Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week-500x185

  • iPay စနစ် အရှုံးပေါ် ခြင်းကြောင့် e-ticket လက်မှတ်ဖြတ်စနစ်ကျင့်သုံးရန် အစီအစဉ်မရှိသေးဟု ပါရမီယာဉ်လိုင်းမှဆို
  • ဟံသာဝတီအဝိုင်း မီးပွိုင့်တပ်ဆင်အသုံးပြုခြင်း မတ်လတွင် စတင်မည်
  • အိမ်ပြောင်းရွှေ့ရာ၌ ဝန်ဆောင်မှု လုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမို များပြားလာ
  • ဇန်နဝါရီလအတွင်း CNG ရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိ
  • အမြန်လမ်းတစ်လျှောက် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ်ပေါ်နေ
  • စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပေးမည်ဆိုပါက နှစ်နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မကိုက်ညီဟုဆို
  • မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement အတုပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်
  • စက်မှုဇုန်ထုတ်ကားများ၏ ဂယက်ကြောင့် ကားဟောင်းစလစ်ဈေးတန့်
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း 'အ'အက္ခရာကားများ အပ်နှံမှုပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိ
  • ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုနှင့် ပတ်သက်ပြီး စီးပွား/ကူးသန်းမှ ရထားပို့ဆောင်ရေးဝန်ကြီးဌာနထံ စာထုတ်မေးမြန်း
  • *ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေး

iPay စနစ် အရှုံးပေါ် ခြင်းကြောင့် e-ticket လက်မှတ်ဖြတ်စနစ်ကျင့်သုံးရန် အစီအစဉ်မရှိသေးဟု ပါရမီယာဉ်လိုင်းမှဆို

မြို့တွင်းခရီးသည်တင် ပါရမီယာဉ် လိုင်းများ၌ လက်ရှိ အသုံးပြုလျက် ရှိသည့် ငွေအကြွေအစားထိုး iPay စနစ်မှာ ခရီးသည် အသုံးပြုမှု နည်းပါးခြင်းကြောင့် အရှုံးပေါ်လျက် ရှိနေပြီး ယင်းကြောင့် e-ticket စနစ် ကျင့်သုံးရန် အစီအစဉ်မရှိသေးကြောင်း 'ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်'မှ သတင်းရရှိသည်။ ခရီးသည်တင် ယာဉ် လိုင်းများ၌ ယာဉ်အကူမလိုဘဲ အလိုအလျောက်စက်ဖြင့် လက်မှတ်ဖြတ်ပေးသည့် Electronic လက်မှတ်ဖြတ် e-ticket စနစ် ကျင့်သုံးရန် စီစဉ်လျက်ရှိပြီး မထသလက် အောက်ရှိ ယာဉ်လိုင်းများ၌ e-ticket စနစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ "iPay တုန်းကလည်း ယာဉ်လိုင်းတွေမှာ တပ်ဆင်အသုံးပြုခဲ့တယ်၊ ဒါပေမဲ့ ခရီး သည်တွေက သိပ်မသုံးကြဘူး၊ အဆင်မပြေတာကြောင့်ရော၊ ယာဉ်အကူ စပယ်ယာတွေရဲ့ စည်းကမ်းမရှိမှုတွေကြောင့်ရောပေါ့၊ ဒါပေမဲ့ အခု နာမည်ကြီးနေတဲ့ e-ticket ကို သုံးဖို့ အစီအစဉ်မရှိသေးဘူး၊ တခြား ယာဉ်လိုင်းတွေမှာ သုံးလို့အဆင်ပြေတယ် ကြားရင်တော့ စဉ်းစားဖြစ်မှာပါ"ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ e-ticket စနစ်သည် စက်တွင် လက်မှတ်ကပ်ရုံဖြင့် မော်တော်ယာဉ်စီးနင်းနိုင်သောကြောင့် လက်ရှိဖြစ်ပေါ်နေသော ငွေအကြွေ ရှားပါးမှု အပြင်စပယ်ယာနှင့် ခရီးသည်အကြား အချင်းများမှုကိုလည်း ရှောင်ရှားနိုင်ကြောင်း၊ ယခုအခါ e-ticket စနစ်ကို မထသလက်အောက်ရှိ ယာဉ်လိုင်းများတွင်တပ်ဆင်အသုံး ပြု မည်ဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

