် အချိန် တစ်လ ထပ်မံတိုးမြှင့်
  • မြန်မာမီနီဆလွန်းကို သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည်
  • သီလဝါထုတ် ဆူဇူကီး မော်တော်ယာဉ်များ ပြည်ပသို့ တင်ပို့မည်
  • တစ်နှစ် အကြာ ဆိပ်ကမ်းမှ မထုတ်ရသေးသော ကား (၄ဝဝ)ရှိ
  • *DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်

တိုက်ခန်းဝယ်လျှင် လမ်ဘော်ဂနီ ကားသစ်တစ်စီး လက်ဆောင်ပေးရန် ဒူဘိုင်းကုမ္ပဏီတစ်ခု စီစဉ်

ရေနံပေါကြွယ်ဝလှသည့် အာရပ်စော်ဘွားပြည်ထောင်စု(ယူအေအီး)မှ အိမ်၊ ခြံ၊ မြေ ကုမ္ပဏီတစ်ခုသည် ၎င်းင်းတို့ ဆောက်လုပ်ထားသော အဆင့်မြင့် ဇိမ်ခံမိုးမျှော်တိုက်ခန်း တစ်ခန်း ဝယ်ယူသူတိုင်းကို ဒေါ်လာ သိန်းကျော်တန် တန်ဖိုးကြီး လမ်ဘော်ဂနီပြိုင်ကားတစ်စီး လက်ဆောင်ပေးရန် စီစဉ်ထားကြောင်း 'ယူအေအီး သတင်းဌာနများ' က ဇန်နဝါရီ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ယူအေအီးနိုင်ငံတွင်သာမက အရှေ့အလယ်ပိုင်း ဒေသတွင်ပါ အကြီးဆုံး ဇိမ်ခံအိမ်ရာများ ဆောက်လုပ်သည့် Damac Maison ကုမ္ပဏီသည် Dubai Mall Street လမ်းမပေါ် ဆောက်လုပ်ထားသော ဇိမ်ခံတိုက်ခန်းတစ်ခန်း ဝယ်ယူသူတိုင်းကို အခန်းတန် ဖိုးအလိုက် တန်ဖိုးကြီးကားများ လက်ဆောင်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

Damac Maison ကုမ္ပဏီ သည် ဇန်နဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပပြုလုပ်နေသည့် ဒူဘိုင်း ဈေးရောင်းပွဲတော် ကာလအတွင်း တန်ဖိုးအကြီးဆုံး တိုက်ခန်းတစ်ခန်း ဝယ်ယူသူကို ဒေါ်လာ လေးသိန်းအထိတန်သော ၂ဝ၁၄ မိုဒယ် Lamborghini Aventador ပြိုင်ကားတစ်စီး မေတ္တာ လက်ဆောင်ပေးမည်ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောခဲ့သည်။ အခြားအခန်းများ ဝယ်ယူသူများအတွက်လည်း တိုက်ခန်းတန်ဖိုးအပေါ် မူတည်ကာ BMW ၊ သို့မဟုတ် Mini ကားသစ်များ လက်ဆောင်ပေးမည်ဟု မက်လုံးပေးထားသည်။ တန်ဖိုးကြီးကားများ လက်ဆောင်ပေးမည်ဟု ကမ်းလှမ်းခြင်းမှာ Damac Maison အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ယမန်နှစ်ကလည်း တိုက်ခန်း ဝယ်ယူသူများကိုAudi R8s ၊ A8 ၊ A6s ၊ A4 စသည့် ဇိမ်ခံကားများကို ပေးခဲ့ဖူးသည်။ Damac Maison ကုမ္ပဏီမှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ မစ္စတာ နီရယ်မက် လောက်လင်းက "ဒူဘိုင်း ဈေးရောင်းပွဲတော် ကာလအတွင်း Damac အိမ်၊ ခြံ၊ မြေ လုပ်ငန်းစုကပေးမယ့် လက်ဆောင်တွေဟာ အမြဲတမ်း မြင့်မားနေပါလိမ့်မယ်၊ ဒီနှစ် ဈေးရောင်းပွဲတော်မှာလည်း ကုမ္ပဏီအတွက် အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့သည်။

Ref: Automibile

အသစ် ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ ၂ဝဝ၉ မိုဒယ်နှင့် အထက်သာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရ ညွှန်ကြား

