Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week-500x185

  • Toyota to Open Myanmar Dealership
  • ကားယူဝယ်တင်သွင်းခြင်းဖြင့် အခွန်ငွေ ခုနှစ်သန်းကျော်ကို နို်င်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့
  • စည်ပင်ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စည်းကမ်းမဲ့ ညမောင်းကားသမားများ
  • ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ
  • ပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု၌ CNG သဘာဝဓာတ်ငွေ့ အစားထိုး LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးရောင်းချမည်
  • တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲနှင့် အနုပညာရှင်တစ်ဦးဖြစ်ပွားခဲ့သည့် အမှုအတွက် အပြန်အလှန် တရားစွဲဆို
  • မတ် ၁ ရက်မှစ၍ စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်ပြေးဆွဲမှု ထိရောက်စွာ အရေးယူမည်
  • အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာယာဉ်မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေမည်
  • ယာဉ်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးမှု မရှိသော သီးသန့် ယာဉ်လမ်းကြောင်းများ ဖော်ဆောင်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြ
  • e-ticket အသုံးပြုရန် ဗန္ဓုလ ယာဉ်လိုင်းများ၌ လစာပေးစနစ် ကျင့်သုံးမည်
  • ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု ရန်ကုန်မြို့ နေရာ နှစ်ဆယ်တွင် စောင့်ကြပ် ဖမ်းဆီးအရေးယူမည်
  • ရန်ကုန်မြို့ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲအင်အား အဆလေးရာကျော် ကွာခြား ၄၈ ယာဉ်အစီး ခြောက်ရာလျှင် ယာဉ်ထိန်း တစ်ဦးနှုန်း စောင့်ကြည့်ရသည့်အနေအထားဖြစ်နေ
  • ဖေဖော်ဝါရီလအတွင်း လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိ
  • ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုးပြေးဆွဲရန် မထသသို့တင်ပြ
  • ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းယာဉ်လိုင်း၌ LPG စနစ်များ တိုးချဲ့တပ်ဆင်
  • *တိုက်ကြေကားများကို မူလပိုင်ရှင်များထံသို့ပြန်ပေးရန် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေးနေ

** Toyota to Open Myanmar Dealership **

တိုယိုတာမော်တော်ကားလုပ်ငန်းကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ပထမဦးဆုံး အရောင်းပြခန်းကို မတ်လတွင် ဖွင့်လှစ်သွားရန် မျှော်မှန်းထား ကြောင်း ပြည်တွင်းသတင်းအရင်းအမြစ်များ၏ ပြေကြားချက်အရ သိရသည်။ တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာအမှတ်တံဆိပ် တပတ်ရစ်မော်တော်ကား များ တင်သွင်းမှုတိုးတတ်လာမှုအား အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုယိုတာမော်တော်ကား အရောင်းပြခန်း မရှိသေးဘဲ ဝန်ဆောင်မှုလုပ်ငန်းများသာ ရှိနေသည်။ လွန်ခဲ့သည့်နှစ်တွင် ဂျပန်နိုင်ငံမှ တင်သွင်းခဲ့သည့် မော်တော်ကားများ၏ ၉ဝ ရာခိုင်နှုန်းဝန်းကျင်မှာ တစ်ပတ်ရစ်ကား များဖြစ်ပြီး အများစုမှာ တိုယိုတာကားများ ဖြစ်ကြောင်းလည်း သိရသည်။ တိုယိုတာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တိုယိုတာကားအမျိုးအစား မော်ဒယ်များစွာကို ရောင်းချ သွားမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားအရွယ်ရှိ ခရီးသည်တင်ကားများ၊ ဟိုင်းလပ်ပစ်ကပ်ကားများလည်း ပါဝင်ကြောင်း သိရသည်။

Ref : Myanmar Business Today

** ကားယူဝယ်တင်သွင်းခြင်းဖြင့် အခွန်ငွေ ခုနှစ်သန်းကျော်ကို နို်င်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ **

မြန်မာနိုင်ငံက ပြည်ပမှ ဝယ်ယူတင်သွင်းသော မော်တော်ယာဉ်များမှ အခွန်ငွေ ကျပ်သန်းပေါင်း ခုနှစ်သန်းကျော်ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ကြောင်း သိရသည်။ မော်တော်ယာဉ်များကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အခွန်ငွေကောက်ခံခဲ့ပြီး ၂ဝ၁၄ ဇန်နဝါရီလ အထိကျပ်သန်းပေါင်း ၇၃၈၁၁၇ ဒသမ ၃၉ သန်း ကောက်ခံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သောသတင်းများအရ သိရသည်။ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံကာ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုးလဲလှယ်ရေးစီမံချက်အတွက် ၈၂၆၂၅ စီး၊ ကားအရောင်းပြခန်းများ အတွက် ၅၈၅၃၂ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်ခရီးသွားဝန်ကြီးဌာနမှ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁ဝ၈ စီး၊ လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများဖြင့် ၁၁၁၃၁၁ စီး တင်သွင်းခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Ref : Myanmar Business Today

