Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week

  • ဆိပ်ကမ်းအတွင်းရှိ ရက်ခြောက်ဆယ်ကျော်ကားများ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက လေလံစာရင်းမှ ပယ်ဖျက်ပေးမည်
  • ၂ဝ၁၃-၂ဝ၁၄ မိုဒယ် Brand New ကားများကို ညာမောင်းတင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်
  • MIC ခွင့်မပြု၍ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီ၏ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှု ပြည်ထောင်စုအစိုးရသို့ တင်ပြမည်
  • Evergreen Autos မှ ကားများကို ဘဏ်တိုးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများပြုလုပ်
  • သုံးလတာကာလအတွင်း ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့် ဖမ်းဆီးအရေးယူ
  • မြို့အလှမပျက်စီးစေလို၍ ဟံသာဝတီအဝိုင်း၌ အဝိုင်းပတ်စနစ် ဆက်လက်အသုံးပြုမည်
  • ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေရုပ်သိမ်းပြီးနောက် ယာဉ်မတော်တဆမှုနှင့် စည်းကမ်းပျက်မောင်းနှင်မှုများ ပိုမိုများပြားလာ
  • ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှု အာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့
  • *အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ လက်မှတ်အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွားလမ်းမကြီး တစ်ပြိုင်နက်တည်း ဖွင့်မည်

ဆိပ်ကမ်းအတွင်းရှိ ရက်ခြောက်ဆယ်ကျော်ကားများ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက လေလံစာရင်းမှ ပယ်ဖျက်ပေးမည်

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား ရက်ခြောက် ဆယ်ကျော်ပါက ဆိပ်ကမ်းအာဏာပိုင်များမှ လေလံယာဉ်များ အဖြစ် သတ်မှတ်ခဲ့သော်လည်း အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ပါက လေလံယာဉ်စာရင်းမှ ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း 'မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့'မှ သိရသည်။ လက်ရှိအချိန်တွင် ဆိပ်ကမ်းအတွင်း ပြည်ပမှ တင်သွင်းလာသော ကားများကို ထုတ်ယူခွင့်အချိန် ရက်ပေါင်း ခြောက်ဆယ် သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိသော ကားများကိုသာ လေလံယာဉ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် အခက်အခဲရှိသည် ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် လာရောက် မထုတ်ယူသည် ဖြစ်စေ၊ သတ်မှတ် ရက်ကျော်လွန်ပြီးမှ ထုတ်ယူချင်သည်ဆိုပါက မည်သည့်ကိစ္စကြောင့် ထုတ်ယူရန် နှောင့်နှေးကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ဦးဆောင်ညွှန်ကြားရေး မှူးထံသို့ လိပ်မူကာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ ရက်ပေါင်း ခြောက်ဆယ်ကျော် ကားများ လေလံစာရင်းမှ ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက " ပြည်ပက တင်သွင်းလာတဲ့ ကားတွေကို ဆိပ်ကမ်းက ထုတ်ယူဖို့ အတွက် ID လုပ်ရတယ်၊ ပြီးရင် ကျန်တဲ့ စာရွက်စာတမ်းတွေနဲ့ ငွေသွင်းတာတွေကို ရက်ပေါင်း ခြောက်ဆယ်အတွင်းမှာ ပြီးပြတ်အောင် လုပ်ရတယ်၊ တခြား အကြောင်းကြောင့် ID လည်း မဖွင့်၊ စာရွက်စာတမ်း မှားတာ ဖြစ်ဖြစ်၊ ပိုက်ဆံ မချေရသေးလို့ ဖြစ်ဖြစ်၊ ကားကို အစစ်မခံနိုင်လို့ ဖြစ်ဖြစ် ရက်ခြောက်ဆယ်ကျော် သွားရင်တော့ အကောက်ခွန်ဦးစီး ဌာနနဲ့ မဆိုင်တော့ဘူး၊ ဒါပေမဲ့ ပြည်သူတွေအတွက် မနစ်နာရအောင် အခွင့်အရေး ပေးတဲ့အနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် လေလံစာရင်းက ပယ်ဖျက်ပေးပါတယ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကို ယာဉ်ပိုင်ရှင်က အသနားခံစာတင်လို့ ခွင့်ပြုတယ် ဆိုပြီး ဒီကို ပြန်လွှဲပေးတဲ့အခါမှ Custom အနေနဲ့ ဘုတ်အဖွဲ့ဖွဲ့ပြီး သာမန် လုပ်ရိုး လုပ်စဉ်အတိုင်း အခွန်ပေးဆောင်ခိုင်းတာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်း၌ သတ်မှတ်ရက်ကျော်လွန်သည့် လေလံဝင် ကားအစီး ရေ ၆၁ စီး ထုတ်ယူရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ထို့ပြင် ဆိပ်ကမ်းအတွင်းရှိ သတ်မှတ်ရက် ကျော်လွန်ကာ လေလံယာဉ်အဖြစ် သတ်မှတ်ပြီး ထုတ်ယူခွင့် ပြုရာတွင် ဒဏ်ကြေး ကောက်ခံထားခြင်း မရှိဘဲ ထုတ်ယူရမည့်ရက် အတွက် နှောင့်နှေးကြေးသာ ကောက်ခံမည် ဖြစ်ပြီး ယခင်သတ်မှတ်ထားရှိသည့် နှုန်းထားများ အတိုင်း ကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။