ရန်ကုန်မြို့တော်အတွင်း ခရီးသည် တင်ယာဉ်များအဖြစ် ပြေးဆွဲရန် စီး တီးဘတ်စ်များ အသစ် ထပ်မံတင် သွင်းရာ၌ ၂ဝဝ၉ မိုဒယ်နှင့်အထက် ယာဉ်များသာ တင်သွင်းရမည်ဟု တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြား မှုပြုလုပ်ထားကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ'မှ သတင်းရရှိသည်။

လက်ရှိ ပြည်တွင်း၌ ၂ဝဝ၄ မိုဒယ်အမျိုးအစား ခရီးသည်တင် ယာဉ်အများစုသာ အသုံးပြုလျက်ရှိပြီး ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်များကို အဆင့်မြှင့်တင်လိုသောကြောင့် ယင်းကဲ့သို့ သတ်မှတ်ချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ခရီးသည်တင်ယာဉ်တွေကို အရင်က ကြိုက်တဲ့မိုဒယ် သွင်းခွင့် ရှိတယ်ဆိုပြီး ခွင့်ပြုထားပေမဲ့ ဒီနှစ်ကစပြီး အသစ်သွင်းမယ့် ခရီးသည်တင်ယာဉ်တွေကို ၂ဝဝ၉ မိုဒယ် အနိမ့်ဆုံးထားပြီး တင်သွင်းရမယ်လို့ ညွှန်ကြားထားတယ်၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ကတော့ လတ်တလော မှာထားတဲ့ယာဉ်တွေကို ဆက်သွင်းခွင့်ပြုမယ်၊ အသစ်သွင်းမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ မိုဒယ်ပဲ တင်သွင်းခွင့် ပြုတော့မှာပါဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ပြည်တွင်း၌ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်သည့်စနစ်ကို ပြောင်းလဲခဲ့ပြီး ခရီးသည်တင်ယာဉ် စစ်ကျန်ဘတ်စ်များ နေရာတွင် ပြည်ပခရီးသည်တင်ယာဉ် စီးတီးဘတ်စ်များ အစားထိုး တင်သွင်းပြေးဆွဲခဲ့ကြကာ ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက်မိုဒယ်များဖြင့် တင်သွင်းပြေးဆွဲခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

Ref: Automobile

4G/9999 ကို ကျပ်သိန်း(၄ဝ)ဖြင့်ကြိုတင်ဝယ်ယူထား

နိုင်ငံတော်ဘဏ္ဍာကို တိုးတတ်စေရန်အတွက် မော်တော်ယာဉ်ရောက်ရှိနံပါတ်များတွင် နံပါတ်လှနှင့် နံပါတ်ပူးများကို ပိုင်ရှင်စိတ်ကြိုက်ဝယ်ယူမှုများကို ခွင့်ပြုလျှက်ရှိရာ ယခုအခါတွင် (4G/9999) ယာဉ် နံပါတ်ကို ကျပ်ငွေသိန်း (၄ဝ) နှင့် (4G/8888) ကိုလည်း (၃၈) သိန်းဖြင့်ကြိုတင်ဝယ်ယူမှုရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန မှ သိရှိရသည်။ ဤကဲ့သို့ (4G/9999) နံပါတ်ကိုဝယ်ယူစဉ်တွင် မော်တော်ယာဉ်များ၏ ရောက်ရှိနံပါတ်မှာ (3G) နံပါတ်စဉ် တွင်သာရှိသေးပြီး ကြိုတင်ဝယ်ယူခြင်းဖြစ်ကြောင်းသိရှိရသည်။အဆိုပါ ကြိုတင်ဝယ်ယူခြင်း နှင့်ပတ်သတ်၍ ယာဉ်ပိုင်ရှင်များ အနေဖြင့် ရောက်ရှိနံပါတ်စဉ်အက္ခရာထက် (၂) ခုကို ကြိုတင်ယူမှုပြုနိုင်ကြောင်း က.ည.န (မြင်သာ) မှတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ယခင်ကလည်း (1G/4444) ကိုလည်း ကျပ်သိန်း (၃ဝ) ဖြင့်အများဆုံးပေး ဝယ်ယူခဲ့ကြောင်းလည်း သိရှိရပါသည်။ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေး ညွှန်ကြားရေးဦးစီးဌာနသည် ကနဦးမူသေနံပါတ်များကို ထုတ်ပေးလျှက်ရှိပြီး မိမိနှစ်သက်သည့် နံပါတ်ကိုဝယ်ယူလာပါကလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

