Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week-500x185

  • ၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာလျော့ကျသွား
  • မိုဒယ်မြင့် ကားများ တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေ
  • ရန်ကုန်မြို့တွင်း ပြေးဆွဲခွင့်မရှိသော နယ်လိုင်စင်တက္ကစီကားများ သိန်းနှစ်ဆယ်ခန့် ဈေးကျ
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးဖြစ်
  • ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ်ဌာနတွင် အသုံးပြုသည့်တံဆိပ်တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိနေသည့်အတွက် ထိရောက်စွာအရေးယူမည်
  • ယာဉ်မတော်တဆမှုများ များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝင်ခွင့်ပုံစံ ပြောင်းလဲစစ်ဆေးမည်
  • ၂ဝ၁၄ ခုနှစ် အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်
  • မြန်မာပြည် Brand New ကားဈေးကွက် နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်ဟုဆို
  • LPG တပ်ဆင်မှု နည်းပညာ အရည်အသွေးမြင့်မားရန် အမေရိကန်မှ သင်တန်းလာရောက်ပို့ချမည်
  • နာမည်ကျော် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်း လာမည့်မေလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်မည်
  • ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၌ လူကူးခုံးကျော်တံတားသစ် တစ်စင်း တည်ဆောက်
  • ညအချိန် အင်းယားကန်ပေါင်ရှေ့ ပြည်လမ်းမပေါ် ယာဉ်များရပ်နားမှု ကရိန်းဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်မည်
  • အထပ်မြင့်တိုက်များ အလယ်တွင် တည်ရှိခြင်းနှင့် အကွေ့အကောက်များခြင်းကြောင့် ရွှေဂုံတိုင်ခုံးကျော်တံတားတွင် CCTV ကင်မရာများ တိုးချဲ့တပ်ဆင်မည်
  • Grade အနိမ့် HIACE Van ကဲ့သို့ ချောပို့ နောက်ခန်းအလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံမည်
  • မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက် လိုအပ်
  • *ကားအစီးရေ ခုနစ်ပုံ တစ်ပုံမှာ အငှားယာဉ်များဖြစ်

၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာလျော့ကျသွား

၂ဝ၁၄ ခုနှစ်အတွင်း ကားမှာယူမှုများ သိသိသာသာ လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်သော စာရင်းများအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လူစီးမော်တော်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ပါမစ်ထုတ် ပေးခဲ့ရာတွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၄ ခုနှစ်၊ဖေဖော်ဝါရီလအထိ ပါမစ်ထုတ်ပေးပြီး အစီးရေ ၁၈,၅၁၄ စီးဖြစ်ကြောင်းသိရသည်။ ထိုသို့ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခဲ့ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဌာန၏ စာရင်းများအရ ၂ဝ၁၃ ခုနှစ်၊ ဧပြီလတွင် ၁,၈၃၉ စီး၊ မေလတွင် ၁,၈၁၂ စီး၊ ဇွန်လတွင် ၁,၂၁၂ စီး၊ ဇွန်လိုင်လတွင် ၁,၈ဝ၆ စီး၊ သြဂုတ်လတွင် ၁ç၆၇၉ စီး၊ စက်တင်ဘာလတွင် ၁,၆၅ဝ စီး၊ အောက်တို ဘာလတွင် ၁ç၈၉ဝ စီး၊ နိုဝင်ဘာလတွင် ၁ç၇၇၃ စီး၊ ဒီဇင်ဘာ လတွင် ၃,၃၆၅ စီး၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ၆၄၄ စီး၊ ဖေဖော်ဝါရီလတွင် ၈၄၄ စီးကို မော်တော်ယာဉ်ပါမစ်များ အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်ပါမစ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူ တစ်ဦးက "ပါမစ်ထုတ်ပေးတဲ့နေရာမှာ တစ်ဦးချင်းတင်သွင်းတဲ့ ကားတွေ ပါဝင်ပါတယ်၊ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလနဲ့ ဖေဖော်ဝါ ရီလတွေကတော့ ပါမစ်လာလျှောက်တဲ့ မော်တော်ယာဉ်အစီးရေ က အရင်လတွေထက် တော်တော်လေးနည်းသွားတယ်၊ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကတောင် အစီးရေ ၃ç၃ဝဝ ကျော်ရှိပါသေးတယ်၊ လက်ရှိ ပါမစ်လာလျှောက်တဲ့ ကားတွေထဲမှာတော့ Honda ၊ Toyota ၊ Nissan ကားတွေက အများဆုံး ဖြစ်ပါတယ်"ဟု ပြောကြား ခဲ့သည်။ သွင်းကုန်လုပ်ငန်းဌာနခွဲ၊ မော်တော်ယာဉ်ပါမစ် ထုတ်ပေးရေးဌာနဂိတ်အနေဖြင့် ပြည်ပမှတင်သွင်းလာသော ယာဉ်များအား လူတစ်ဦးချင်းစီအလိုက် မော်တော် ယာဉ်ပါမစ်များ ထုတ်ပေးခဲ့ရာတွင် Saloon ၊ Van ၊ Wagon ၊ Light Truck ၊ Box Truck နှင့် Truck ကားများ ပါဝင်ကြောင်း သိရသည်။