Ref: Automobile

၂ဝ၁၃-၂ဝ၁၄ မိုဒယ် Brand New ကားများကို ညာမောင်းတင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်

၂ဝ၁၃ မိုဒယ်(Reconditioned Brand New )နှင့် ၂ဝ၁၄ မိုဒယ် (Brand New) မော်တော်ယာဉ်များကို ညာမောင်း(Right Hand Drive)ဖြင့် တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း 'မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ'မှ အသိပေး ကြေညာခဲ့သည်။ ၂ဝ၁၄ ခုနှစ် အတွက် အသစ်ထုတ်ပြန်ခဲ့သော CIF တန်ဖိုးသစ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်အရ မော်တော်ယာဉ်ပါမစ် လျှောက်ထားသူများအား ၂ဝ၁၃ မိုဒယ်နှင့် ၂ဝ၁၄ မိုဒယ် မော်တော်ယာဉ်များကို တင်သွင်းပါက ဘယ်မောင်းကားများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Brand New ကားများကို ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည် ဖြစ်သောကြောင့် ညာမောင်းများ တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ Brand New ကားများ တင်သွင်းရာ၌ ဘယ်မောင်း တစ်မျိုးတည်းကိုသာ ခွင့်ပြုပေးခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "Brand New လို့ သတ်မှတ်ထားတဲ့ ၂ဝ၁၃-၂ဝ၁၄ မိုဒယ်ကားတွေကို ဘယ်မောင်း တစ်မျိုးတည်းပဲ တင်သွင်းခွင့်ပေးမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ ဘယ်မောင်းကားတွေကိုပဲ အသုံးပြုဖို့ သင့်တော်တဲ့ အတွက် ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီးတော့ ဘယ်မောင်းတွေကိုသာ တင်သွင်းခွင့်ပေးဖို့ စီစဉ်ထားပါတယ်၊ ဒီလို ၂ဝ၁၃ မိုဒယ်ကို Brake ထားပြီး ဘယ်မောင်းတွေကိုပဲ တင်သွင်းခွင့် ပေးမယ်ဆိုရင် လာမယ့်နှစ် နှစ်ဆယ်မှာ ဘယ်မောင်းကားတွေပဲ ရှိလာတော့မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Ref: Automobile

MIC ခွင့်မပြု၍ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီ၏ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှု ပြည်ထောင်စုအစိုးရသို့ တင်ပြမည်

ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန (ကပရ)နှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မည့် မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ငါးခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်(MIC)မှ ခွင့်မပြု၍ ပြည်ထောင်စုအစိုးရသို့ တင်ပြမည်ဖြစ်ကြောင်း 'ကပရ'မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ကပရနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ဆောင်ရွက်မည့် မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ် ငါးခုမှာ ကော်မတီ၏ ဥပဒေစည်းကမ်းချက်များအရ ခွင့်ပြုရန်မသင့်သောကြောင့် လုပ်ငန်းဆောင်ရွက်ခွင့်ကို ပြန်လည်ချထား ပေးခြင်းမရှိ ကြောင်းသိရသည်။ "MIC ရဲ့မူအရ လုပ်ငန်းတစ်ခု လာတင်ပြီဆိုရင် လာတင်တဲ့ ကုမ္ပဏီက ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အကျိုးအမြတ် ရရမယ်၊ ပြီးတော့ နိုင်ငံတော်ကို အထောက်အကူ ပြုရမယ်ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားတယ်၊ အခုလုပ်မယ့် ဒီသယ်ယူပို့ဆောင်ရေးလုပ်ငန်း ငါးခုမှာ City Bus ပြေးဆွဲမှုက တွက်ခြေမကိုက်ဘူး၊ အရှုံးပေါ်မယ်၊ နောက်ပြီး ဌာနက ဝန်ထမ်း ငါးရာကျော်ကို ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတွေမှာ လွှဲပြောင်းခန့်အပ်မယ်၊ ဒီနှစ်ခုစလုံးက ကုမ္ပဏီအတွက် မကိုက်ဘူး၊ အဆင်မပြေ နိုင်ဘူးဆိုပြီး MIC က ခွင့်ပြုချက်ချမပေးတာ၊ ဒါကြောင့် ပြည်ထောင်စုအစိုးရကို တင်ပြပြီး အစိုးရ ခွင့်ပြုရင်တော့ လုပ်မယ်၊ မပြုရင်တော့ မလုပ်ရတော့ဘူးပေါ့"ဟု 'ကပရ'မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်ဝင်းအောင်က ပြောသည်။ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနအနေဖြင့် မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုအပါအဝင် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းစဉ် ငါးခု ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ်တွင် ဂျပန်-မြန်မာဖက်စပ် Fujiyama Trading Ltd ၊ ကိုရီးယားနိုင်ငံ Busan Bus ၊ ရန်ကုန်မှ Forever Green Light ကုမ္ပဏီ၊ မန္တလေးမှ မိုးသောက်နှင်း ကုမ္ပဏီတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုမှာ အရှုံးပေါ်သည့်အတွက် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ၊ Bus an Bus နှင့် မိုးသောက်နှင်း ကုမ္ပဏီတို့ နုတ်ထွက်သွားခဲ့သည်။ လက်ရှိ Forever Green Light မှ ကျပ် သန်း ၇,၁ဝဝ ကျော်နှင့် ဆန်းရောင်နီကုမ္ပဏီမှ ကျပ်သန်း သုံးထောင်ကျော် ရင်းနှီးမြှုပ်နှံကာ အရှုံးပေါ်ပါကလည်း လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန် သဘောတူထားကြောင်း သိရသည်။ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ငါးခုမှာ မြို့တွင်းဘတ်စ်ကားပြေးဆွဲမှု၊ အငှားယာဉ်ပြေးဆွဲမှု၊ ကုန်စည် သယ်ယူပို့ဆောင်ရေး၊ အဝေးပြေး သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံများပါဝင်ကာ ယင်းလုပ်ငန်းစဉ်များ၌ မြို့တွင်းဘတ်စ်ကား ပြေးဆွဲမှုမှာ အရှုံးပေါ်နိုင်ပြီး ကပရမှ ကုမ္ပဏီသို့ လွှဲပြောင်းမည့် အစိုးရ ဝန်ထမ်း ငါးရာကျော်မှာလည်း ကုမ္ပဏီအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း သိရသည်။

Ref: Automobile

Evergreen Autos မှ ကားများကို ဘဏ်တိုးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများပြုလုပ်