ယာဉ်ထိန်းရဲများ နံပါတ်တုတ် ကိုင်ဆောင်တော့မည်

ယာဉ်ထိန်းရဲများ တာဝန် ထမ်း ဆောင်နေစဉ် ရန်ပြုခြင်း၊ ဆဲဆို ခြင်း များ ရှိလာသောကြောင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့်နံပါတ်တုတ် များ ကိုင်ဆောင်မည်ဟုရန်ကုန်တိုင်း အမှတ်(၂) ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။ မီးနီကို ဖြတ်မမောင်းနဲ့ ဆိုရင် ဖြတ်မောင်းတယ်။ဖြတ်မောင်းလို့ ချလန်ဖြတ်တော့ ယာဉ်ထိန်းရဲကို ပြန်ဆဲတယ်။ တချို့ဆို ကတ်ကြေးနဲ့ ထိုးတာ၊တုတ်နဲ့ ရိုက်တာတွေရှိတယ်။ ဒါ ဟာ ရှက်စရာ ကောင်းပါတယ်။ဒါကြောင့် အခုဆိုရင် ယာဉ်ထိန်းရဲတွေ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့နံပါတ် တုတ်တွေဆောင်ထားမှာဖြစ်ပါတယ်။ ဒါဟာ လမ်းအသုံးပြုသူ နဲ့ ပြည်သူကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ကာကွယ် ဖို့ ဖြစ်တယ် ဟုရဲမှူးက ပြောသည်။ နောက်ပိုင်းတွင် လိုအပ်ပါက သေနတ် ကိုင်ဆောင်သည်အထိ ဖြစ်လာနိုင်သည်ဟုလည်း ဆက်လက်ပြော ဆိုခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် တွင် ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ဆိုင်ကယ်မှ လူကိုတိုက်မိမှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် တိမ်းမှောက်မှု ၄၅ မှု၊ ဆိုင်ကယ်နှင့်ယာဉ် တိုက်မှု ၄၂ မှု၊ ဆိုင်ကယ်မှ စက်ဘီးကိုတိုက်မှု ၃၄ မှု၊ ဆိုင်ကယ်မှအရာဝတ္ထုကိုတိုက် မိမှု ၁၇ မှု၊ ဆိုင်ကယ်ပေါ်မှ လူပြုတ်ကျမှု ၁၃ မှု၊ ဆိုင်ကယ်မှ ဆိုက်ကားကို တိုက်မိမှု ၉ မှုရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး ၃၁ မြို့နယ်တွင် ဆိုင်ကယ်အပိုပစ္စည်း မရောင်းချရန် ဆိုင်များကို မေတ္တာရပ်ခံ ထားသည်ဟု ဆိုသည်။

Ref: Auto World

၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပြန်လည် ပြင်ဆင်မည်

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိသူများအား ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် အရေး ယူနိုင်သော်လည်း အဆိုပါ ပြဋ္ဌာန်းအတည်ပြုထားသည့် ဥပဒေတွင် မပါဝင်သေးသည့် အကြောင်းအရာ ပြစ်ဒဏ်များတွင် ငွေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ရာတွင် ဥပဒေအရ ကျပ် ၁၅ဝဝ သာ ပေးဆောင်နေရခြင်း များတွေ့ရှိနေရသောကြောင့် ဥပဒေကို ပြင်ဆင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၁၈၈ ၊ ဇယား (၂) ပုဒ်မခွဲ ၆ (ခ) အရ ဥပဒေပြဋ္ဌာန်းနိုင်ရေး အကြံပြုတင်ပြရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးထံ ညွှန်ကြားစာကို ဒီဇင်ဘာ ၁ဝ ရက် က ပို့ထားကြောင်း တိုင်းဒေသကြီး အစိုးရဖွဲ့ထံမှ သိရသည်။

Ref: Car Info(Facebook)

CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက စလစ်ကပ်ပြီး တင်သွင်းသင့်

CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက တစ်ဦးချင်းပါမစ်ထက် စလစ်ကပ်ပြီး တင်သွင်းသင့်ကြောင်း မော်တော်ယာဉ်တင်သွင်းသူများက အကြံပြုခဲ့သည်။ CIF တန်ဖိုးအသစ်၌ ယာဉ်အို၊ ယာဉ်ဟောင်း ပါမစ်ဖြင့် တင်သွင်းရသည့် ၂ဝဝ၈ မိုဒယ်နှင့် တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်း ရသည့် ၂ဝဝ၉ မိုဒယ်ကြားတွင် Mark X နှင့် Land Cruiser အပါအဝင် Grade ကွာခြားမှုမရှိသော ကားအချို့ကို တင်သွင်းပါက အခွန်သက်သာကြောင်း ကားတင်သွင်းသူများက သုံးသပ်ခဲ့သည်။ CIF တန်ဖိုးအသစ်မှာ ၂ဝဝ၈ မိုဒယ်ကားတွေကို တန်ဖိုး လျှော့တိုင်းလည်း သွင်းလို့ မကိုက်ပါဘူး၊ စလစ်တန်ဖိုးက သိန်း ကိုးဆယ်လောက်ရှိတဲ့အတွက် ပြန်ပြီးချိန်ရတဲ့ အနေအထားမှာ ရှိပါတယ်၊ Land Cruiser လိုကားမျိုးကတော့ ၂ဝဝ၈ မိုဒယ်သွင်းရင် ကိုက်ပါတယ်၊ Land Cruiser ကို ကားဟောင်းစလစ်နဲ့ သွင်းရင်ကညနခွန် ၆ဝ ရာခိုင်နှုန်း သက်သာတဲ့အတွက် စလစ် ထက်ပိုပြီး တန်ဖိုးရှိပါတယ်၊ ဥပမာ ဒေါ်လာငါးသောင်းကို အခွန် ၆ဝ ရာခိုင်နှုန်း သက်သာမယ်ဆိုရင် သိန်းသုံးရာလောက် နည်းသွားမှာ ဖြစ်ပါတယ်၊ စလစ်တန်ဖိုးက သိန်းတစ်ရာလောက်ပဲ ရှိတဲ့အတွက် သိန်းနှစ်ရာလောက် သက်သာသွားမှာ ဖြစ်ပါတယ်ဟု 'Distinct Trading' မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာကြည်က သုံးသပ်ပြောကြားခဲ့သည်။

Ref: Automobile

ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် စည်ပင်နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့် အချိန် တစ်လ ထပ်မံတိုးမြှင့်

ဟိုင်းလပ် ယာဉ်လုပ်သားများ တောင်းဆိုမှုကြောင့် ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ်ပြေးဆွဲခွင့်ကို အချိန် တစ်လထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ မှသတင်းရရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဟိုင်းလပ်ယာဉ် ပြေးဆွဲခွင့်များကို ယခုလဆန်းပိုင်းအထိသာ ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ဟိုင်းလပ်ယာဉ်လုပ်သားများမှ တိုင်းဒေသကြီး အစိုးရထံသို့ အချိန်တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်သည့်အတွက် လာမည့် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အချိန်တစ်လ ထပ်မံ တိုးမြှင့်ပေးထားကြောင်း သိရသည်။ ဒီလို အချိန်တစ်လ တိုးမြှင့်ပေးထားတဲ့အတွက် မီနီဘတ်စ် တင်သွင်းဖို့ အချိန်လည်းရမယ်၊ ကုန်တင်တဲ့ 'က'လိုင်စင်နဲ့ ဆွဲနေတယ်ဆိုရင်လည်း ခရီးသည်တင်ယာဉ်လိုင်စင်ပြောင်းဖို့ အဆင်ပြေသွားနိုင်ပါတယ်၊ ရန်ကုန်စည်ပင် နယ်နိမိတ်ထဲကို ပြေးဆွဲလို့မရပေမဲ့ အနီးစပ်ဆုံးနေရာတွေတော့ ပြေးဆွဲခွင့်ရအောင် တောင်းဆိုသွားမှာပါဟု ရန်ကုန်-ပဲခူးပြေးဆွဲနေသည့် ယာဉ်မောင်း ဦးလှထွေးကပြောသည်။ မထသကော်မတီအနေဖြင့်လည်း ယင်းသို့ အချိန်တစ်လ တိုးမြှင့်ပေးစဉ်ကာလအတွင်း လက်ရှိ ပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ် လမ်းကြောင်းများတွင် ပြေးဆွဲလျက်ရှိသည့် စီးတီးဘတ်စ်များကို ယာဉ်အစီးရေ တိုးမြှင့်ပြေးဆွဲရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ဟိုင်းလပ်ယာဉ်တွေကို စာရင်းကောက်ကြည့်တဲ့အခါမှာ နေ့စဉ် ခရီးသည်စီးနင်းတဲ့ အရေအတွက်ကတစ်သိန်းကျော်လောက် ရှိတယ်လို့ သိရတယ်၊ အဲဒါကြောင့် ဟိုင်းလပ်ယာဉ်တွေကို ပြေးဆွဲခွင့်ကန့်သတ်ထားပေမဲ့ သူ့နေရာမှာ အစားထိုးပြေးဆွဲဖို့ လမ်းကြောင်းတူယာဉ်တွေကို တိုးဖို့စီစဉ်ပြီးပါပြီဟု မထသကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဟိုင်းလပ်ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၄၆ လိုင်းမှ ယာဉ်အစီးရေ ၈၅ဝ ပြေးဆွဲလျက်ရှိကြောင်း၊ အဆိုပါယာဉ်များကို ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကိုတားမြစ်ရန် သတ်မှတ်ခြင်းမှာ နှစ်စဉ်ခရီးသည်တင်ယာဉ် မတော်တဆဖြစ်ပွားရာ၌ အများစုမှာ ဟိုင်းလပ်ယာဉ်များကြောင့် ဖြစ်ပွားသည်ကို တွေ့ရသောကြောင့် ဟိုင်းလပ်များနေရာတွင် မီနီဘတ်စ်များ အစားထိုးပြေးဆွဲရန် သတ်မှတ်ခဲ့ပြီး စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