** စည်ပင်ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ စည်းကမ်းမဲ့ ညမောင်းကားသမားများ **

စည်းကမ်းမဲ့ ညမောင်းကားသမားတွေကြောင့် ညပိုင်းမှာ အလုပ်လုပ်နေကြတဲ့ စည်ပင်ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာ ဖြစ်ပေါ်နေပါတယ်။ ကိုယ့်ကား အရှိန်ကို ကိုယ်မနိုင်ဘဲ မောင်းနှင်မှုတွေကြောင့် စည်ပင်ဝန်ထမ်းတွေ မကြာခဏ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၁ဝ နာရီ ၃ဝ မိနစ်ဝန်းကျင် ကလည်း ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ဆင်ရေတွင်းမှတ်တိုင် အနီးမှာ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ Toyota Spacio အငှားယာဉ်တစ်စီးက အမှိုက်လာပစ်သူ နှစ်ဦး၊ စည်ပင်ဝန်ထမ်း တစ်ဦးနဲ့ Hijet ကားတစ်စီးကို ဝင်တိုက်မိခဲ့ပါတယ်။

Ref : Automobile

** ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ **

၃.၃.၂ဝ၁၄ ရက်နေ့ ဝ၂၃ဝ အချိန်တွင် ကမာရွတ်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အုန်းသွင်နှင့်အဖွဲ့သည် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ်၊(၄)ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း ဝန်ထမ်းအိမ်ယာရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ဝတ်စုံအား ဖိနပ်မပါ၊ ဦးထုပ်မပါဝတ်ဆင်လျက် ယာဉ်များကိုရပ်တန့်စစ်ဆေး ပြီးငွေကြေး တောင်းခံနေသူတစ်ဦးအားတွေ့ရှိခဲ့၍ မသင်္ကာသဖြင့်စစ်ဆေးခဲ့ပါသည်။ အဆိုပါသူအားစစ်ဆေးရှာဖွေရာ မှာယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ကျော်ဆန်းဝင်း (ဘ)ဦးဆန်းမြင့် ဖြစ်ကြောင်းသိရှိရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ဝတ်စုံအား အယောင်ဆောင်ဝတ်ဆင်၍ မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေးကာ ငွေကြေးများ တောင်းခံနေခြင်း ဖြစ်ကြောင်းသိရှိရပြီး ၎င်းထံမှ ထိုကဲ့သို့ တောင်းခံရရှိထားသည့် ငွေကျပ်(၇၇ဝဝ)အား သိမ်း ဆည်းရမိခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁ဝ၁/၂ဝ၁၄၊ ပုဒ်မ ၁၇ဝ ဖြင့် အမှုဖွင့်ကာ ရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Ref : Myanmar daily news

** ပုဂ္ဂလိက စက်သုံးဆီ ကုမ္ပဏီလေးခု၌ CNG သဘာဝဓာတ်ငွေ့ အစားထိုး LPG ဓာတ်ငွေ့ရည်များ ဖြန့်ဖြူးရောင်းချမည် **

ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီ ကုမ္ပဏီလေးခု ဖြစ်သည့် Asia World ၊ ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar တို့တွင် CNG သဘာဝဓာတ်ငွေ့အစားထိုး LPG ဓာတ်ငွေ့ ရည်များ ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း 'Powertek Engineering Group'မှ သတင်းရရှိသည်။ Asia World ၊ရွှေသံလွင်၊ ဧဒင်နှင့် Max Myanmar ကုမ္ပဏီများမှ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များတွင် LPG ဓာတ်ငွေ့ရည်များ ရောင်းချသွား မည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ "အခု ပြည်တွင်းမှာ ရောင်းချနေတဲ့ LPG လောင်စာက ကားမောင်းရာမှာ သုံးတာမဟုတ်ဘဲ ဟင်းချက်ရာမှာ သုံးတဲ့ အရည်အသွေး ဖြစ်နေပါတယ်၊ ဒါကြောင့် LPG ဓာတ်ငွေ့က အဆင်မပြေ ဖြစ်နေတယ်၊ အဓိက ကားတွေအတွက် သီးသန့် LPG ရောင်းရမှာပါ၊ အဲဒါကြောင့် အရည်အသွေးပြည့်ပြီး မောင်းတဲ့အခါမှာ အဆင်ပြေမှု ရှိအောင် ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး အရည်အသွေးကောင်းတဲ့ LPG ရရှိနိုင်အောင် ဆောင်ရွက်သွားမှာပါ"ဟု Powertek Engineering Group မှ မန်နေဂျင်း ဒါရိုက်တာ ဦးနေဝင်းက ပြောသည်။ ပြည်တွင်း၌ LPG ဓာတ်ငွေ့ကို တစ်လီတာလျှင် ကျပ် ၆၅ဝ မှ ခုနစ်ရာနှုန်းကြားဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Ref : Automobile

** တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲနှင့် အနုပညာရှင်တစ်ဦးဖြစ်ပွားခဲ့သည့် အမှုအတွက် အပြန်အလှန် တရားစွဲဆို **