Ref: Automobile

ဟံသာဝတီအဝိုင်း မီးပွိုင့်တပ်ဆင်အသုံးပြုခြင်း မတ်လတွင် စတင်မည်

စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းတွင် မီးပွိုင့်တပ်ဆင်အသုံးပြု ခြင်းကို မတ်လတွင် စတင်မည်ဖြစ်ကြောင်း 'ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ'မှ သိရ သည်။ ဟံသာဝတီအဝိုင်း၌ ယာဉ်ကြောကျပ်တည်းမှုနှင့် ပိတ်ဆို့မှုမှာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့်အတွက် မီးပွိုင့်တပ်ဆင် အသုံးပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို လာမည့်မတ်လတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဝိုင်းလမ်းဆုံ လေးနေရာ၌ မီးပွိုင့်များ တပ်ဆင်ထားရှိပြီး မီးပွိုင့်မိနစ်ချိန်သားကိုက်ရန် တွက်ချက်မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ "အဓိက ကတော့ အဝိုင်းပတ် လမ်းထဲမှာ ယာဉ်ကြောကျပ်ပြီး ယာဉ်တွေ ရပ်တန့်နေတာမရှိတော့ဘူး၊ အဝိုင်းပြင်ပမှာပဲရှိမယ်၊ ယာဉ် ကြောကျပ်တာကို ဖြေလျှော့ပေးမှာ ဆိုတော့ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်း မီးပွိုင့်တို့နဲ့ ချိတ်ဆက်ရမယ်၊ ဒါကြောင့် မီးပွိုင့် တပ်ဆင်ထားပြီးပေမဲ့ မလွှတ်နိုင်သေးတာ၊ ဆင်ဆာစနစ် မီးပွိုင့်ဆိုရင် ပိုအဆင်ပြေနိုင်မယ် ဆိုပေမဲ့ ဘတ်ဂျက်မရနိုင်တော့ ရိုးရိုးမီးပွိုင့်ပဲ လတ်တလော အသုံးပြုနိုင်မယ်"ဟု 'မြို့တော် စည်ပင်၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)'မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ဟံသာဝတီအဝိုင်း၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လက်ရှိအသုံးပြုလျက်ရှိသည့် အဝိုင်းပတ် စနစ်အပြင် ယခုကဲ့သို့ ရိုးရိုးမီးပွိုင့်စနစ်တို့ကို တိုး ချဲ့တပ်ဆင်ခြင်း ဖြစ်ပြီး ကုန်ကျ စရိတ်အနေဖြင့် ကျပ်သိန်း ငါးဆယ်ခန့် ကုန်ကျခဲ့ကြောင်း၊ ယာဉ်ကြော ကျပ်တည်းမှုအပေါ် လိုက်၍ အလိုအလျောက် မီးပွိုင့်သတ်မှတ်ပေးသည့် ဆင်ဆာစနစ်ပါ အသုံးပြု မည်ဆိုပါက အမေရိကန်ဒေါ်လာ နှစ်သောင်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

Ref: Automobile

အိမ်ပြောင်းရွှေ့ရာ၌ ဝန်ဆောင်မှု လုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမို များပြားလာ