Evergreen Autos မှ အင်ဂျင်ပါဝါ 1300 CC ၊ 1500 CC ၊ 1800 CC အစရှိသော ကားများကို ဝယ်ယူသူ Customer များအတွက် ဘဏ်တိုးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ Evergreen Autos အနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကားများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး လစဉ်ကြေး ပေးသွင်းရာ၌ အဆင်ပြေစေရန်အတွက် ၁၂ လမှ ၂၄ လအထိ သတ်မှတ်ထားကြောင်း သိရသည်။ ကားတစ်စီး ဝယ်ယူမည် ဆိုပါက ဦးစွာပထမ ကားတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ပေးသွင်းရန်လိုအပ်ပြီး ကျန်ငွေကို လစဉ်ပေးသွင်းရမည် ဖြစ်သည်။ ကားများကို ဘဏ်တိုးနှုန်း ချိုသာစွာ ရောင်းချခြင်း နှင့်ပတ်သက်၍ Evergreen Autos မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်လှိုင်က "Customer တွေအတွက် ကားဝယ်ယူတဲ့နေရာမှာ အဆင်ပြေစေဖို့ အရစ်ကျစနစ်နဲ့ ရောင်းချပေးခဲ့သလို ဘဏ်တိုးနှုန်းကိုလည်း သက်သာအောင် လုပ်ပေးထားပါတယ်၊ အရစ်ကျစနစ်ကိုလည်း တစ်နှစ်၊ ၂ နှစ်ဆိုပြီး သတ်မှတ်ထားပါတယ်၊ Customer တစ်ယောက်ကို ကားသုံးစီးအထိ ဝယ်ယူနိုင်ပါတယ်၊ Evergreen Autos အနေနဲ့ Customer တွေအတွက် ဈေးလည်း မနစ်နာရအောင်၊ တခြားအခက်အခဲ တွေလည်း မရှိအောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ Evergreen Autos အနေဖြင့် ကားများကို အရစ်ကျရောင်းချပေးရာ တွင် ဝယ်ယူလိုသည့် Customer များမှ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ဝယ်ယူမည့်သူ၏ လိုင်စင်ဓာတ်ပုံ တစ်ပုံနှင့် ရဲစခန်းထောက်ခံစာ မူရင်း တို့လိုအပ်မည် ဖြစ်သည်။ ထို့ပြင် ဘဏ်ဖြင့် ချိတ်ဆက် ရောင်းချပေးရသည့်အတွက် Customer များမှ အလုံးစုံအာမခံချက် ထားရှိပေးရန် လိုအပ်ပြီး ကျသင့်ငွေကို ဝယ်ယူသူ Customer က ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Ref: Automobile

သုံးလတာကာလအတွင်း ရန်ကုန်မြို့တွင်း လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့် ဖမ်းဆီးအရေးယူ

စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ လျော့ကျစေရန် ရန်ကုန်မြို့တွင်း အဓိကလမ်းမကြီးများပေါ်၌ ယာဉ်ရပ်နားမှုအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် စစ်ဆေးဖမ်းဆီး ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရသတ်မှတ်ထားသည့် မြို့တွင်းလမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်အစီးရေ လေးထောင်ခန့်အား ဖမ်းဆီး အရေးယူခဲ့ကြောင်း 'အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ရာ၌ စည်းကမ်းမဲ့ ယာဉ်များအား ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်း၊ ချလန်ဖြတ် အရေးယူခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကာ ကရိန်းနှင့် ဆွဲယူသည့်ယာဉ်အား ငွေကျပ်တစ်သိန်းခွဲခန့်နှင့် ချလန်ဖြတ် အရေးယူခြင်းခံရသည့် ယာဉ်မောင်းအား ဒဏ်ငွေ ကျပ်နှစ် သောင်းခွဲခန့် ဒဏ်ရိုက်အရေးယူ ဆောင်ရွက် ကြောင်းသိရသည်။ "စစ်ဆေးဖမ်းဆီး အရေးယူမှုတွေကို အဆက်မပြတ် ဆောင်ရွက်သွားမှာပါ၊ အရင်ကဆို လူတွေက လမ်းပေါ်ယာဉ်ရပ်ရင် ကိုယ့်အိမ်ရှေ့မှာရပ်သလို ရပ်ထားကြတာ၊ အခုတော့ ဘယ်နားက လာဖမ်းမလဲဆိုပြီး မရပ်ရဲကြတော့ဘူး၊ ဒါကြောင့် ယာဉ်ကြောကျပ်တည်းမှု သိသိသာသာကို လျော့ကျလာတာတွေ့ရတယ်"ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဒဏ်ရိုက်အရေးယူခြင်းခံရသည့် ယာဉ်များအနေဖြင့် ဖမ်းဆီး အရေးယူခြင်း ဥပဒေပုဒ်မအရ တားမြစ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် တစ်နှစ် အထိ ဖြစ်စေ၊ အနည်းဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ကျပ်ငါးသိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေနိုင်သည်ဟု သိရသည်။