တာဝန်ချိန်အတွင်း ယာဉ်ထိန်းရဲ နှင့် အနုပညာရှင်တစ်ဦး ဖြစ်ပွားခဲ့သည့်အမှုအတွက် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ထား ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး'တွင် အမှတ်(၂)ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းဆုံတွင် ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး သောင်းဒန်နှင့် အနုပညာရှင်တစ်ဦး ဖြစ် သူ သရုပ်ဆောင် နေသူရိန်တို့ ဖြစ်ပွားခဲ့သည့် ပြဿနာအတွက် ရဲတပ်ကြပ်ကြီး သောင်းဒန်မှ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း ပ ၁၁၄/၂ဝ၄ ပုဒ်မ ၃၂၂ အရ တရားလို ပြုလုပ် တရားစွဲဆိုခဲ့သလို နေသူရိန် ဘက်မှလည်း ပုဒ်မ ၃၂၅ အရ ပြန်လည် တရားစွဲဆိုထားကြောင်း သိရသည်။ "ဒီအမှုအတွက် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မင်္ဂလာတောင်ညွန့် တရားရုံးကနေပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ၊ အဖြစ်မှန်ပေါ်ရင် မှားတဲ့သူ အရေးယူခံရမှာ ဖြစ်ပါတယ်၊ ဥပဒေ အတိုင်းပဲ ဖြစ်စေမှာပါ၊ မှန်မှန်ကန်ကန် ဖြစ်အောင်လည်း လိုအပ်တဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးမယ်၊ ဘက်လိုက်တာမျိုး လုံးဝ မရှိစေဘဲ မှန်မှန်ကန်ကန် ဆုံး ဖြတ်စေမှာပါ"ဟု 'အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ ရဲတပ်ကြပ်ကြီး သောင်းဒန် စွဲဆိုထားသည့် ဥပဒေပုဒ်မ ၃၃၂ မှာ ပြည် သူ့တာဝန်ထမ်းဆောင်နေချိန်အတွင်း သာမန်နာကျင်စေမှု၊ လက်ရောက်ကျူးလွန်မှုဖြစ်ပြီး နေသူရိန်ဘက်မှ ပြန်လည်စွဲဆိုထားသည့် ဥပဒေပုဒ်မ ၃၂၅ မှာ မည်သူမဆို တုံးသောလက်နက်ဖြင့်သာ နာကျင်စေမှု ဖြစ်စေခဲ့သည့် ပုဒ်မတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းဆုံတွင် တာဝန်ကျရဲတပ်ကြပ်ကြီး သောင်းဒန် တာဝန်ထမ်းဆောင်နေချိန် ၉ဃ/.... အနက်ရောင် ယာဉ်သည် မီးပွိုင့်တွင် ဖရီးယာဉ်ကြော အတိုင်း ညာဘက် သိမ်ဖြူလမ်းကို မကွေ့ဘဲ တည့်တည့်ထွက်လာ သည်ကို တာဝန်ကျရဲတပ်ကြပ် ကြီးက တားဆီခဲ့ရာတွင် အဆိုပါ အနုပညာရှင် နေသူရိန်မှ တားဆီး မှုအတွက် ကြမ်းတမ်းစွာပြောဆို ခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁ဝ ရက်၊ ညနေပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်၌ ပြန်လည်ရောက်ရှိ လာ ကာ ယာဉ်ပေါ်ပါ လူလေး ယောက်ဖြင့် အနိုင်အထက် ပြု လုပ်ခဲ့၍ ရဲတပ်ကြပ်ကြီး သောင်း ဒန်က ပြန်လည် ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါရုံး မှသိ ရသည်။

Ref : Automobile

** မတ် ၁ ရက်မှစ၍ စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်ပြေးဆွဲမှု ထိရောက်စွာ အရေးယူမည် **

လာမည့် မတ် ၁ ရက်မှ စတင်ကာ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ဝင်ရောက်ပြေးဆွဲပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း 'မထသ(ဗဟို)'မှ သိရသည်။ ပဲခူးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ဖေဖော်ဝါရီ ၂၈ ရက် အထိသာ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းသို့ ဝင်ရောက် ပြေးဆွဲခွင့် ပြုထားပြီး အဆိုပါရက် ကျော်လွန်ပါက ပြေးဆွဲသည့် မော်တော်ယာဉ် များကို သတ်မှတ်ထားသည့် ဥပဒေအတိုင်း ဖမ်းဆီး အရေးယူသွားမည်ဟု သိရသည်။ "ဟိုင်းလပ်တွေကို စည်ပင်သာယာ နယ်နိမိတ်အတွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ဖေဖော်ဝါရီ ၂၈ ရက်အထိပဲ လက်ခံတော့မယ်၊ အန္တရာယ်ရှိတယ်၊ နောက်ပြီး ခရီးသည်တင်ရင်လည်း အမိုးပေါ်တွေရော၊ နောက်တွယ်တွေရော၊ ဘေးတန်း ပေါင်တွေ တောင်မရှောင် အကုန်တက်စီးကြတာ၊ အရမ်းကို အန္တရာယ်များလွန်းလို့ သတ်မှတ်လိုက်ရတာပါ"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်မြို့ပြင်မှ မြို့တွင်းသို့ ဝင်ရောက်ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလပ်ယာဉ်များအပြင် မြို့တွင်း ဟိုင်းလပ်ယာဉ်များ ကိုလည်း စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲခွင့် ကန့်သတ်လိုက်သည့် ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ်များ၊ စီးတီးဘတ်စ်များဖြင့် အစားထိုးပြေးဆွဲသွားမည် ဖြစ်ပြီး ဟိုင်းလပ်ယာဉ် များကို စက်သုံးဆီ ထည့်ရန် နှင့် CNG ထည့်ရန်သာ ခွင့်ပြုထားကြောင်းနှင့် ယာဉ်လိုင်းအလိုက် သတ်မှတ်ထားသည့် နေရာများအထိသာ မောင်းနှင်နို်င်ကြောင်း သိရသည်။