ရန်ကုန်မြို့တွင်း အိမ်အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်းများ ငှားရမ်းအသုံးပြုမှု ပိုမိုများပြားလာကြောင်း အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှု လုပ်ငန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။ အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ ၂ဝ၁ဝ ပြည့်နှစ် ခန့်မှ စတင် ခေတ်စားလာခဲ့ပြီး လက်ရှိတွင် အဆိုပါဝန်ဆောင်မှု အသုံးပြု မှုများမှာ ၈ဝ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။ "အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုတွေသုံးရတာ အဆင်ပြေတယ်၊ လူလည်း သက်သာတယ်၊ အရင် ကိုယ်ကိုယ်တိုင် ရွှေ့တုန်းကဆိုရင် အရမ်း ပင်ပန်းတယ်၊ ပစ္စည်းတွေနေရာချဖို့ စီစဉ်ရတာနဲ့ အရမ်းကို အလုပ်ရှုပ်တယ်၊ အိမ်ပြောင်းရမှာတောင် ကြောက်တယ်၊ အခုတော့ ဒီလို ဝန်ဆောင်မှုလုပ်ငန်းတွေ ပေါ်လာတော့ အိမ်ပြောင်းရတာ တော်တော်အဆင်ပြေစေတယ်"ဟု အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှု ငှားရမ်းအသုံးပြုသူ ဒေါ်ခင်ဝင်းက ဆိုသည်။ အဆိုပါ ဝန်ဆောင်မှုကို ငှားရမ်းအသုံးပြုရာ၌ ခရီးအကွာအဝေး၊ အထပ်အနိမ့်အမြင့်အပေါ် မူတည်၍ အနည်းဆုံး ကျပ် သုံးသောင်းခွဲမှ တစ်သိန်းကျော် အထိရှိ ကြောင်း သိရသည်။ "အခုနောက်ပိုင်း အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်တဲ့သူတွေ များလာတယ်၊ ဒီတော့ ကိုယ့်ဘက်က Service ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစား ရတယ်၊ ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ လုံလောက်တဲ့ ယာဉ်အစီးရေတွေ ဖြည့်တင်း ဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်"ဟု 'မကြွေသောပန်း အိမ်အပြောင်းအရွှေ့ ဝန် ဆောင်မှုလုပ်ငန်း'မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင်း၌ အိမ်အပြောင်းအရွှေ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း ၁၅ ခုခန့်ရှိပြီး မိမိအိမ်ရှိ ပစ္စည်းများနှင့် ချိန်ဆကာ မော်တော်ယာဉ်အား အကြီး၊ အသေး ရွေးချယ်ငှားရမ်းမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

Ref: Automobile

ဇန်နဝါရီလအတွင်း CNG ရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိ

စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် CNG သဘာဝဓာတ်ငွေ့ရောင်းချမှုမှ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိခဲ့ ကြောင်း 'စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ' မှ သိရသည်။ CNG သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဇန်နဝါရီလအတွင်း ဓာတ်ငွေ့ပမာဏ ကုဗ ပေသန်းပေါင်း ၆၂၂ သန်းကျော် ရောင်းချခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၃၇,၆၈၉ ကျော် ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ပလိပ်၊ ရေနံချောင်း၊ ချောက် မြို့နယ်များတွင် ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၁၇ သန်းကျော် ရောင်းချခဲ့ရပြီး ငွေကျပ် သိန်းပေါင်း ၁,ဝ၉၉ သိန်း ရရှိခဲ့ကြောင်း၊ တစ်လအတွင်း CNG စုစုပေါင်းရောင်းချမှုမှ ငွေကျပ် သိန်းပေါင်း ၃၈,၇၉ဝ ကျော်ရရှိခဲ့ကြောင်း သိရသည်။ "CNG အရောင်းဆိုင်တွေကို ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါတယ်" ဟု စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် CNG အရောင်းဆိုင်ပေါင်း ၄၅ ဆိုင်ရှိပြီး ရန်ကုန်တွင် ဆိုင်ပေါင်း လေးဆယ်၊ မန္တလေး တွင် တစ်ဆိုင်၊ ရေနံချောင်းတွင် တစ်ဆိုင်၊ ပလိပ်တွင် တစ်ဆိုင်ရှိပြီး ချောက်မြို့တွင် တစ်ဆိုင်တို့ဖြစ်ကြောင်း သိရသည်။