Ref : Automobile

မိုဒယ်မြင့် ကားများ တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေ

ပြည်ပမှ မိုဒယ်မြင့်ကားများကို တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေသေးကြောင်း 'မြန်မာ့အာမခံလုပ်ငန်း'မှ သိရှိရသည်။ မြန်မာ့အာမခံလုပ်ငန်းမှ ပြီးခဲ့ သည့် ၂ဝ၁၃ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုကို လုပ်ပိုင်ခွင့်များ ချပေးခဲ့သည်။ အာမခံကုမ္ပဏီများ များပြားလာသော်လည်း မော်တော်ယာဉ်အာမခံ ထားရှိမှုမှာ အခြား အာမခံထားရှိမှုထက် နည်းနေသေးကြောင်း သိရသည်။ မော်တော်ယာဉ်တစ်စီး အာမခံထားရှိမည်ဆိုပါက ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်၊ အုံနာဘုတ်များ လိုအပ်ပြီး တစ်နှစ်စာအတွက် နံပါတ်အနီ သိန်းတစ်ရာတန် ကားတစ်စီးလျှင် ၁၇၅,ဝဝဝ ကျပ် နှင့် နံပါတ်အနက် သိန်းတစ်ရာတန် ကားတစ်စီးလျှင် တစ်သိန်း ဝန်းကျင် ကျသင့်မည် ဖြစ်သည်။ထိုသို့ မော်တော်ယာဉ်များကို အာမခံထားရှိခြင်းဖြင့် ခိုးယူခြင်းခံရသည်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည်ဖြစ်စေ၊ မတော်တဆမှု တစ်စုံ တစ်ရာကြောင့် ပျက်စီးခဲ့သည်ဖြစ်စေ ဆုံးရှုံးခဲ့သည့် တန်ဖိုးအတိုင်း အာမခံကုမ္ပဏီများမှ ပြန်လည်ပေးလျော် မည်ဖြစ်ကြောင်း သိရသည်။ "သိန်းတစ်ရာတန် ကားတစ်စီး ကို အာမခံထားရှိမယ်ဆိုရင် တစ်နှစ်စာအတွက် ကာလပေါက် ဈေးရဲ့ ဒသမ ၉၂ ရာခိုင်နှုန်း ယူပါတယ်၊ နံပါတ်အနီဆိုရင်တော့ ဒသမ ၁ဝ ရာခိုင်နှုန်းနဲ့ တွက်ယူပါတယ်၊ တစ်နှစ်ပြည့်သွားလို့ အာမခံဆက်ထားမယ်ဆိုရင် ဒုတိယနှစ်မှာ ၂၅ ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃ဝ ရာခိုင်နှုန်း၊ စတုတ္ထနှစ်မှာ ၄ဝ ရာခိုင်နှုန်း၊ ပဥ္စမနှစ်မှာ ၆ဝရာခိုင်နှုန်း လျှော့ပေးပါတယ်၊ သွင်းတဲ့ပရီမီယံကြေး အပေါ်မှာ မူတည်ပြီး ပျက်စီးသွားတဲ့ ပမာဏအတိုင်း လျော်ပေးမှာ ဖြစ်ပါတယ်၊ ပရီမီယံကြေးများရင် ကားတစ်စီလုံး ကြေမွပျက်စီး သွားခဲ့ရင်တောင်မှ ကား အလုံးလိုက် ပြန်ချိန်းပေးတဲ့အထိ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်၊ အပျက်အစီး နည်းခဲ့ရင်လည်း စိတ်ကြိုက် ဝပ်ရှော့မှာပဲပြင်ပြင်၊ ကုမ္ပဏီနဲ့ ချိတ် ဆက်ထားတဲ့ ဝပ်ရှော့မှာပဲပြင်ပြင် အာမခံထားရှိတဲ့ ယာဉ်ပိုင်ရှင် ကျေနပ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

Ref : Automobile

ရန်ကုန်မြို့တွင်း ပြေးဆွဲခွင့်မရှိသော နယ်လိုင်စင်တက္ကစီကားများ သိန်းနှစ်ဆယ်ခန့် ဈေးကျ

ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်ခွင့် မရှိသော နယ်တက္ကစီကားများမှာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ ရောင်းများထံမှ သိရှိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာ ၂၇ ရက်မှစ၍ ရန်ကုန်မြို့တွင်းတွင် နယ်တက္ကစီကားများကို ပြေးဆွဲခွင့်မပြုသောကြောင့် ထိုကားများ၏ ဈေး ကွက်မှာ ပျက်စီးသွားခဲ့သည်။ နယ်လိုင်စင်ကားများနှင့်ပတ် သက်၍ ကားဝယ်/ရောင်းတစ်ဦးက "ရန်ကုန် ကားဈေးကွက်မှာ နယ်လိုင်စင် တက္ကစီတွေက အဝယ်မရှိ သလောက် နည်းသွားပါတယ်၊ နယ်တက္ကစီကားတွေထဲမှာ ဧရာဝတီ၊ ပဲခူးအပါအဝင် နယ်ကားတွေ ဈေးက သိသိသာသာ ထိုးကျသွားခဲ့ပါတယ်၊ မန္တလေးလိုင်စင်နဲ့ ကားတွေကတော့ အဝယ်နည်းနည်းပါးပါး ရှိပါတယ်၊ နယ်ကားတွေဈေးက ကျဆင်းသွားခဲ့ပေမဲ့ ရန်ကုန်တက္ကစီ ကားဈေးတွေက အများကြီးမြင့်တက်သွားတာ မရှိပါဘူး"ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း နယ် တက္ကစီကားများမှာ ဝယ်လက်နည်းပါးနေသောကြောင့် ဈေးများ ချရောင်းနေကြပြီး Suzuki Alto ၊ Suzuki Solio နှင့် Nissan March ကားများမှာ ၅၅ သိန်း ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။ ထို့ပြင် တက္ကစီအဖြစ် အသုံးများနေသည့် Probox ၊ AD Van ကားများမှာလည်း သိန်း ကိုးဆယ် ဝန်းကျင်မှ သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