Ref : Automobile

** အရက်သေစာ သောက်စား၍ အရှိန်ပြင်းစွာယာဉ်မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေမည် **

ရန်ကုန်တိုင်းဒေသကြီးအတွင်း အ ရက်သေစာ သောက်စား၍ အရှိန် ပြင်းစွာ ယာဉ်မောင်းနှင်ပါက မော် တော်ယာဉ်ဥပဒေအရ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိ ကျခံ စေမည် ဖြစ်ကြောင်း 'အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ သတင်း ရရှိသည်။ မော်တော်ယာဉ်အား အရက် သေစာသောက်စား၍ ဖြစ်စေ၊ အရှိန်ပြင်းစွာ မောင်းနှင်၍ ဖြစ်စေ၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်၍ ဖြစ်စေ၊ မော်တော်ယာဉ် အာမခံထားရှိခြင်း မရှိသည့် သက်တမ်းပျက်ယာဉ်နှင့် အများပြည်သူ အသုံးပြုသည့် လမ်းများပေါ် တွင် မောင်းနှင်ခြင်းများအား ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ "အရက်သေစာ မူးယစ် သောက်စားထားတယ်၊ မထားဘူး ဆိုတာကို စစ်ဖို့ အတွက် Alcohol တွေကို အသုံးပြုမယ်၊ အရှိန်ပြင်း မောင်းနှင်တာတွေကို စစ်ဆေးဖို့ အမြန်နှုန်းတိုင်းကိရိယာတွေကို အသုံးပြု ဆောင်ရွက်သွားမှာပါ၊ စစ်ဆေးမှုကို မကြာ မီ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ"ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှတာဝန်ရှိ သူတစ်ဦးက ပြောသည်။ အများပြည်သူ အသုံးပြုသည့် လမ်းများပေါ်၌ မဆင်မခြင် မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေ ပုဒ်မ(၂၁) အရ ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေ ကျပ်ငါးရာအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်ပြီး ယင်း ပြစ်မှုအား တစ်နှစ်အတွင်း ဒုတိယအကြိမ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ငါးရာမှ ၁,၅ဝဝ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင် ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အရက်သေစာ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခဲ့သူ တစ်ဦးအား ထောင်ဒဏ် တစ်လ ချမှတ်အရေးယူ ဆောင်ရွက်မှုပြုခဲ့ပြီး ယခုနောက်ပိုင်း၌ ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေနိုင်မှုကို မကြာမီကာလအတွင်း ဆောင်ရွက်မည် ဖြစ်သည်ဟု အထက်ပါ ဌာနမှ သိရသည်။

Ref : Automobile

** ယာဉ်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးမှု မရှိသော သီးသန့် ယာဉ်လမ်းကြောင်းများ ဖော်ဆောင်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြ **

ရန်ကုန်မြို့တွင်း၌ ယာဉ်လိုင်းများ များပြားမှုရှိနေပြီး ယာဉ်လိုင်း တစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးလျက်ရှိ သောကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများနှင့် ကျပ်တည်းမှုများ ဖြစ် ပေါ်လျက်ရှိရာ သီးသန့်ယာဉ်လမ်း ကြောင်းများ ဖော်ထုတ်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အဖွဲ့များနှင့် ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်များအရ သိရသည်။ "ရန်ကုန်မှာပြေးဆွဲတဲ့ ယာဉ်အစီးရေသာ နည်းတာ၊ ယာဉ်လိုင်းတွေက လိုင်းပေါင်းသုံးရာ ကျော်တောင်ရှိ တယ်၊ ယာဉ်အချင်းချင်း ခရီးသည်လုတာ၊ ပြိုင်မောင်းတာတွေရှိတယ်၊ ဥပမာ ပြည်လမ်း တစ်လျှောက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အများကြီး ရှုပ်ထွေးနေတယ်၊ ဒီလိုမျိုး ယာဉ်လိုင်းတွေများ နေမယ့်အစား သီးသန့်လိုင်း တစ်လိုင်းကို ဖော်ဆောင်ပြီး ယာဉ်တွေက အဲဒီလိုင်းမှာပဲ ဝင်ရောက်ပြေး ဆွဲတာမျိုး၊ ယာဉ်လမ်းကြောင်း တစ်ခုကို ယာဉ် လိုင်းတစ်ခုတည်း ယာဉ်အစီးရေ များများနဲ့ဆွဲမယ်၊ သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တစ်စီး ထွက်မယ်ဆိုရင် ခရီးသည်အနေနဲ့လည်း ကားစီးရတာ အဆင်ပြေသလို ယာဉ်ကြော ကျပ်တာ /ရှုပ်တာလည်း လျော့သွားမယ်၊ ဒါကြောင့် စနစ် မလုပ်နိုင်ခင် မှာ ဒီလို လမ်းကြောင်းပြောင်းဖို့ တင်ပြတာ၊ ဒါကို ခွင့်ပြုရင်တော့ တော်တော်လေးကို အဆင်ပြေ မှာပါ"ဟု 'ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်'မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကပြောသည်။ ယာဉ်ကြော ကျပ်တည်းရှုပ်ထွေးမှုနှင့် ပတ်သက်၍ ၂ဝ၁၃ ခု နှစ်တွင် ဖျက်သိမ်းခဲ့သော အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်သိန်း က "စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်ရမယ်၊ ဒါ့ပြင် ဘတ်စ်ကားအချင်း ချင်း အပြိုင်အဆိုင် ကျော်တက် မောင်းနှင်တာတွေကို အရေးယူမယ်၊ ဒါမျိုး မဖြစ်သင့်ဘူး၊ ယာဉ်မရပ်ရဆိုတဲ့နေရာမှာ ယာဉ်လုံးဝကို ရပ်ပိုင်ခွင့်မရှိရဘူး၊ စည်းကမ်း တင်းကြပ်မှုနဲ့ အားလုံး ပါဝင်လိုက်နာမယ်၊ နိုင်ငံတော်အစိုးရကလည်း ကူညီထောက်ပံမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာပါ"ဟု ၎င်း၏အမြင်ကို ပြောသည်။ ရနု်ကုန်မြို့တွင်း၌ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်လိုင်း အဖွဲ့ကြီး ၁၈ လိုင်းမှ ယာဉ်အစီး ရေ ၅,၆ဝဝ ကျော်ဖြင့် လိုင်းငယ် ပေါင်း သုံးရာကျော်တွင် နေ့စဉ် ပြေးဆွဲလျက် ရှိပြီး များပြားလှသော ယာဉ်လိုင်းများကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုနှင့် ရှုပ်ထွေးမှုကိုဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းကို ဖြေရှင်းနိုင်ပါက အဆင့်မြင့် သယ်ယူပို့ဆောင်ရေးအပြင် နိုင်ငံတကာကဲ့သို့ ကတ်စနစ်ဖြင့် ငွေပေးချေမှုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့ပြသယ်ယူပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များက သုံးသပ်သည်။

Ref : Automobile

** e-ticket အသုံးပြုရန် ဗန္ဓုလ ယာဉ်လိုင်းများ၌ လစာပေးစနစ် ကျင့်သုံးမည် **

အီလက်ထရွန်းနစ် လက်မှတ်ဖြတ်စနစ် e-ticket အသုံးပြုရန် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများတွင် လစာပေးစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း 'ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ လီမိတက်'မှ သတင်းရရှိသည်။ လက်ရှိတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း ခြောက်လိုင်း၌ iPay စနစ်ကို ကျင့်သုံးလျက်ရှိပြီး အောင်မြင်မှု မရှိသောကြောင့် အီလက်ထရွန်းနစ် လက်မှတ်ဖြတ်စနစ်ကို ဆက်လက် တိုးမြှင့်အသုံးပြုရန်တွက် ဗန္ဓုလ ယာဉ်လိုင်းများတွင် လစာပေးစနစ်ကို ကျင့်သုံးနိုင်ရန် ကြိုးစားသွား မည် ဖြစ်ကြောင်း သိရသည်။ "iPay မအောင်မြင်တာက ယာဉ်လိုင်းအားလုံးမှာ မလုပ်နိုင်တာကြောင့်လည်း ပါသလို လစာပေးစနစ် အောင်မြင်အောင် မလုပ်ခဲ့တာကြောင့် လည်း ပါတယ်၊ e-ticket ကတော့ iPay ထက် နည်းပညာမြင့်သလို သုံးစွဲရတာလည်း အဆင်ပြေနိုင်တယ်၊ ယာဉ်လိုင်းတွေမှာ လစာပေးစနစ်နဲ့ သွားဖို့ စီစဉ်မယ်၊ ဒါပေမဲ့ ဒါက ဖြည်းဖြည်းချင်း လုပ်ကိုင်သွားမှာပါ"ဟု 'ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်'မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် iPay တပ်ဆင်မှုကို ၂ဝ၁၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အောင်မြင်မှု မရရှိသေးကြောင်း၊ လစာပေးစနစ်မှာ မေတ္တာလှိုင်း ယာဉ်လိုင်း များတွင် ကျင့်သုံးခဲ့သော်လည်း အောင်မြင်မှု မရှိသေးသည့်အတွက် လက်ရှိတွင် ယာဉ်လိုင်းအားလုံး၌ ခေါက်ရေစနစ် ဖြင့်သာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ "ကတ် စနစ်နဲ့ ငွေပေးချေမှုစနစ် အောင်မြင်ဖို့ဆိုရင် ယာဉ်လုပ်သားတွေကို လစာပေးစနစ်နဲ့သွားမှ ပိုအောင်မြင်နိုင်မယ်၊ ဝင်ငွေအမှန်ကို ရရှိဖို့လိုအပ်ပြီး လုံလောက်တဲ့လစာ ပေးအပ်ထားမှ သာလျှင် အောင်မြင်နိုင်မှာပါ၊ လူတိုင်းသုံးစွဲဖို့အတွက်ဆိုရင် နိုင်ငံတော်ကလည်း ပံ့ပိုးကူညီမှုတွေ လိုအပ်တယ်၊ ဒါမှသာလျှင် သယ်ယူပို့ဆောင်ရေး စနစ် တွေလည်း ကောင်းလာနိုင်သလို မြို့ပြ လည်း ခေတ်မီလာမယ်"ဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