Ref: Automobile

အမြန်လမ်းတစ်လျှောက် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ်ပေါ်နေ

ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်၌ လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ် ပေါ်နေကြောင်း 'ဆောက်လုပ်ရေး ဝန်ကြီးဌာန'၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။ လက်ရှိတွင် အမြန်လမ်းမကြီးတစ်လျှောက်၌ တစ်ရက်လျှင် ပျှမ်းမျှ ယာဉ်အစီးရေ ၁၂,ဝဝဝ ခန့် နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိပြီး ဖြတ်သန်းနေသည့် အစီးရေ တစ်သောင်းကျော်ခန့်တွင် ယာဉ်မတော်တဆမှု တစ်မှု ဖြစ်ပွားလျက်ရှိသဖြင့် လေးရက်လျှင် ယာဉ်မတော်တဆမှု သုံးမှုခန့် ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။ "အမြန်လမ်းကို အသုံးပြု သွားလာတဲ့ယာဉ် များလာတာနဲ့ အမျှ ယာဉ်မတော်တဆမှုတွေ လည်း တစ်လကို အကြိမ်နှစ်ဆယ် လောက်ဖြစ်လာတာတွေ့ ရတယ်"ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း (အမြန်လမ်းပိုင်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အမြန်လမ်းမကြီး စတင် အသုံးပြုခဲ့ သည့် ၂ဝဝ၉ ခုနှစ်၊ မတ်လမှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ယာဉ်မတော်တဆမှု ပေါင်း ၅၄၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃ဝ၉ ဦး၊ ဒဏ်ရာရရှိသူ ၁,၂၂၅ ဦး ရှိခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

Ref : Automobile

စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပေးမည်ဆိုပါက နှစ်နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မကိုက်ညီဟုဆို