Ref : Automobile

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးဖြစ်

ရန်ကုန်တို်င်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်းစီမံချက် အရ အို/ဟောင်း ယာဉ်အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးစီးပြီ ဖြစ်ကြောင်း 'ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ မြင်သာ ကညနရုံး'မှ သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ် အို၊ ယာဉ်ဟောင်းအစားထိုး စီမံချက်အရ ယာဉ်အို၊ ယာဉ်ဟောင်း များ အပ်နှံခွင့်ပြုခဲ့ရာတွင် မတ် ၄ ရက်အထိ အစီးရေ ၆၆,၄ဝဝ ကျော်အထိ အပ်နှံပြီးစီးခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ အပ်နှံ လျက်ရှိသော 'အ' အက္ခရာကားများမှာ မတ် ၄ ရက်အထိ အပ်နှံပြီးစီးခဲ့သည့် အစီးရေ ၄,၅၅၁ စီး ဖြစ်ကြောင်း သိရသည်။ အပ်ကားများ နည်းပါးလာခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် လာရောက်အပ်နှံ သည့် အက္ခရာအစုံမှ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေမှာ နေ့စဉ် အစီးရေ လေးဆယ်ဝန်းကျင်ခန့်သာရှိကြောင်း မြင်သာ ကညန ရုံး ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုဌာနမှ သိရသည်။

"အခုအချိန်အထိတော့ နောက်ထပ်အပ်နှံခွင့်ပြုမယ့် အက္ခရာနဲ့ ဘယ်အချိန် အပ်နှံခွင့်ပြုမယ်ဆိုတာ ညွှန်ကြားချက် မလာ သေးပါဘူး၊ အပ်ကားတွေကလည်း နေ့စဉ်နဲ့အမျှ လာရောက်အပ်နှံမှု လျော့ကျသွားပါတယ်၊ 'အ' အက္ခရာတွေကလည်း အပ်နှံဖို့ အစီးရေ နည်းနေတဲ့အတွက် နေ့စဉ် အစီးရေ နှစ်ဆယ်ဝန်းကျင်လောက်ပဲ အပ်နှံကြပါတယ်၊ Chery QQ3 ကားတွေရဲ့ အပ်နှံမှု ကတော့ အစီးရေ ၃၂၄ စီးကျော်သွားပါပြီ"ဟု အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ယာဉ်အို၊ ယာဉ်ဟောင်းများ နည်းပါးလျက်ရှိရာ ကားဝယ်/ရောင်းဈေးကွက်အတွင်း စလစ်ဈေး ထပ်မံမြင့်တက်လျက်ရှိပြီး 'အ' အက္ခရာအမည်ပေါက် ကားပောင်း စလစ် တစ်စောင် လျှင် ကျပ် ၁ဝ၆ သိန်းဝန်းကျင်၊ 'အ'အက္ခရာ ရိုးရိုးစလစ် တစ်စောင်လျှင် ကျပ် သိန်းတစ်ရာဝန်းကျင်ခန့် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းဈေးကွက်မှ သိရသည်။

Ref : Automobile

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ်ဌာနတွင် အသုံးပြုသည့်တံဆိပ်တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိနေသည့်အတွက် ထိရောက်စွာအရေးယူမည်

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှုခင်းစစ် ဌာနတွင် အသုံးပြုသည့် တံဆိပ် တုံးများ အတုပြုလုပ်သုံးစွဲမှုများ ရှိ နေသည့်အတွက် ထိရောက်စွာအ ရေးယူသွားမည် ဖြစ်ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး'မှ သတင်းရရှိသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် သက်တမ်းတိုးလိုသည့်ယာဉ်များ၌ ပြစ်မှု မှတ်တမ်းများ ရှိ၊ မရှိနှင့် ပြစ်မှုရှိပါက ဒဏ်ကြေးပေးဆောင် ပြီးစီးကြောင်း အထောက်အထားဖြစ်သည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ မှုခင်းစစ်ဌာနတွင် ရယူပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ယင်းထောက်ခံချက်ကို လာရောက်ရယူခြင်းမရှိဘဲ တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက်မှုများ ရှိနေကြောင်း သိရသည်။ တံဆိပ် တုံးတွေ အတုပြုလုပ်တာတွေ ရှိနေတယ်လို့ သိရတယ်၊ ပိုင်ရှင်တွေ ကိုယ်တိုင်လုပ်တာလား၊ ကြားက ပွဲစားတွေပဲ လုပ်တာလား စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေး ယူမှာပါ၊ ယာဉ်သက်တမ်းတိုးမယ်၊ အို/ ဟောင်းယာဉ်အပ်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီးမှ ဆောင်ရွက်ဖို့ လိုပါတယ်ဟု အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့အနေဖြင့် အဆိုပါ စာရွက် စာတမ်းနှင့် တံဆိပ်တုံးအတု ပြုလုပ်ဆောင်ရွက် သည့် ကိစ္စရပ်များအား ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွား မည် ဖြစ်ကြောင်း သိရသည်။

Ref ; Automobile

ယာဉ်မတော်တဆမှုများ များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝင်ခွင့်ပုံစံ ပြောင်းလဲစစ်ဆေးမည်

