Full article

ရန်ကုန်ကားဈေးကွက်တွင် ပွင့်လင်းရာသီရောက်ရှိလာခဲ့သော်လည်း ကားဈေးကွက် ကောင်းမွန်လာကြခြင်းမရှိဘဲ ဈေးကွက်အေးစက်ကာ ဈေးနှုန်းများကျဆင်းလာခဲ့သည်။ ဈေးကွက်အတွင်းတွင် ၁၃ဝဝ စီစီ ကားများနှင့် စလစ်ကပ်ကားများမှာ ကားအမျိုးအစားအလိုက် ကျပ် ၃ သိန်းမှ ၁ဝ သိန်းအထိ ဈေးကျလာခဲ့သည်။ စလစ်ဈေးများ အပြောင်းအလဲများပြားနေပြီး ကားဈေးကွက်မတည်မငြိမ်ဖြစ်နေခြင်း ဖြစ်သည်။

7408509744_1c0dcc5c60

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှိ ၁၃ဝဝ စီစီ ကားများထဲတွင် Probox ၊ Succeed ကားများမှာ ဈေးကွက်အတွင်း အနည်းငယ်အရောင်းအဝယ်ဖြစ်နေပြီး Honda Fit(GE6) စသည့်ကားများမှာ ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး 4WD စသော အမြင့်ကားများထဲတွင် စလစ်ကပ်ကားများနှင့် Hilux Surf ၊ Prado စသော ကားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဝယ်လိုအားနည်းနေပြီး ရောင်းလိုအား များပြားလျက်ရှိရာတွင် ဝယ်သူစိတ်ကြိုက်နှင့် ဝယ်သူပြောဈေးကိုသာ ကြည့်ရောင်းနေရကြောင်း သိရသည်။

ယခုတစ်ပတ် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်အေးသွားကြောင်း ဝယ်ရောင်းကြီးတစ်ဦးထံမှ သိရှိရသည်။

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ၁၃ဝဝ စီစီကားများနှင့် 4WD ကားများမှာ အရောင်းအဝယ်အေးစက်နေပြီး ကားဈေးနှုန်းမှာလည်း ကျပ်လေးသိန်းနှင့် ငါးသိန်းကြား ကျဆင်းသွားကြောင်း ဝယ်ရောင်း တစ်ဦးမှ ပြောကြားသည်။

ဈေးကွက်အတွင်း အမြင့်ကားများနှင့် ၁၃ဝဝ စီစီ ကားများမှာ အရောင်းအဝယ်အေးနေသော်လည်း ၂ဝ၁၄ တွင် သက်တမ်းနှစ် ၂ဝ ကျော် ကားများကို အပ်ခံမည်ဆိုသော သတင်းများထွက်ပေါ်လာမှုကြောင့် က တန်းများမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

လက်ရှိကားဈေးကွက်တွင် စလစ်ဈေးများတည်ငြိမ်မှုမရှိပဲ မနက်ဈေး၊ ညနေဈေးများဖြစ်ပေါ်နေသည်။ နိုဝင်ဘာ ၄ ရက်တွင် အမည်ပေါက်စလစ်ဈေး ကျပ် ၉၄၊ ၉၅ သိန်းရှိခဲ့သော်လည်း နိုဝင်ဘာ ၅ တွင် မနက်ခင်းဈေး ကျပ် သိန်း ၁ဝဝ၊ နေ့လည်ခင်းတွင် ၁ဝ၁ သိန်း၊ ၁ဝ၂ သိန်း၊ ၁ဝ၃ သိန်းထိဈေးပေါက်ခဲ့ကာ ညနေတွင် ၁ဝ၄ သိန်းထိဈေးပေါက်ခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာ ၆ ရက်တွင်မူ ၁ဝ၄၊ ၁ဝ၅ သိန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေခဲ့ကြောင်း သိရှိရသည်။ စလစ်ဈေးကွက်မတည်ငြိမ်သောကြောင့် အပ်ကားဈေးကွက်မှာလည်းမတည်မငြိမ်ဖြစ်လာကာ ကားဝယ်လိုမှုလျော့ကျကာ စလစ်လိုသည့်အချိန်မှ ဝယ်ယူမှုများရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

Auto Mobile Journal မှကူးယူဖော်ပြသည်။

Photo Credit by Stefan Munder

Author