Ref: Automobile

မြန်မာမီနီဆလွန်းကို သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည်

မြန်မာမီနီဆလွန်း မော်တော်ယာဉ်များကို ကျပ်သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မော်တော်ယာဉ် ထုတ်လုပ်ရေးမှ သိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ရန် ပြည်တွင်း လုပ်ငန်းရှင်များကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလက တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ လေးခုမှ လာရောက် လျှောက်ထားခဲ့ပြီး အဆိုပါ ကုမ္ပဏီ လေးခုမှ ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် စံနှုန်းများနှင့်အညီ ပူးပေါင်း အဆင့်မြှင့်တင် ထုတ်လုပ်နိုင်မည့် ကုမ္ပဏီတစ်ခုကို လာမည့် ဖေဖော်ဝါရီလတွင် ရွေးချယ်မည် ဖြစ်ပြီး အဆင့်မြှင့်တင် ထုတ်လုပ်ပါက ကျပ် သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်း ယာဉ်များအဖြစ် ပြန်လည်ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။ လတ်တလောမှာတော့ ပြည်တွင်းကုမ္ပဏီလေးခု လာလျှောက်တယ်၊ ဒီထဲက တစ်ခုကိုပဲ ရွေးချယ်မယ်၊ ရွေးချယ်ခံရတဲ့ လုပ်ငန်းရှင်ကိုလည်း တရားဝင် ကြေညာသွားမှာပါ၊ နည်းပညာတွေရော ထုတ်လုပ်မှုပုံစံတွေကိုပါ ပြောင်းပြီး ထုတ်လုပ်မယ်၊ အများပြည်သူတွေ တန်ဖိုးသက်သာစွာ ဝယ်ယူနိုင်ဖို့အတွက် ဈေးကိုလျှော့ပြီး တန်ဖိုးနည်းယာဉ်အဖြစ် ရောင်းချပေးမှာပါဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းများကို အစိုးရ အရာထမ်းများအား ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာ စက်ရုံလက်ကျန် မီနီဆလွန်းများ ကုန်သည်အထိ ဖြစ်ပေါ်ခဲ့သည်။

ယခင်က မြန်မာမီနီဆလွန်း ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ် အစိတ်အပိုင်းများ မှာယူ၍ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်ကာ ဈေးကွက်အတွင်း ပြန်လည်ရောင်းချခြင်း ဖြစ်ပြီး မြန်မာမီနီဆလွန်း အစီးရေ ၂,၁၂၂ စီး ထုတ်လုပ်ရောင်းချ ခဲ့ကြောင်း၊ အသစ် ပြန်လည်ထုတ်လုပ်မည့် မြန်မာမီနီဆလွန်းယာဉ်များကို ယခုနှစ်အတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆက်လက်သိရသည်။