ခရီးသည်တင်ယာဉ်များ ယာဉ် မတော်တဆဖြစ်ပွားမှု များပြားလာသဖြင့် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် ဝင်ခွင့်ပုံစံ ပြောင်းလဲ စစ်ဆေးသွားမည် ဖြစ်ကြောင်း 'မထသ(ဗဟို)'မှ သတင်းရရှိသည်။ ခရီးသည်တင်ယာဉ်များ ယာဉ်မတော်တဆဖြစ်ပွားမှု များသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝင်ခွင့်ပုံစံများကို ဧပြီ ၁ ရက်မှ စတင်ကာ အဆင့်မြှင့်၍ ပြောင်းလဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ အခုဆိုရင် ယာဉ်မောင်းတွေက အရက်သေစာ သောက်စားပြီး မောင်းနှင်နေတဲ့အတွက် ယာဉ်တိုက်မှုတွေ ဖြစ်ပွားနေတာကို တွေ့ရတယ်၊ အဲဒီအတွက်သင်တန်းတွေပို့ချပြီးသင်ပေးတယ်၊ ယာဉ်တိုက်မှုလျော့နည်းအောင် ယာဉ်လုပ်သားတွေအတွက် ဟောပြော ပွဲတွေ လုပ်ပေးတယ်၊ ဒါပေမဲ့ တွေးခေါ်မြော်မြင်မှုအပိုင်းမှာ တော်တော်လေး အားနည်းနေတယ်၊ အဲဒီအတွက် စဉ်းစားတွေးခေါ်မှုအပိုင်းတွေကို ပြင်ဆင်ပေး ဖို့လိုတယ် ဟု မထသ (ဗပာို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ မထသ(ဗဟို) လက်အောက်ရှိ တာဝန်ထမ်းဆောင်နေသော ယာဉ်လုပ်သားများအတွက် အခြေခံသင်တန်း ၂၇ ကြိမ် နှင့် မွမ်းမံသင်တန်း ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး သင်တန်းသားဦးရေ ၆,၃၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လာမည့် ဧပြီ ၁ ရက်မှ စတင်၍ ယာဉ်လုပ်သားများ အတွက် ဝင်ခွင့် ပုံစံကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်နောက်လိုက် ဝင်ခွင့်မေးခွန်း အခု ငါးဆယ်နှင့် ယာဉ်မောင်းဝင်ခွင့် မေးခွန်း အခုတစ်ရာ ဖြေဆိုရမည်ဖြစ် သည်။ ဖြေဆိုရမည့်ပုံစံမှာ အမှန်၊ အမှား ရွေးချယ်၍ ဖြေဆိုရမည် ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ဖြေဆိုနိုင်မှသာ ဝင်ခွင့်အောင်မည် ဖြစ်ကြောင်း သိရသည်။

Ref ; Automobile

၂ဝ၁၄ ခုနှစ် အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်

ပြင်သစ်နိုင်ငံမှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံးကားဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ ဂျာမန် ကားအမှတ်တံဆိပ်နှစ်ခုနှင့် ဂျပန် ကားအမှတ်တံဆိပ်တစ်ခု ပါဝင်နေကြောင်း နိုင်ငံတကာ မီဒီယာများက မတ် ၁ဝ ရက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ ပြင်သစ်နိုင်ငံသည် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ အကောင်းဆုံးကားဆုကို ပေးအပ်လျက်ရှိပြီး World Car of the Year ဆု အပါအဝင် World Performance Car ၊ World Green Car ၊ World Car Design of the Year ဆုများကိုလည်း ပေးအပ်ချီးမြှင့်လျက် ရှိသည်။ ယခုနှစ် World Car of the Year ဆု ဆန်ခါတင် စာရင်းတွင် Audi A3 ၊ BMW 4 Series ၊ Mazda 3 တို့ ပါဝင်နေပြီး ၂ဝ၁၄ ဥ ရောပ အကောင်းဆုံးကားဆုရရှိခဲ့သော Peugeot 308 ၊ BMW i3 ၊ Infiniti Q50၊ Lexus IS ၊ Skoda Octaria တို့မှာ ဆန်ခါတင် သုံးခု ရွေးချယ် ရာတွင် ကျန်ရစ်ခဲ့သည်။ World Green Car ဆု ဆန်ခါတင်စာရင်းတွင် ဂျာမန် အမှတ်တံဆိပ်များဖြစ်သည့် Audi A3 Sportback g-tron ၊ BMW i3 ၊ Infiniti Q50 တို့ ပါဝင်နေပြီး World Performance Car ဆန်ခါတင် စာရင်းတွင် Chevrolet Corvette Stingray ၊ Ferrari 458 ၊ Porsche 911 GT3 ၊ World Car Design ဆု ဆန်ခါတင် စာရင်းတွင် Mercedes Benz C-Class ၊ BMW i3 ၊ Mazda 3 တို့ ပါဝင်လျက်ရှိသည်။ ဆန်ခါတင်စာရင်းကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဂျာနယ်လစ် ၆၉ ဦးက ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ကျင်းပမည့် နယူး ယော့ခ်ကားပြပွဲ၌ ဆုရရှိသော မိုဒယ်များအား ရွေးချယ်မည် ဖြစ်သည်။

Ref ; Automobile

မြန်မာပြည် Brand New ကားဈေးကွက် နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်ဟုဆို