စက်မှုဇုန်ထုတ်ကားများကို အပ်နှံ ခွင့်ပေးမည်ဆိုပါက နှစ် နှစ်ဆယ် ကားဟောင်းအပ်နှံမှု ပေါ်လစီနှင့် မ ကိုက်ညီတော့ကြောင်း 'နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက်တာ မြတ်ဥာဏစိုးက "စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့သည့် အရည်အသွေးနိမ့်ကျသော မော်တော်ယာဉ်များအတွက် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုတွင် ထည့်သွင်းဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုကြောင်း" ရထားပို့ ဆောင်ရေးဝန်ကြီးဌာနထံ မေးမြန်းခဲ့သည်။ ထိုမေးခွန်းနှင့် ပတ်သက်၍ ကားဟောင်းဈေးကွက် လှုပ်ခတ် သွားပြီး စက်မှုဇုန်ထုတ်ကားများ အပ်နှံခွင့်ပြု၊ မပြုကိစ္စကို ကားလောကအတွင်း အငြင်းပွားဖွယ် ဖြစ်နေခဲ့သည်။ စက်မှုဇုန်ထုတ် ကားများ အပ်နှံခွင့်ပြု၊ မပြုကိစ္စနှင့် ပတ်သက် ၍ ကညနမှ အရာရှိတစ်ဦးက "ကညနရဲ့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအရ နှစ် နှစ်ဆယ်ကျော် ကားတွေကိုပဲ အပ်နှံခွင့်ပေး တာ ဖြစ်ပါတယ်၊ လက်ရှိအချိန်မှာ စလစ်ဈေးက ကောင်းနေတဲ့အတွက် စက်မှုဇုန်ကားတွေက ဝင်တိုးတာ ဖြစ်ပါတယ်၊ လွှတ်တော်မှာ ဒေါက်တာ မြတ်ဥာဏစိုးက စက်မှုဇုန် ထုတ်ကားတွေက Road Safety မဖြစ်ဘူး၊ အပ်လို့ရမလားဆိုပြီး မေးတဲ့အခါ ရထားပို့ဆောင်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ကားတွေကို အပ်နှံခွင့်ပေးဖို့ ပြန်ပြီး သုံးသပ်ပါမယ်လို့ ဖြေကြားခဲ့ပါတယ်၊ စက်မှုဇုန်ထုတ်ကားတွေက ၂ဝဝ၁ ခုနှစ်က စပြီး ထုတ်ထားတာ ဖြစ်တဲ့အတွက် နှစ် နှစ်ဆယ် မကျော်သေးပါဘူး၊ ကားဟောင်း စလစ်ဈေးက တက်နေ တဲ့အတွက် ကောလာဟလတွေ အမျိုးမျိုးထုတ်လွှင့်နေတဲ့အပေါ်မှာ ပြည်သူလူထုတွေက ရိုက်ခတ်မှုခံနေရတာ ဖြစ်ပါတယ်၊ မူဝါဒအရ လုပ်တော့လည်း စက်မှုဇုန် ကားတွေ က စုတ်နေပြီ၊ Road Safety မဖြစ်ဘူးဆိုပြီး ပြောကြပြန်တယ်၊ အရင်ကတော့ စက်မှုဇုန်ထုတ်ကားတွေက ကောင်းလှပါပြီ ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်၊ စက်မှုဇုန်ထုတ် ကား ဆိုတာကလည်း ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားပြီး သူများကားကို ကိုယ့်ကား လုပ်ထားတာ ဖြစ်တယ်၊ ဒါပေမဲ့ စက်မှုဇုန်ထုတ်ကားတွေ အပ်နှံခွင့်ပြု၊ မပြုဆိုတဲ့ ကိစ္စက လွှတ်တော်အထိ ရောက်သွားတဲ့အတွက် အပ်နှံခွင့် ပြုမယ်ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်"ဟု ပြောကြားခဲ့ သည်။ စက်မှုဇုန်ထုတ် ကားများကို ၂ဝဝ၁ ခုနှစ်မှ စတင်ထုတ် လုပ်ခဲ့ရာ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအထိ အစီးရေ ၉၆,၆၄၈ စီး မှတ်ပုံတင်ပြုလုပ်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Ref : Automobile

မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement အတုပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်

မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားများကို အတုပြုလုပ်ပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက် သွား မည် ဖြစ်ကြောင်း 'စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သွင်းကုန်၊ ထုတ်ကုန်ဌာန(OSS)' မှ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မော်တော်ယာဉ်ပါမစ်များ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များသည် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် Bank Statement များ အတု ပြုလုပ် လျှောက်ထားမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လျှောက်ထားသော ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ လျှောက်ထားသည့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ Bank Passbook များအား မလျှောက်ထား မီ မှန်ကန်မှု ရှိ၊ မရှိ စနစ်တကျ စစ်ဆေးရန်နှင့် မှန်ကန်မှုရှိမှသာ လျှောက်ထားရမည် ဖြစ်ပြီး အတုပြုလုပ်၍ လျှောက်ထားလာကြောင်း စိစစ်တွေ့ရှိပါက ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအား ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ အသိပေးကြေညာခဲ့သည်။