Ref: Automobile

သီလဝါထုတ် ဆူဇူကီး မော်တော်ယာဉ်များ ပြည်ပသို့ တင်ပို့မည်

သီလဝါ စက်မှုဇုန်တွင် ဆူဇူကီး မြန်မာကုမ္ပဏီ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကို အပြီးသတ် တည်ဆောက်ပြီးလျှင် မော်တော်ယာဉ်များကို ပြည်ပသို့ ထုတ်လုပ် တင်ပို့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲထွန်းဦးက ပြောကြားသည်။ ဆူဇူကီး မြန်မာကုမ္ပဏီသည် ၂ဝ၁၃ နှစ်လယ်ခန့်မှ စတင်၍ စက်မှုဝန်ကြီးဌာနထံမှ မြေငှားရမ်းပြီး တောင်ဒဂုံ စက်မှုဇုန်တွင် အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ၍ စက်ရုံ တည်ဆောက်ကာ မော်တော်ယာဉ်များ ထုတ်လုပ်နေခြင်း ဖြစ်သည်။ ယခု တည်ဆောက်မည့် စက်ရုံသစ်သည် ယခင်စက်ရုံထက် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုများပြီး အင်ဂျင် အစိတ်အပိုင်း တပ်ဆင်သည့် လုပ်ငန်းများနှင့် အခြားလုပ်ငန်းသစ်များ တိုးချဲ့ကာ ပိုမိုအဆင့်မြင့် အောင် တည်ဆောက်မည် ဖြစ်ကြောင်း ဆူဇူကီး မြန်မာကုမ္ပဏီထံမှ သိရှိရသည်။ အဆိုပါစက်ရုံ တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားပြီး ဖြစ်သော်လည်း စက်မှုဇုန် အခြေအနေကြောင့်သာ စက်ရုံ တည်ဆောက်မှု နှောင့်နှေးနေခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆူဇူကီး မြန်မာကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ယခင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် စာချုပ် သက်တမ်းပြည့်ခဲ့သည့်အတွက် ထုတ်လုပ်မှုကို ရပ်နားခဲ့ကာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် ထုတ်လုပ်ခွင့် ရရှိခဲ့သည်။

Ref: (The Voice Weekly)

တစ်နှစ် အကြာ ဆိပ်ကမ်းမှ မထုတ်ရသေးသော ကား (၄ဝဝ)ရှိ

ရန်ကုန်ဆိပ်ကမ်းများတွင် (၁)နှစ်ကြာမြင့်သည်အထိ မထုတ်ရသေးသော ကားအစီးရေ (၄ဝဝ)ကျော် နှင့် ရက် (၆ဝ)အထိ မထုတ်ရ သေးသော ကားအစီးရေမှာ (၂ဝဝဝ)ကျော် ရှိနေကြောင်း ဆိပ်ကမ်းအာဏာပိုင် အဖွဲ့မှ သိရှိရသည်။

တစ်နှစ်ကျော်သည်အထိ မထုတ်ရသေးသော ကားများကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး၊ ရက်(၆ဝ)ကျော်သည်အထိ မထုတ်ရသေးသော ကားများအား လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်

ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီကားများ တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း 'ရွာသာကြီး ကညနရုံးမှ သိရသည်။ နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာများ နံပါတ်ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဇန်နဝါရီ ၈ ရက်အထိ ရောက်ရှိနံပါတ် DD/4037 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခြင်း နှင့်ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီရက်ပိုင်းအတွင်းမှာ တစ်ရက်ကို DD အက္ခရာ အငှားယာဉ် အစီး ရှစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြပါတယ်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ တစ်ရက်နဲ့တစ်ရက် မှတ်ပုံတင် လာရောက် ပြုလုပ်တဲ့ အရေအတွက်က မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေ လေးဆယ် ဝန်းကျင်ပဲ လာရောက်ပြီး တချို့ရက်တွေမှာတော့ အစီးရေ ကိုးဆယ်ကျော်အထိ မှတ်ပုံတင်လာရောက် ပြုလုပ်ကြပါတယ်၊ လေးလုံးပူး နံပါတ်တွေ ထုတ်ပေးမှုကတော့ အရင်အတိုင်း ကုမ္ပဏီတွေကို ချန်လှပ်ပြီး တစ်ဦးချင်းတင်သွင်းသူတွေကိုပဲ မဲနှိုက် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် 4G အက္ခရာများကို စတင်ထုတ်ပေးခဲ့ရာ ရွာသာကြီး ကညနရုံး၌ ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 4G/1201 မှ စပြီး ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Ref: Automobile

Author