လက်ရှိ မြန်မာပြည်၏ Brand New ကားဈေးကွက်မှာ နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း 'မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း'မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်းသို့ ဝင်ရောက်လာသော Brand New ကားအများ စု၏တန်ဖိုးမှာ အနိမ့်ဆုံး ငွေကျပ် သိန်း ခြောက်ရာဝန်းကျင်တွင်ရှိပြီး နှစ်ရှည် အရစ်ကျစနစ်ဖြင့်ရောင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Brand New ကားများမှ ယာဉ်အပိုပစ္စည်း ဝယ်ယူပြီးနောက်ပိုင်း ပြင် ဆင်မှုနှင့် ဝန်ဆောင်မှုအပိုင်းတို့မှာ စိတ်ချရသည့်အတွက် လူအများစုမှာ စိတ်ဝင်စား သဘောကျလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ "မြန်မာပြည်မှာက အသုံး ပြု ပြီးသား Used ကား များတယ်၊ မြန်မာက ဂျပန်ရဲ့ Used ကားဝယ်ယူမှု နံပါတ်သုံးနေရာမှာ ရှိတယ်၊ အခုဆို Brand New ကားပြခန်း တွေလည်း ပေါနေပြီ၊ အခြေ စိုက် ရုံးခန်းတွေလည်း ဖွင့်နေပြီ၊ Brand New က နောက်ပိုင်းမှာ After-sales Service တွေ၊ အပိုပစ္စည်း တွေကလွယ်ကူတော့ လူကြိုက်များတယ်၊ Used ကားတွေမှာ က တိုယိုတာတစ်ခုပဲ အဆင်ပြေတာ၊ Brand New က ကားတန်ဖိုးမြင့် တယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ လူတွေလည်း မလွယ်ကူဘူး၊ အရစ်ကျစ နစ်နဲ့ဆိုရင်တော့ တော်တော်များများ ကလည်း ဒါကို မျှော်လင့်နေကြတယ်ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏အမြင်ကို ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာပြည်၏ Brand New ကားဈေးကွက်ကို "မြန်မာပြည်ရဲ့ Brand New ကား ဈေးကွက်က ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်၊ လက်ရှိအထိလည်း ကျွန်တော်တို့ရဲ့ ရောင်းအားကို အားရကျေနပ်ပါတယ်"ဟု အမေရိကန်အခြေစိုက် Ford Motor Company မှ မြန်မာပြည်ရုံးခွဲ အရောင်းမန်နေဂျာက ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မော်တော် ကား အရောင်းစင်တာ ၁၄ဝ ခန့် ဖွင့်လှစ်ထားပြီး အရောင်းပြခန်း ငါးခု ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် Brand New ကားအားလုံးမှာ CIF တန်ဖိုး မြင့်မားသည့်အပြင် အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံသည့်အခွန်နှင့် ကညနသို့ ပေးဆောင်ရမည့်အခွန်တို့မှာ များသည့်အတွက် ပြည်တွင်း၏ Brand New ကားတန်ဖိုး မှာ နိုင်ငံတကာထက် မြင့်မားနေကြောင်း သိရသည်။

Ref ; Automobile

LPG တပ်ဆင်မှု နည်းပညာ အရည်အသွေးမြင့်မားရန် အမေရိကန်မှ သင်တန်းလာရောက်ပို့ချမည်

မော်တော်ယာဉ်များ၌ LPG စနစ် တပ်ဆင်အသုံးပြုသည့် နည်းပညာအရည်အသွေး မြင့်မားရန် အမေရိကန်မှ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGe)နှင့် ပူးပေါင်း၍ သင်တန်းလာရောက်ပို့ချမည် ဖြစ်ကြောင်း 'Powertek Engineering Group' မှ သတင်း ရရှိသည်။ အဆိုပါ သင်တန်းကို မြန်မာ့ရေနံနှင့် ဓာတုဗေဒသင်တန်း ကျောင်းတွင် ပို့ချမည်ဖြစ်ပြီး အမေရိကန်မှ LPG နည်းပညာကျွမ်းကျင် ပညာရှင် ဆရာမင်းဇော်မွန်နှင့် နိုင်ငံခြားသားပညာရှင်များ လာရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ "သင်တန်းကို အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ လာသင်ပေးမှာပါ၊ ထပ်ပြီးတော့လည်း သင်တန်းအပြင် MOGE နဲ့ပူးပေါင်းပြီး LPG အသုံးပြုရာမှာ လိုအပ်တဲ့ Rule & Regulation တွေ ရေးဆွဲဖို့ရှိတယ်၊ MOGE ဘက်ကလည်း ပြည်သူလူထု အကျိုးပြုတဲ့ လုပ်ငန်းဆိုတဲ့အတွက် ကူညီ ထောက်ပံ့ပေးမယ်လို့ ပြောပါ တယ်" ဟု Powertek Engineering Group မန်နေဂျင်း ဒါရိုက်တာ ဦးနေဝင်းက ပြောသည်။ အမေရိကန်တွင် အသုံးပြုလျက်ရှိသည့် နိုင်ငံတကာအဆင့်မီ MOGE ဆက်စပ်ပစ္စည်းများကို Powertek Engineering Group မှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိပြီး အဆိုပါကုမ္ပဏီနှင့် MOGE ပူးပေါင်းဖွင့်လှစ်မည့် LPG အသုံးပြုမှု နည်းပညာသင်တန်းသို့ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ခရီးသည် တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်အကူများအပြင် ဌာနဆိုင်ရာမှ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပြီး အချက်အလက်များကို မြန်မာ့ရေနံ နှင့် ဓာတုဗေဒ သင်တန်းကျောင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Ref ; Automobile