Ref: Automobile

မြို့အလှမပျက်စီးစေလို၍ ဟံသာဝတီအဝိုင်း၌ အဝိုင်းပတ်စနစ် ဆက်လက်အသုံးပြုမည်

မြို့ပြအင်္ဂါရပ်နှင့်အညီ ရန်ကုန်မြို့တော် ၏အလှကို ဖော်ပြထားမှုအား မပျက်စီးစေလိုသောကြောင့် ဟံသာဝတီအဝိုင်းတွင် အဝိုင်းပတ် စနစ်ကိုသာ ဆက်လက် ကျင့်သုံး မည်ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)'မှ သတင်း ရရှိသည်။ ဟံသာဝတီအဝိုင်းတွင် ယခင် ကတည်းက ယာဉ်ကြောကျပ်တည်းမှု အနည်းငယ် ဖြစ်ပေါ်လေ့ရှိပြီး အဝိုင်းအနီးရှိ စိုက်ပျိုးရေးမှတ်တိုင်နှင့် အဝိုင်းမှတ်တိုင်တွင် ခရီးသည် တင်ယာဉ်များ နှစ်ထပ်ရပ်၍ ခရီးသည် အတင်အချ ပြုလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ ခရီးသည် စောင့်ဆိုင်းခြင်းတို့အပြင် လှည်းတန်းတံတား ဖွင့်လှစ်ပြီးနောက် လှည်းတန်းမီးပွိုင့်နှင့် နာနတ်တော မီးပွိုင့်များ ဖြုတ်သိမ်းလိုက်မှု တို့ကြောင့် ယာဉ်ကြောကျပ်တည်းမှု ယခင်ထက် ပိုမိုမြင့်တက်လာခဲ့သည်။ ယင်းကို လျှော့ချနိုင်ရန်အတွက် ဟံသာဝတီ အဝိုင်းပတ် စနစ်ဖြုတ်သိမ်း၍ မီးပွိုင့်စနစ်ဖြင့် အစားထိုးရန် လေ့လာသုံးသပ်ခဲ့ကြသော်လည်း လက်ရှိတည်ရှိနေသော လမ်းအလှ မပျက်စီးစေ လိုသောကြောင့် အဝိုင်းပတ်စနစ်ကိုသာ ဆက်လက် အသုံးပြုမည်ဟု 'လမ်းတံတားဌာန'မှ သိရသည်။ "အစကတော့ ဟံသာဝတီအဝိုင်းပတ်စနစ်က အဆင်မပြေဖြစ်နေလို့ ဖြုတ်သိမ်းပြီး မီးပွိုင့်စနစ်နဲ့ အစားထို့မလို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ အဝိုင်းက မြို့ရဲ့အလှကို ဖော်ကျူးထားတယ်၊ ဖြုတ်ဖို့ မဖြစ်နိုင်ဘူး၊ ယာဉ်ကြော ကျပ်တည်းမှုကို လျှော့ချဖို့ အဝိုင်းပတ်စနစ်နဲ့ မီး ပွိုင့်စနစ်တွေကို ချိတ်ဆက်ဆောင်ရွက်သွားမှာပါ"ဟု အင်ဂျင်နီယာ ဌာန(လမ်းတံတား)ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ ဟံသာဝတီအဝိုင်း၌ ယင်းကဲ့သို့ မီးပွိုင့်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ယာဉ်သွားလာမှုအား စစ်တမ်းကောက်ယူလျက်ရှိပြီး ငါးလခန့် အချိန်ယူသွားမည် ဖြစ်ကြောင်းနှင့် စစ်တမ်းများအပေါ်မူတည်၍ ရိုးရိုးမီးပွိုင့်နှင့် ထိန်းချုပ်စနစ်ပါ ဆင်ဆာမီးပွိုင့်တို့ကို ရွေးချယ်တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ လတ်တလော၌ အဝိုင်း၏ ယာဉ်ကြောကျပ်တည်းမှုမှာ ဆိုးရွားနေသောကြောင့် တာဝန်ကျယာဉ် ထိန်းရဲများဖြင့် ဖြေရှင်းနေရကြောင်း သတင်းရရှိသည်။