Ref : Automobile

** ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု ရန်ကုန်မြို့ နေရာ နှစ်ဆယ်တွင် စောင့်ကြပ် ဖမ်းဆီးအရေးယူမည် **

ရန်ကုန်မြို့တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှု များအား နေရာ နှစ်ဆယ်တွင် စောင့်ကြပ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း 'အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး'မှ သိရသည်။ ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှုများအား စစ်ဆေးဖမ်းဆီး ဆောင်ရွက်ရန်အတွက် ယာဉ်စစ် ပိတ်ဆို့အဖွဲ့များ ဖွဲ့စည်း၍ ညစဉ် အဖွဲ့ ၁ဝ ဖွဲ့ ဖွဲ့စည်းကာ ပြိုင်ကား ယှဉ်ပြိုင်မောင်းနှင်မှု အများဆုံးပြု လုပ်လေ့ရှိသည့်နေရာ နှစ်ဆယ် တွင် စောင့်ကြည့်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။ "ပြိုင်ကားတွေ ယှဉ်ပြိုင် မောင်းနှင်မှု က လူခြေတိတ်တဲ့ ညအချိန်တွေမှာ ဖြစ်တာများတယ်၊ ဒါကြောင့် ညပိုင်းအချိန် လူရှင်းတဲ့ ည ၁ဝ နာရီကျော်ကနေ မနက် ၄ နာရီအထိ ပြိုင်ကားဖမ်းဆီးရေး အဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဖမ်းဆီးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ "ပြိုင်ကားတွေ ပြိုင်မောင်းနေ တာတွေက ယာဉ်မတော်တဆမှု တွေ ဖြစ်လာနိုင်တယ်၊ လမ်းအသုံးပြုသူတွေကို ထိခိုက်စေနိုင်တယ်၊ ပြီးတော့ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူး လွန်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါတွေကို ကြိုတင်ကာကွယ်မှုပြုလုပ် ပြီး တားဆီးသွားမှာဖြစ်ပါတယ်"ဟု 'အမှတ်(၆) ယာဉ်ထိန်းရဲတပ် ခွဲဖွဲ့မှူးရုံး'မှ ရဲအုပ်ဝင်းလွင်က ဆိုသည်။ ပြိုင်ကား ယှဉ်ပြိုင်မောင်းနှင် မှုများအား ရွေ့လျားစနစ်ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဆေးဖမ်းဆီးရရှိသည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

Ref : Automobile

** ရန်ကုန်မြို့ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲအင်အား အဆလေးရာကျော် ကွာခြား ၄၈ ယာဉ်အစီး ခြောက်ရာလျှင် ယာဉ်ထိန်း တစ်ဦးနှုန်း စောင့်ကြည့် ရသည့် အနေအထားဖြစ်နေ **

ရန်ကုန်မြို့တွင်းရှိ ယာဉ်အစီးရေနှင့် ယာဉ်ထိန်းရဲ အင်အားမှာ အဆ လေးရာကျော်ခန့် ကွာခြားလျက်ရှိကြောင်း 'အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး'မှ ဒုရဲမှူးကြီး လင်းထွဋ်က ပြောကြားလိုက်သည်။ ယာဉ်အစီးရေပမာဏ၊ ယာဉ်ကြော ထိန်းသိမ်းရမှု အနေအထား နှင့် ယာဉ်ထိန်းရဲအင်အား ကွာခြားနေမှုကြောင့် ယာဉ်အစီးရေ ခြောက်ရာခန့်ကို ယာဉ်ထိန်းတစ်ဦးဖြင့်သာ စောင့်ကြည့်ထိန်းသိမ်းနေရသည့် အနေအထားဖြစ်နေကြောင်း ၎င်းက ဖေဖော်ဝါရီ ၂ဝ ရက်က မီ ဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် အစီးရေ သုံးသိန်းခွဲခန့်ရှိနေပြီး တာဝန် ထမ်းဆောင်လျက်ရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားမှာ ၈၅ဝ ခန့်သာရှိသဖြင့် ယာဉ်အရေအတွက်နှင့် ယာဉ်ထိန်းရဲအင်အား နှိုင်းယှဉ်ကြည့်ပါက ပျမ်းမျှ အဆလေးရာကျော် ကွာခြားလျက်ရှိကြောင်း သိရသည်။ "ဖွဲ့ စည်းပုံအရ တခြားနှစ်တွေထက် ယာဉ်ထိန်းရဲတပ်ဖွဲ့အင် အား ပိုပြီး ချထားပေးထားပေမဲ့ လက်ရှိမြေပြင်မှာတော့ လုံလောက် မှု မရှိသေးပါဘူး၊ အခုလောလောဆယ်တော့ ယာဉ်အစီးရေ ခြောက် ရာခန့်ကို ယာဉ်ထိန်းရဲတစ်ဦးက စောင့်ကြည့်နေရတဲ့ အနေအထားမျိုးပါ"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်း မှု၊ ယာဉ်စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှုများအား ထိန်းသိမ်းဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား နည်းပါးမှုကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ယာဉ်မ တော်တဆမှုနှင့် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Ref : Automobile