နာမည်ကျော် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်း လာမည့်မေလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်မည်

အင်္ဂလန်နိုင်ငံထုတ် နာမည်ကျော် မော်တော်ယာဉ် အမှတ်တံဆိပ် ဖြစ်သည့် Jaguar Land Rover မော်တော်ယာဉ် အရောင်းပြခန်းကို လာမည့် မေလအတွင်း ရန်ကုန်မြို့ ၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ မော်တော်ယာဉ် အမှတ်တံဆိပ်၏ မြန်မာပြည်အရောင်းကိုယ် စားလှယ် 'Capital Automotive Co.,Ltd'မှ သတင်းရရှိသည်။ Jaguar နှင့် Land Rover မော်တော်ယာဉ်များအား မြန်မာနိုင်ငံ ဈေးကွက်အတွင်း တရားဝင် ရောင်းချနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Capital Automotive Co.,Ltd အား အရောင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး လာမည့် မေလမှ စတင်ကာကမ္ဘာ့အဆင့်မီ အရောင်းဌာနကို ဖွင့်လှစ်သွားမည်ဟု သိရသည်။ အဆိုပါ အရောင်းပြခန်း တွင် မော်တော်ယာဉ်များ ရောင်းချခြင်း၊ ဆားဗစ်စင်တာနှင့် လိုအပ်သည့် အပိုပစ္စည်းများ ရောင်းချခြင်းများကို တစ်နေရာတည်း၌ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံအတွင်းမှာ Jaguar နဲ့ Land Rover ကားတွေ ရောင်းချပေးဖို့အတွက် အရောင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံ ရလို့ အလွန်ဝမ်းသာရပါတယ်၊ မြန်မာ နိုင်ငံမှာ တခြားနိုင်ငံတွေနည်းတူ Brand New ကားအသစ်တွေကို ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် အဆင့်အတန်းမြင့်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ ဆောင်ရွက်သွားမှာပါဟု Capital Automotive Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ဆိုသည်။ Land Rover ယာဉ်များမှာ မြန်မာ နိုင်ငံအတွင်းသို့ ၁၉၅၅ ခုနှစ်ကတည်းက စတင်ဝင်ရောက် ခဲ့သော်လည်း Brand New ကားအသစ်အနေဖြင့် အရောင်းပြခန်း ဖွင့်လှစ်ရောင်းချခြင်းမှာ ပထမဆုံးဖြစ် ကြောင်း သိရသည်။ Capital Automotive Co.,Ltd အနေဖြင့် Land Rover မော်တော်ယာဉ်များအား တရားဝင် တင်သွင်းရောင်းချခွင့်ကို ၂ဝ၁၃ ခုနှစ်၊ မေလကုန်တွင် ရရှိခဲ့ပြီး Jaguar ယာဉ်များ တရားဝင် တင်သွင်းခွင့်ကို ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ရရှိခဲ့ကြောင်း၊ လာမည့် မေလအတွင်း ဖွင့်လှစ်ရောင်းချမည့် မော်တော်ယာဉ် အရာင်းပြခန်း၌ နောက်ဆုံးပေါ် Jaguar နှင့် Land Rover ယာဉ်များ ဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref ; Automobile

ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၌ လူကူးခုံးကျော်တံတားသစ် တစ်စင်း တည်ဆောက်

ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၌ လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်နေပြီ ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ'မှ သတင်းရရှိသည်။ ခရီးသည်တင် ဘတ်စ်ကားများမှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင် တပ်မတော်စက်ရုံရှေ့တွင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လမ်းဆုံမီးပွိုင့်တွင် ရပ်နား၍ ခရီးသည်တင်ဆောင်နေခြင်းများကြောင့် ကွေ့ကြောယာဉ်များ အလွယ်တကူဖြတ်သန်း သွားလာရန် အဆင်မပြေခြင်း၊ လမ်းဆုံတွင် အထက် တန်းကျောင်း ရှိနေခြင်းနှင့် ယာဉ်သွားလာမှုများ ရှုပ်ထွေးခြင်းတို့ကြောင့် လူကူးခုံးကျော်တံတားသစ်တစ်စင်း တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။ လူကူးခုံးကျော် တံတားကို ယခုလ ပထမပတ်တွင် စတင် ဆောက်လုပ်ခြင်း ဖြစ်ပြီး လက်ရှိတွင် မြေသားစမ်းသပ်ချက်များနှင့် ပိုင်ရိုက်ခြင်းများ ဆောင်ရွက်နေကြောင်း၊ အဆိုပါ ခုံးကျော် တံတား ကို မြို့တော်စည်ပင်နှင့် V-Pile ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်းတွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း တိုင်းဒေသ ကြီးအစိုးရ အစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မြို့တော်စည်ပင်မှ စက်လှေကားနှင့် လေအေးပေးစက် ပါဝင်သော အဆင့်မြင့် လူကူးခုံးကျော်တံတား သုံးစင်းကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား )မှ သတင်းရရှိသည်။

Ref ; Automobile

ညအချိန် အင်းယားကန်ပေါင်ရှေ့ ပြည်လမ်းမပေါ် ယာဉ်များရပ်နားမှု ကရိန်းဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်မည်