Ref: Automobile

ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေရုပ်သိမ်းပြီးနောက် ယာဉ်မတော်တဆမှုနှင့် စည်းကမ်းပျက်မောင်းနှင်မှုများ ပိုမိုများပြားလာ

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့မောင်းနှင်သည့် မော်တော်ယာဉ်များအတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေရုပ် သိမ်းပြီးနောက်ပိုင်း ယာဉ်မတော်တဆမှု နှင့်စည်းကမ်းပျက် ယာဉ်မောင်းနှင်မှုများ ပိုမိုများပြားလာကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး'မှ သတင်းရရှိသည်။ ယာဉ်စည်းကမ်း စီမံချက် ဒဏ်ငွေအား ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေအရသာ အရေးယူခဲ့ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုနှင့် စည်းကမ်းပျက် မောင်းနှင်မှုများ ပိုမိုများပြား လာခြင်းဖြစ်ကြောင်း သိရသည်။ "ယာဉ်မောင်းတွေ စည်းကမ်း လိုက်နာမလား ဆိုတာနဲ့ အားလုံးကို ဥပဒေနဲ့ပဲ အရေးယူချင်တာကြောင့် စီမံချက်ဒဏ်ငွေကို လျှော့လိုက်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေအရ ဒဏ်ငွေက ကျပ် ၁,၅ဝဝ တည်းဆိုတော့ လူတွေက ဂရုမစိုက်တော့ဘူး၊ စည်းကမ်းမဲ့ မောင်းတယ်၊ ဒီတော့ ယာဉ်တိုက်မှုတွေ ပိုဖြစ်တယ်၊ ယာဉ် တိုက်မှုတွေ တော်တော်များများ ကလည်း စည်းကမ်းမဲ့ မဆင်မခြင်မောင်းလို့ ဖြစ်တာတွေ များတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ စည်းကမ်းမဲ့ မှုများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းမှုဆောင်ရွက်ရန် မြို့တော်အတွင်း ယာဉ်မတော်တဆမှု ဖြစ်ပေါ်စေမည့် မောင်းနှင်မှုနှင့် မြို့တော်အင်္ဂါရပ် ထိခိုက်စေသည့် ကိစ္စရပ်များ ဆောင်ရွက်သည့် မော်တော်ယာဉ်များအား ဥပဒေနှင့် အညီ လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ရန် ရန်ကုန်မြို့တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက် ထားကြောင်း သိရသည်။ "အဓိကထားပြီး စစ်ဆေးဖမ်းဆီးမှာက လမ်းအသုံးပြု သူတွေကို တိုက်ရိုက်ထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေဖြစ်တဲ့ မီးနီဖြတ်မောင်းတာတွေ၊ လမ်းပြောင်းပြန် မောင်းနှင်တာတွေ၊ အရက်သောက်ပြီး မောင်းနှင်တာတွေ၊ အရှိန်ပြင်းပြင်း မောင်းနှင်တာတွေနဲ့ မြို့တော်အင်္ဂါရပ်ကို ထိခိုက်စေမယ့် ဟွန်းအကျယ်ကြီးအသံရှည်တီးတာ၊ ဟွန်းတီးတာတွေကိုပါ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ အထက်ပါ ကိစ္စရပ်များအား ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည် ဖြစ်ပြီး လိုင်စင်ပိတ်သိမ်းထားစဉ် ကာလအတွင်း ယာဉ်မောင်းနှင်မှု ပြုလုပ်ပါက မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၂၁ အရ အများဆုံး ပြစ်ဒဏ်ထောင်ဒဏ် တစ်နှစ်အထိ ကျခံစေနိုင်ကြောင်း သတင်းရရှိသည်။

Ref: Automobile

ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှု အာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့