Ref : Automobile

စက်မှုဇုန်ထုတ်ကားများ၏ ဂယက်ကြောင့် ကားဟောင်းစလစ်ဈေးတန့်

ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့် ပေးဖွယ်ရှိသည် ဆိုသည့် သတင်းများကြောင့် ကားဟောင်း စလစ်ဈေးများ ရပ်တန့်သွားခဲ့ ကြောင်း ကား ဝယ်/ရောင်းများထံမှ သိရှိရသည်။ကားဟောင်း စလစ်ဈေးများသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တရိပ်ရိပ် မြင့်တက်ခဲ့ရာ ပြီးခဲ့သည့်တစ်ပတ်အတွင်း ကျပ် ၁ဝ၅ သိန်းအထိ မြင့်တက်သွားခဲ့သည်။ သို့သော် လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက်တာ မြတ်ဥာဏစိုး၏ စက်မှုဇုန် ထုတ်ကားများကို အပ်နှံခွင့်ပေး၊ မပေးဆိုသည့် မေးခွန်းကြောင့် ဇုန်ထုတ်ကားများမှာ ဈေးနှုန်းမြင့် တက်သွားခဲ့ပြီး ကားဟောင်းစလစ် ဈေးများမှာမူ အနည်းငယ် ကျဆင်း သွားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ကားဟောင်းစလစ် ဈေးကွက်နှင့် ပတ်သက်၍ ကား ဝယ်^ရောင်းတစ်ဦးက "ကား ဟောင်းစလစ်ဈေးက တရိပ်ရိပ် မြင့်တက်လာခဲ့ရာကနေ စက်မှုဇုန် ထုတ်ကားတွေကို အပ်နှံခွင့်ပေး ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် စလစ်အရောင်းအဝယ်တွေ ရပ်တန့်သွားခဲ့ပါတယ်၊ ဒီရက်ပိုင်း အတွင်းမှာ ကားဟောင်းတွေက အရောင်းပဲရှိပြီး အဝယ် မရှိသလောက် ဖြစ်နေပါတယ်၊ အများစုကတော့ 'လ၊ သ၊ အ' ကားဟောင်းတွေထက် စက်မှုဇုန် ထုတ်ကားတွေကို ရှာဖွေဝယ်ယူ နေကြပါတယ်၊ အချိန်ကာလအ တော်ကြာ လမ်းပေါ်မှာ ပျောက်ဆုံးနေတဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားတွေလည်း ပြန်ပြီး ပေါ်လာပါတယ်"ဟု ဆိုခဲ့သည်။ယခု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက်အခြေအနေအရ 'လ၊ သ၊ အ' အက္ခရာ ကားဟောင်းများသည် ၉၈ သိန်းဝန်းကျင်၊ ထိုကားများ၏ အမည်ပေါက် စလစ်တစ် စောင်သည် ကျပ် ၁ဝ၃ သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး အပ်နှံခွင့်ပေးဖွယ်ရှိသော စက်မှုဇုန်ထုတ် ဂျစ်ကားများသည် ကျပ် သိန်း လေးဆယ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရ သည်။

Ref : Automobile

ရန်ကုန်တိုင်းဒေသကြီးအတွင်း 'အ'အက္ခရာကားများ အပ်နှံမှုပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိ

ရန်ကုန်တိုင်းဒေသကြီး အတွင်း 'အ' အက္ခရာကားများမှာ အပ်နှံမှု ပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိတော့ကြောင်း 'မြင်သာ ကညနရုံး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန'မှ သိရသည်။ အပ်နှံဆဲဖြစ်သည့် 'အ'အက္ခ ရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အပ်နှံမည့်အစီးရေမှာ ၄,၇၅ဝ စီး ရှိပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ အစီး ရေ ၄,၂၈၈ စီး အပ်နှံပြီးစီးခဲ့ပြီး ဖြစ်သည်။ အပ်နှံရန်ကျန်ရှိသည့် 'အ'အက္ခရာ ကားများမှာ အစီးရေ လေးရာကျော်သာ ကျန်ရှိတော့သည့်အတွက် အပ်ကားများ နည်းပါး လာ ပြီဖြစ်သည်။ ထို့အတူ တက္ကစီစလစ်အတွက် အပ်နှံခွင့်ပြုခဲ့သော Cheryကားများမှာ ဖေဖော်ဝါရီ ၁၈ ရက်အထိ အစီးရေ ၂၆၄ စီးအပ်နှံပြီး ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်း ဌာန၏ နေ့စဉ် အပ်နှံမှုစာ ရင်းများအရ အက္ခရာစုံမှ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ခြောက် ဆယ်ဝန်းကျင်ခန့် လာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။ "ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုက အခုရက်ပိုင်းမှာအပ်နှံမှု ပုံမှန်ပြန်ဖြစ်သွားတယ်၊ တစ်ရက်ကို အစီးရေ ခြောက်ဆယ်၊ ခုနစ်ဆယ် ဝန်းကျင်လာရောက် အပ်နှံကြတယ်၊ 'အ' အက္ခရာ ကားတွေကတော့ တစ်ရက်ကို ပုံမှန်အစီးရေ သုံးဆယ်ဝန်းကျင် အပ်နှံမှုရှိပါတယ်၊ နောက်ထပ် အပ်နှံခွင့်ပြုမယ့်အက္ခရာကတော့ တိတိကျကျ မသိသေးတဲ့အတွက် ပြောလို့ မရသေးပါဘူး၊ ဇုန်ကားတွေကို အပ်နှံခွင့်ပြုဖို့အတွက် ဘယ်လို အပ်နှံရမယ်ဆိုတာကို အခုမှစီစဉ်တုန်းပဲ ရှိပါသေးတယ်၊ အထက်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရ တာဖြစ်လို့ ဘယ်လိုအပ်နှံမှုမျိုးဖြစ်မလဲ ဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး"ဟု ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် မည်သည့် အက္ခရာခေါ်ယူမည်ဟု အတိအကျ မသိရခြင်းကြောင့် ဈေးကွက်အတွင်း အပ်ကားများရှိနေခဲ့ပြီး ဈေးနှုန်းမြင့်တက်မှုများရှိလာခဲ့ကာ 'အ' အက္ခရာ ကား များ၏အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၃ သိန်းဝန်းကျင်နှင့် ရိုးရိုးစလစ်တစ် စောင်လျှင် ကျပ် ၉၈ သိန်းဝန်း ကျင်ပေါက်ဈေးရှိကြောင်း ဈေးကွက် အတွင်းမှသိရ သည်။

Ref : Automobile

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုနှင့် ပတ်သက်ပြီး စီးပွား/ကူးသန်းမှ ရထားပို့ဆောင်ရေးဝန်ကြီးဌာနထံ စာထုတ်မေးမြန်း

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ်နှင့် ပတ်သက်ပြီး စီးပွားရေနှင့် ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနမှ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံ စာထုတ်မေးမြန်း ထားကြောင်း သိရသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများ နည်းတူ သက်တမ်းအလိုက် အပ်နှံခွင့်ပြုမည် ဆိုသော်လည်း ထိုမူဝါဒမှာ လက်တွေ့အကောင်အထည် မဖော်နိုင်သေးသောကြောင့် မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်ဌာနတစ်ခုဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထံ စာထုတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံ ခြင်း ပေါ်လစီနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက "ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနဆီ စာထုတ်ပြီး မေးမြန်းထားပါတယ်၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနအနေနဲ့ ကားဟောင်းအပ်နှံမှုနဲ့ ပတ်သက်ပြီး အစီအစဉ်တွေကို ချပြ ပေးစေလိုပါတယ်၊ ဘယ်ကား ကို ဘယ်အချိန်မှာ အပ်နှံခွင့်ပေးမယ်၊ တစ်နှစ်အတွင်းမှာ အက္ခရာ ဘယ်နှခု ခေါ်ယူမယ်ဆိုတာကို အများပြည်သူ သိရှိအောင် ချပြပေးမယ် ဆိုရင် ကားဟောင်းစလစ်ဈေးက အတက်အကျ ရှိတော့မှာ မဟုတ်ပါဘူး၊ ကားဟောင်းစလစ် ဈေးတွေ အဆမတန် မြင့်တက်နေတဲ့အတွက် စလစ်ကပ်ကားတွေထက် Free Permit ကားတွေကို တင်သွင်းလာကြလို့ ကား အစီးရေတွေ များပြားလာတာ ဖြစ်ပါတယ်၊ တစ်စီးအပ်ပြီး တစ်စီးသွင်းမယ် ဆိုရင် ကားကောင်းတွေလည်း များ လာမယ်၊ အစီးရေလည်း အဝင်/အထွက် မျှတသွားမှာ ဖြစ်ပါတယ်၊ အက္ခရာတွေ၊ နှစ်ကန့်သတ်ချက်တွေ၊ စက်မှုဇုန်ကားတွေ ဆိုပြီး မခွဲခြားဘဲ ယာဉ်ပိုင်ရှင်ဆန္ဒအရ အပ်နှံ ခွင့်ပေးသင့်ပါတယ်"ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားခဲ့သည်။