ညနေပိုင်းအချိန်များ၌ ရန်ကုန်မြို့ အင်းယားကန်ပေါင်ရှေ့ ပြည်လမ်းမပေါ်တွင် မော်တော်ယာဉ်များ ရပ်နားနေမှုကို ကရိန်းဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး'၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ အင်းယားကန်ပေါင်ရှေ့၌ ညနေပိုင်းနှင့် ညပိုင်းအချိန်တို့တွင် လာရောက် အပန်းဖြေကြသူများ၏ ယာဉ်များ ပြည်လမ်းမကြီးပေါ်၌ တန်းစီရပ်နားထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရာ အဆိုပါကိစ္စအား ဖြေရှင်းပေးရန် ပြည်သူ့ဝန်ဆောင်မှုအဖွဲ့သို့ ဆက်သွယ်တိုင်ကြားမှုများ ရှိနေကြောင်း သိရသည်။ ကန်ပေါင်ရှေ့ ပြည်လမ်းမဆိုတာ ယာဉ်မရပ်ရ သတ်မှတ်ထား တဲ့နေရာထဲမှာပါတယ်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာကို စည်းကမ်းလိုက်နာမှုက အားနည်းနေတယ်၊ အဲဒီတော့ ညနေပိုင်းအချိန်မှာပါ ကျွန်တော်တို့ ကရိန်းကားကို အဲဒီနားမှာထားပြီး စောင့်ကြည့် ဖမ်းဆီးတာတွေ ဆောင်ရွက်သွားမှာပါဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ အဆိုပါ ဖမ်းဆီးစစ်ဆေးမှုများကို မကြာခင်ကာလအတွင်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပြီး ဖမ်းဆီး စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲအဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့နှင့် နယ်မြေရဲများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref ; Automobile

အထပ်မြင့်တိုက်များ အလယ်တွင် တည်ရှိခြင်းနှင့် အကွေ့အကောက်များခြင်းကြောင့် ရွှေဂုံတိုင်ခုံးကျော်တံတားတွင် CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်မည်

ယခုလ ၅ ရက်တွင် ဖွင့်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့သော ရွှေဂုံတိုင် ခုံးကျော် တံတားသည် အထပ်မြင့်တိုက်များ အလယ်တွင်တည်ရှိနေခြင်းနှင့် အကွေ့အကောက်များခြင်းကြောင့် လုံခြုံရေး အဆင့်မြင့် CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်မည်ဖြစ် ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သတင်း ရရှိသည်။ ရွှေဂုံတိုင်ခုံးကျော်တံတား ကို မြန်မာအင်ဂျင်နီယာများနှင့် ဂျပန် နိုင်ငံ င်္ဲJFE Engineering Corporation တို့ ပူးပေါင်းရေးဆွဲခဲ့သော ဒီဇိုင်းဖြင့် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ သည်။ တံတားဆောက်လုပ်ရာ၌ မြေနေရာရရှိမှု နည်းပါးသောကြောင့် အထပ်မြင့်တိုက်များ၏ အလယ်တွင် နီးကပ်စွာ တည်ရှိနေပြီး ယင်းအတွက် အသံထိန်း ကိရိယာများ၊ အသံလုံ ကိရိယာများ တပ်ဆင်ခဲ့သည့်အပြင် ယခု CCTV ကင်မရာများ တိုးချဲ့ တပ်ဆင်မည်ဟု သိရသည်။ တံတားက မြင့်တော့ ကားတွေ ဖြတ်တဲ့နေရာမှာ အထပ်မြင့် တိုက်တွေကို အန္တရာယ် မရှိအောင် အသံလုံ ကိရိယာ တပ်ခဲ့တယ်၊ အခုတစ်ခါ CCTV ကင်မရာတွေ ထပ်တပ်မယ်၊ ပထမတော့ အထပ်မြင့် တိုက်တစ်လုံးအပေါ်မှာ CCTV တစ်လုံးတပ်ထားတယ်၊ ဘတ်ဂျက် အလိုက် CCTV တွေ ထပ်တပ်မှာပါဟု 'မြို့တော်စည်ပင်၊ အင်ဂျင် နီယာဌာန(လမ်း၊ တံတား)'မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ရွှေဂုံတိုင်ခုံးကျော်တံတားမှာ သံမဏိ၊သံပေါင်၊သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယာဉ်သွား လမ်းလေးလမ်းပါရှိကာ ပင်မတံတားအရှည်မှာ ၄၂၁ မီတာရှည်လျားကြောင်း၊ တံတားတည်ဆောက်မှုတွင် ငွေကျပ် ၁၇ ဒသမ ၄၄ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရသည်။

Ref: Automobile

Grade အနိမ့် HIACE Van ကဲ့သို့ ချောပို့ နောက်ခန်းအလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံမည်