** ဖေဖော်ဝါရီလအတွင်း လမ်းမကြီးများပေါ် စည်းကမ်းမဲ့ရပ်နားယာဉ် ဖမ်းဆီးအရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိ **

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း၌ ဖေဖော်ဝါ ရီလအတွင်း ယာဉ်မရပ်ရ သတ် မှတ်ထားသည့် လမ်းမကြီးများပေါ် တွင် စည်းကမ်းမဲ့ယာဉ်ရပ်နား မှု အရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ သိရသည်။ ယာဉ်မရပ်ရ သတ်မှတ်ထားသည့်လမ်းမကြီး ၅၇ ခုပေါ်၌ ရပ်နားသည့် ယာဉ်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ဖမ်းဆီးအရေးယူမှု စုစုပေါင်း ၁,ဝ၇၅ မှုရှိခဲ့ပြီး ကရိန်းဖြင့် ဖမ်းဆီး အရေးယူမှု ပေါင်းလေးရာ၊ ချလန်ဖြတ် အရေးယူမှု စုစုပေါင်း ၈၅၅ မှု ရှိခဲ့ကြောင်း သိရသည်။ "ဖမ်းဆီးမှုတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လိုက်တော့ ယာဉ်ကြောကျပ်တည်းမှု သိသိသာသာ လျော့ကျသွားတယ်၊ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အဆိုပါ ယာဉ်မရပ်ရ လမ်း မကြီးများပေါ် ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူမှုများအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် အထိယာဉ်အစီး ရေ ၅,၁၂၁ စီးကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ref : Automobile

** ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုးပြေးဆွဲရန် မထသသို့တင်ပြ **

ရန်ကုန်-ပဲခူး၊ ရန်ကုန်-မှော်ဘီ၊ ရန်ကုန်-တိုက်ကြီး ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၇ စီး အစားထိုး ပြေးဆွဲရန် မော်တော်ယာဉ်လုပ်ငန်းပေါင်း စုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ တင်ပြထားရှိကြောင်း ဟိုင်းလပ် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ ယခု ဖေဖော်ဝါရီလကုန်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်းသို့ ဟိုင်းလပ်ယာဉ် ဝင်ရောက်ပြေးဆွဲခွင့် တားဆီးလိုက်သောကြောင့် မီနီဘတ်စ် ပြောင်းလဲပြေးဆွဲခွင့် လျှောက်ထားလာခြင်းဖြစ်ပြီး လက်ရှိတွင် မီနီဘတ်စ် ၄၇ စီး ပြောင်းလဲပြေးဆွဲရန် တင်ပြထားကြောင်း သိရသည်။ "တင်ပြထားတာတော့ မှန်တယ်၊ ဒါပေမဲ့ အစီးရေ သုံးဆယ်က ဆွေးနွေးမှုအဆင့်ပဲ ရှိသေးတယ်၊ ၁၇ စီးကတော့ ပြေးဆွဲခွင့် ရပြီ၊ အစီးရေ သုံးဆယ်က အရစ်ကျ စနစ်တွေ ပါဝင်တာကြောင့် ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေ၊ သတ်မှတ်ချက်တွေ ကျန်နေလို့ပါ၊ ဒါပြီးရင်တော့ ပြေး ဆွဲခွင့်ကျမှာပါ"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဝင်ရောက် ပြေးဆွဲလျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၈၅ဝ ဖြင့် ပုံမှန်ပြေးဆွဲလျက်ရှိကာ မီနီဘတ်စ်များဖြင့် ပြောင်းလဲပြေးဆွဲနေသည့် ယာဉ်အစီးရေ ၃၉ စီးအထိ ရှိလာကြောင်း၊ ထို့ပြင် ထပ်မံပြောင်းလဲပြေးဆွဲ ရန်အတွက် အစီးရေ ၄၇ စီး တင်ပြထားကြောင်း၊ အများစုမှာ ရန်ကုန်-မှော်ဘီ ယာဉ်လိုင်းများဖြစ်ကြောင်း သိရသည်။