Ref : Automobile

ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေး

ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲ ခွင့် တားမြစ်ထားသော ရန်ကုန်- ပဲခူး ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ် အစားထိုး တင်သွင်း ပြောင်းလဲ ပြေးဆွဲခြင်းအတွက် လျှောက်ထားမှု မရှိသေးကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗပာိုကော်မတီ'မှ သတင်း ရရှိသည်။ အဆိုပါ ယာဉ်များ မြို့တွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ယခုလ ၂၈ ရက်အထိ ခွင့်ပြုထားပြီး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံ၍ မီနီဘတ်စ်အစားထိုး တင်သွင်းပြေးဆွဲ ခြင်း၊ ကုန်စည်တင်ယာဉ်နှင့် အဝေးပြေးယာဉ်များအဖြစ် ပြောင်းလဲပြေးဆွဲခွင့်ပြုထားကြောင်း၊ အဆိုပါ ပြောင်းလဲမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ကုန်စည်တင်ယာဉ် ပြောင်းလဲခြင်းအတွက် ယာဉ် နှစ်စီး၊ အဝေးပြေးယာဉ် သုံးစီးသာ လာရောက် လျှောက်ထားခဲ့ကာ မီနီဘတ်စ် ပြောင်းလဲ ပြေးဆွဲရန် လျှောက်ထားမှု မရှိသေးကြောင်း သိရသည်။ "လက်ရှိ အချိန်အထိ တော့ လာမလျှောက်သေးဘူး၊ Lucky Family မှာတော့ မီနီဘတ်စ်လာဝယ်တာ များနေပြီလို့ကြားတယ်၊ ၂၈ ရက်အထိ ခွင့်ပြုထားတော့ ရတဲ့ရက်အထိ ဆွဲနေဦးမယ်လို့ ထင်တယ်၊ ဥပမာ တိုက်ကြီးဘက်က ကားတွေဆိုရင် ထောက်ကြံ့မှာ ဂိတ်ဆုံးမှာဆိုတော့ ဆွဲနေဦးမယ်၊ ပြောင်းမှာမဟုတ်ဘူး၊ ဒလ-တွံတေး ကားလည်း ဒီလိုပဲဖြစ်မှာပဲ" ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှ အောင်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုင်းလပ် ယာဉ်မောင်းတစ်ဦးက "ဒါက ချက်ချင်းကြီးပြောင်းလဲလို့ရတာမှ မဟုတ်တာ၊ အမှန်ဆို မင်္ဂလာဒုံ လမ်းခွဲမှတ်တိုင်ကနေ ဆင်မင်းဈေး၊ ကမ်းနားဈေးလောက် အထိပဲ လူရတာ"ဟု ၎င်းင်း၏အမြင်ကို ပြောသည်။ ဟိုင်းလပ်ယာဉ်လိုင်း မြို့တွင်း ပြေးဆွဲခွင့် ကို ယခင်က ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ခွင့်ပြုထားကာ ယာဉ်လိုင်းပိုင်ရှင်များ၏ တောင်းဆိုမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်အထိ ခွင့်ပြုပေးထားပြီး အဆိုပါရက် ကျော်လွန်ပြေးဆွဲပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မီနီဘတ်စ် ပြောင်းလဲပြေးဆွဲရန်အတွက် လျှောက်ထားမှု မရှိသေး ကြောင်း သတင်းရရှိသည်။

Ref : Automobile

Author