တစ်နေရာတည်းတွင် ကားအရောင်းအဝယ်ပြုလုပ်နိုင်သော နေရာရရှိရန် နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်

0

Full article

ရန်ကုန်တိုင်းအတွင်း တစ်နိုင်တစ်ပိုင် ကားအ ရောင်းအဝယ် ပြုလုပ်သူများ အတွက် တစ်နေရာတည်းတွင် ကားရောင်းချနိုင်သော နေရာ ရရှိရန် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။

ထိုကဲ့သို့ တစ်နိုင်တစ်ပိုင် ကားအရောင်းအဝယ်ပြုလုပ်သူများ တစ်နေရာတည်းတွင် ကားရောင်းချနိုင်သော မြေနေရာကို တောင်းဆိုခြင်းမှာလည်း ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် နေ့စဉ်ဝင်ထွက် သွားလာနေသော ကားများကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းများ အထိုက်အလျှောက်ဖြေလျှော့ သွားမှာဖြစ်ပြီး ဧက ၄ဝ နီးပါးရှိ သော မြေနေရာကို ရန်ကုန်မြို့ပြင်တွင် တည်ဆောက်ပေးရန်လိုအပ်ကြောင်း သိရသည်။

" တစ်နိုင်တစ်ပိုင်ကားရောင်းတဲ့သူတွေကို တစ်နေရာထဲမှာ အရောင်းအဝယ်ပြုလုပ်လို့ရမယ့် မြေဧက ၄ဝ လောက် ယာဉ်အရောင်းအဝယ်ပြုလုပ်ဖို့နေရာ လုပ်ပေးဖို့ နိုင်ငံတော် သမ္မတနဲ့ အမေစုဆီကိုတောင်းဆိုသွားမယ်။ အခုက ယာဉ်ရောင်းဝယ်ရေးစခန်း ၃ ခုရှိတယ်။ အဲ့ဒီမှာ ကားအစီးရေ ၄ဝဝဝ လောက်က နေ့တိုင်းအဝင်အထွက်လုပ်နေရတယ်။ ယာဉ်ကြောပိတ်ဆို့တာ ဖြစ်နေတယ်။ အခုတောင်းဆိုတာကလည်း အစိုးရကိုကူညီပေးနေတာ။ တစ်နေရာတည်းမှာ ကားအရောင်းအဝယ် ပြုလုပ်လို့ရတဲနေရာ လုပ်ပေးရင် နေ့စဉ်လိုလို ဝင်ထွက်သွားလာနေတဲ့ ကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေ အထိုက်အလျှောက်ဖြေလျှော့သွားမယ်။"လို့ မော်တော်ကားရောင်းဝယ်ရေးအသင်း ရန်ကုန်မှ ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောကြားပါသည်။

ရန်ကုန်တိုင်းတွင် တစ်နိုင်တစ်ပိုင် ကားအရောင်းပြုလုပ်သူများ တစ်နေရာတည်းတွင် ကားရောင်းချနိုင်သော မြေနေရာကို လွန်ခဲ့သော ၂ နှစ်က နိုင်ငံတော်အတိုင်ပင်ခံက ၁၈ ဧက ကျယ်ဝန်းသော မြေနေရာပေးထားသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်းသိရသည်။

" အမေစု ကိုယ်တိုင်က မောင်းမကန်လမ်းနားမှာ မြေနေရာ ၁၈ ဧက ခွင့်ပြုပေးထားတာရှိတယ်။ အဲ့ဒီနေရာက အခုအထိအကောင်အထည်ဖော်ဆောင်ရွက်ပေးတာလည်းမရှိဘူး။မြို့တော်ဝန်ကလည်း တစ်နိုင်တစ်ပိုင် ကားအရောင်းအဝယ်ပြုလုပ်တဲ့သူတွေကို လစ်လျူရှုထားတယ်။ နိုင်ငံတကာမှာ ကားဟောင်းရောင်းတယ်ဆိုတာရှိတယ်။ နေရာလည်းသီးသန့်စီစဉ်ပေးထားတယ်။ ရန်ကုန်အစိုးရအဖွဲ့ကိုလည်း တင်ပြပြီးပြီ။ ဘာမှမထူးခြားဘူး။ ဒါကြောင့် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံအမေစု ကိုတင်ပြသွားမယ်။"ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း ရန်ကုန် မှ ဥက္ကဌ ဦးအောင်သန်းဝင်းက ဆက်လက်ပြောကြားသည်။

လက်ရှိရန်ကုန်တိုင်းတွင် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ၊သီရိမင်္ဂလာဈေးယာဉ်ရောင်းဝယ်ရေးစခန်း ၊ သံသုမာယာဉ်ရောင်းဝယ်ရေးစခန်းနှင့် အခြားအသိအမှတ်မပြုထားသည့် ယာဉ်ရောင်းဝယ်ရေးစခန်း ၂၅ ခုအထိရှိနေပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ကားများကို ညအိပ်ရပ်နားခွင့် မပေးတဲ့အတွက် ယာဉ်ကြောကြပ်တည်းမှုများဖြစ်ပေါ်နေလျှက်ရှိနေကြောင်း သိရသည်။

Author