Ref : Automobile

** ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းယာဉ်လိုင်း၌ LPG စနစ်များ တိုးချဲ့တပ်ဆင် **

ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းရှိကားများ LPG စနစ်များ ထပ်မံတပ်ဆင်ထားကြောင်း 'Powertek Engineering Group'မှ သိရသည်။ ယခင်က မေတ္တာလှိုင်းယာဉ်လိုင်းတွင် LPG စနစ်ကို လေးစီးသာ တပ်ဆင်ထားသော်လည်း ကုန်ကျစရိတ်သက်သာသောကြောင့် ကား ငါးစီး ထပ်မံတပ်ဆင်ထားကြောင်း သိရ သည်။ ထို့ပြင် ၈၁-အဝါ၊ ရွှေရန်ကုန်၊ LPG များနှင့် ကြိုပို့ ယာဉ်များတွင်လည်း Taxi စနစ်များ တပ်ဆင်မှုရှိလာကြောင်း သိရသည်။"LPG မှာ အဓိကပြဿနာက ဓာတ်ငွေ့ အရည်အသွေးပါပဲ၊ ကျန်တဲ့ ကား Heat တက်တာ၊ အင်ဂျင်ပါဝါ ထိန်းတာနဲ့ ဆီစား နှုန်းတွေက CNG ထက်သာပါတယ်၊ မေတ္တာလှိုင်းကတော့ LPG ဓာတ်ငွေ့ကို မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုလျှံတာတွေ ဝယ်ယူအသုံးပြုနေလို့ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး သိပ်ပြဿနာမရှိဘူး၊ စရိတ်ကလည်း CNG နဲ့က တစ်ရက် ၃၃,ဝဝဝ လောက်ကျရင် အခု ၂၂,ဝဝဝ လောက်ပဲ ကျတာကြောင့် တခြားယာဉ်တွေမှာလည်း LPG ကို တိုးချဲ့တပ်ဆင်တာပါ" ဟု မေတ္တာလှိုင်းယာဉ်လိုင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။LPG စနစ် တပ်ဆင်ခများမှာ တစ်စီးလျှင် ခုနစ်သိန်း ခွဲ၊ City Bus တစ်စီးလျှင် ၁၇ သိန်းခွဲဖြင့် တပ်ဆင်နို်င်ပြီး LPG ဓာတ်ငွေ့ကို lP Gas Company နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင် ဖြည့်နို်င်ကြောင်း သိရသည်။

Ref : Automobile

** တိုက်ကြေကားများကို မူလပိုင်ရှင်များထံသို့ပြန်ပေးရန် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေးနေ **

ပြည်ပမှ တင်သွင်းလာသော တိုက်ကြေကားများကို ဆိပ်ကမ်းများ၌ ထိန်းသိမ်းခဲ့ရာတွင် အခွန်အယူခံ အောင်မြင်သည့်ကားများကို မူလပိုင်ရှင်များထံသို့ ပြန်ပေးရန် ဝန်ကြီးဌာနနှစ်ခု ဆွေးနွေးနေကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် တိုက်ကြေကား တင်သွင်းလာသူ များကို ငဲ့ညှာသောအားဖြင့် တိုက်ကြေကားနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ပြန်မည်မဟုတ်သလို အယူခံဝင်သည့် ကုမ္ပဏီများကိုလည်း အယူခံအောင် မြင်ပါက ပြန်လည်ထုတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ အယူခံ အောင်မြင်သော တိုက်ကြေကားများကို ပြန်လည်ထုတ်ပေးမည့် အစီအစဉ်နှင့် ပတ်သတ်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "တိုက်ကြေကားတွေကို သိမ်းဆည်းခဲ့ပြီး နောက်ပိုင်း ယာဉ်ပိုင်ရှင်တချို့က အယူခံဝင်တာ ၁၆ စီးအောင် မြင်သွားပါတယ်၊ အယူခံအောင်တဲ့ ကားတွေကို ပြန်ပေးဖို့ဆိုတာ အကောက်ခွန်ဦးစီးဌာန တစ်ခုတည်း အနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး၊ တိုက်ကြေကားတွေက သံရည်ကျို ပို့ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် ပြန်ပေးဖို့ဆိုတာ မော်တော် ယာဉ်တင်သွင်းမှု ကော်မတီတွေ ဖြစ်တဲ့ တခြားဝန်ကြီးဌာနတွေရဲ့ သဘောတူညီမှုရရှိမှ ခွင့်ပြုပေးလို့ ရပါတယ်"ဟု ပြောကြားခဲ့သည်။ အကောက်ခွန် ဦးစီးဌာနမှ ၂ နှစ်တာ ကာလအတွင်း တိုက်ကြေကားများကို သိမ်းဆည်းခဲ့ရာ အစီးရေ ၁၂၉ စီးရှိခဲ့ပြီး ထိုကား များထဲတွင် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများနှင့် ၆၆ဝ စီစီ Carry Truck များ အများဆုံးပါဝင်ကြောင်း သိရှိရသည်။

Ref : Automobile

Author