မြန်မာ့အာမခံလုပ်ငန်းမှ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း သူတစ်ပါးထိခိုက်မှုအာမခံ လျော် ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့ကြောင်း 'မြန်မာ့အာမခံလုပ်ငန်း'မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။ စက်တပ်ယာဉ်နှင့် ထိခိုက်မိသည့် မည်သူမဆို ရရှိခံစားရသည့် သူတစ်ပါး ထိခိုက်မှု အာမခံအတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၏ ကိုးလတာ ကာလအတွင်း လျော်ကြေးငွေအနေဖြင့် သေဆုံးသူ ၆၅၆ ဦးအတွက် ငွေကျပ် ၃,၂၄၆ သိန်း၊ ဒဏ်ရာရရှိသူ ၄၉ ဦးအတွက် ၉၆ ဒသမ ၇၂ သိန်း စုစုပေါင်း ၇ဝ၅ ဦး အတွက် ငွေကျပ် ၃,၃၄၂ သိန်း ကျော် ပေးလျော်ခဲ့ကြောင်း သိရသည်။ "သူတစ်ပါးထိခိုက်မှု အာမခံက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစား တစ်ခု ဖြစ်ပါတယ်"ဟုလည်း ၎င်းက ရှင်းပြသည်။ စက်တပ်ယာဉ်ဟု ဆိုရာ၌ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ယန္တရားများ၊ သင်္ဘော၊ သမ္ဗန် စသည်ဖြင့် စက်တပ်အသုံးပြုရသော ယာဉ်အားလုံး အကျုံးဝင်မည် ဖြစ်သည်။ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလ အတွင်း စက်တပ်ယာဉ် များမှ လာရောက်ထားရှိသည့် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ ကြေး ငွေကျပ် ၂၉,၆၂၂ သိန်း ကျော် ရရှိခဲ့ပြီး ငွေကျပ် ၃,၃၄၂ သိန်းကျော် ပြန်လည်ပေးလျော်ခဲ့ရကြောင်း သိရှိရသည်။

Ref: Automobile

အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ လက်မှတ်အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွားလမ်းမကြီး တစ်ပြိုင်နက်တည်း ဖွင့်မည်

အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း၌ စမ်းသပ်အသုံးပြုလျက်ရှိသော ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်ရှိ ဆောက်လုပ်လျက်ရှိသော လက်မှတ် အရောင်းဂိတ်ခန်းနှင့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးတို့ ကို တစ်ပြိုင်နက် ဖွင့်လှစ်အသုံးပြုမည် ဖြစ်ကြောင်း 'ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (အောင်မင်္ဂလာဝင်း)'မှ သိရသည်။ ဝင်းအတွင်းရှိ အဝေးပြေး ကားများ ရပ်နား၍ ခရီးသည် အတင်/အချ ပြုလုပ်နိုင်သော ဆိုက်ရောက်/ထွက်ခွာ အဆောက် အအုံမှာ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လမှ စ၍ စမ်းသပ်အသုံးပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့သည့် လက်မှတ်အရောင်းဂိတ်ခန်း များမှာ လက်ရှိတွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ဝင်း၏ အဓိက ယာဉ်ဝင်/ထွက်ပေါက် အဖြစ် အသုံးပြုမည့် ခြောက်လမ်းသွား အောင်မင်္ဂလာ လမ်းမကြီးမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ပြီးစီးမှုအလိုက် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လမ်းခင်းကျင်းမှု ဆောင်ရွက်ဆဲဖြစ်သည့် ခြောက်လမ်းသွား အောင်မင်္ဂလာလမ်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် ကျပ်တည်းမှုကြောင့် ဇန်နဝါရီ ၃ဝ ရက် တွင် ဝင်းအတွင်းရှိ ရွှေစင်စကြာ အဝေးပြေးယာဉ်နှင့် အသင်းဝင်မဟုတ်သည့် ပြင်ပ တက္ကစီယာဉ်များ ခိုက်ရန်ဖြစ်ပွားမှု ရှိခဲ့ကြောင်းနှင့် အဆိုပါလမ်းမကြီး ပြီးစီးပါက ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံနှင့် လက်မှတ်အရောင်းဂိတ်ခန်းများကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author