Grade အနိမ့် HIACE ကဲ့သို့သော ချောပို့နောက်ခန်း အလုံပိတ် ကားများကို လုပ်ငန်းသုံးယာဉ်အ တိုင်း ၁၃ ရာခိုင်နှုန်းဖြင့် အခွန် ကောက်ခံရန် စီစဉ်ထားကြောင်း 'စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန'မှ သိရသည်။ ထိုကားများသည် အခြားနိုင်ငံများ၌ DHL ချောပို့ကားများအဖြစ် အသုံးပြုနေပြီး မြန်မာနိုင်ငံသို့ တင်သွင်းပါက လုပ်ငန်းသုံးယာဉ်များ ကောက်ခံသည့် အခွန်နှုန်းအတိုင်းသာ ကောက်ခံမည် ဖြစ်သည်။ "Grade အနိမ့် HIACE Van နဲ့ Super Custom Commuter ကားလိုမျိုး နောက်ခန်း အလုံပိတ် ကားတွေကို လုပ်ငန်းသုံး ယာဉ်အတိုင်း အခွန်ကောက်ခံဖို့ စီစဉ်ထားပါတယ်၊ ဒီကားတွေက အနောက်ခန်းမှာ မှန်မပါဘဲ အလုံပိတ်ဖြစ်သလို ဇိမ်ခံ ကားမဟုတ်တဲ့ အတွက် လုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ချောပို့ အနောက်ခန်း အလုံပိတ်ကားများသည် မြန်မာနိုင်ငံ၌ အသုံးပြုမှု နည်းပါးပြီး HIACE Van ကားများသည် ၂ဝဝ၄ မိုဒယ် အထက်မှ စတင်ထုတ်လုပ်ခဲ့ပြီး အခွန် သက်သာလာသောကြောင့် ဈေးကွက်ဝယ်လိုအား မြင့်တက်လာဖွယ်ရှိနေသည်။ ထိုကားများသည် ကုန်စည် အပေါ့စားများ သယ်ယူခြင်းအတွက် အသုံးဝင်သော ကြောင့် ကုမ္ပဏီများ ဝယ်ယူအသုံးပြုလာဖွယ်ရှိကြောင်း ကားအရောင်းစင်တာ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ပြောပြခဲ့သည်။

Ref: Automobile

မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက် လိုအပ်

မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းသစ်များ ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက်ပါရှိမှသာ ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း 'စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန'မှ သိရှိရသည်။ ယခင်က မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ပြီးမှ တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင်ကို တင်ပြနိုင်သော်လည်း ယခုအခါ ထောက်ခံချက် ပြည့်စုံမှသာ ခွင့်ပြုပေးမည်ဖြစ် သည်။ "ကားအရောင်းစင်တာတွေ စတင်ခွင့်ပြုတဲ့အချိန်က နိုင်ငံတော်အနေနဲ့ တင်သွင်းလာတဲ့ ကားတွေကို အချိန်တိုအတွင်းမှာ ရောင်းချပေးစေလိုတဲ့အတွက် တိုင်းဒေသ ကြီးထောက်ခံချက်နဲ့ စည်ပင်လုပ်ငန်းလိုင်စင်ကို အရင်တင်ပြစရာ မလိုဘဲ ခွင့်ပြုပေးခဲ့ပါတယ်၊ အခုအချိန်မှာတော့ အရောင်းစင်တာဖွင့်လှစ်မှုက လုပ်ငန်းရှင်တိုင်းနားလည် သဘောပေါက်လာကြတဲ့အတွက် ထောက်ခံချက် အပြည့်အစုံနဲ့ စည်ပင်လိုင်စင် ပါရှိမှသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများ အနေဖြင့် သက်တမ်းတိုးဆောင်ရွက် လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင် ပြည့်စုံခြင်းမရှိပါက သက်တမ်းတိုးကာလ တစ်နှစ်အစား ခြောက်လသာ ပြင်ဆင်ခွင့်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: Automobile

ကားအစီးရေ ခုနစ်ပုံ တစ်ပုံမှာ အငှားယာဉ်များဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်း ခွဲကျော်ရှိရာ ခုနစ်ပုံတစ်ပုံမှာ အငှားများဖြစ်ကြောင်း 'ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန' မှ သိရှိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ယန္တရားများ၊ ဘတ်စ်များ၊ မော်တော် ဆိုင်ကယ်များအပါအဝင် ယာဉ် အစီးရေ ငါးသိန်းကျော်ကို မှတ်ပုံ တင်ပြုလုပ်ပေးရာတွင် လူစီးယာဉ်မှာ ၃၆ဝ,ဝဝဝ ကျော်အထိ ပါဝင်နေသည်။ ထိုလူစီးယာဉ်များထဲတွင် အငှားယာဉ်အရေအတွက်မှာ ၄၇çဝဝဝ ကျော်အထိ ပါဝင်ပြီး AA ၊ BB ၊ CC ၊ DD အက္ခရာဖြင့် အစီးရေ ၂၇,ဝဝဝ ကျော်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း YGN (ရန်ကုန်လိပ်စာ) အငှားယာဉ် အစီးရေ ၄၇,ဝဝဝ ကျော်ရှိသည်ဖြစ်ပြီး နယ်လိပ်စာအငှားယာဉ်များ ပါဝင်ပါက အစီးရေ ခြောက်သောင်းကျော်အထိ ရှိလာမည်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း အငှားယာဉ် များ တိုးပွားလာသည်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက "မြို့တစ်မြို့ရဲ့ အကျယ်အဝန်း၊ လူဦးရေ၊ စက်သုံးဆီအခြေအနေ၊ မော်တော်ယာဉ်အစီးရေတွေအပေါ် မူ တည်ပြီး ရှိသင့်တဲ့အငှားယာဉ်အစီးရေကို ထိန်းချုပ်သင့်ပါတယ်၊ အငှားယာဉ်အစီးရေ တိုးချဲ့မယ်ဆိုရင်လည်း မြို့အနေအထား ကျယ်ဝန်းလာမှ အဆင်ပြေမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးပါမစ်ဖြင့် အငှားယာဉ်ပါမစ်များ ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး မြို့အနေအထားနှင့် အခြားအခြေအနေ အရပ်ရပ်များကို တွက်ချက်ပြီးမှသာပါမစ်များ ပြန်လည်ထုတ်ပေးဖွယ်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Ref: Automobile

Author