Full article

ဇန်နဝါရီ ၇ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြည်ပဝင်ငွေရှာနေသူများ အတွက် ကုန်တင်းသွင်းခွင့် အနည်းဆုံး တစ်သောင်း ခုနှစ်ထောင်ကျော်ကို ချပေးပြီးပြီဟု ပြောကြားခဲ့သည်။ ချပေးပြီး တင်သွင်းခွင့်များအနက် ၆ဝဝဝကို သွင်းကုန် ထုတ်ကုန် ကုမ္ပဏီများမှလည်းကောင်း၊ ၁ဝဝဝကို ဟိုတယ်နှင့် ခရီးသွားလာရေးကုမ္ပဏီများမှလည်းကောင်း၊ ၁ဝဝဝကို နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူများမှလည်းကောင်း၊ ၃ဝဝဝကို သင်္ဘောသားများမှလည်းကောင်း၊ ၃ဝဝကို သံတမန်အဖြစ် လုပ်ဆောင်နေကြသော ဝန်ထမ်းများမှလည်းကောင်း၊ ၁၇ဝဝကို နိုင်ငံတကာတွင် ပညာတော်သင်ရောက်ရှိနေကြသော အစိုးရဝန်ထမ်းများမှလည်းကောင်း တင်သွင်းခွင့်ရရှိထားကြောင်း သတင်းရရှိသည်။ ထိုကားများသည် ဇန်နဝါရီလတလျှောက်အတွင်း ရန်ကုန်သို့ ရောက်ရှိလာကြမည်ဖြစ်ကြောင်းလည်း သိရသည်။

၂ဝ၁ဝခုနှစ် စက်တင်ဘာလတွင် စတင်ထွက်ရှိလာသည့် ကားဟောင်းများနှင့် ကားသစ်များလဲလှယ်သည့် စီမံချက်ကို သတင်းထုတ်ပြန်ရာတွင် ပြည်သူများကို ဖွင့်လှစ်လာသည့် ကားသစ်များ ရောင်းသည့် showroom များတွင် ဝယ်ယူနိုင်မည်ဆိုသော်လည်း၊ ယခုအချိန်အထိ ကားသွင်းခွင့်ရှိမှသာလျှင် ဝယ်ယူနိုင်သေးသည်ဟု ကြားသိရသည်။ နောက်ဆုံး တစ်သုတ်ဖြစ်သည့် ဏ၊ ထ၊ ဒ နှင့် ပ နံပါတ်များကို အပ်နှံပြီးချိုန်တွင်တော့ အဆိုပါ Showroom များမှ အကန့်အသတ်မရှိ ဝယ်ယူနိုင်တော့မည်ဟု သတင်းများထွက်ပေါ်နေပြီး ကားဈေးကွက်တခွင်ကလည်း သတင်းမှန်ဖြစ်ပါစေရန် မျှော်လင့်နေကြသည်။ ကားဟောင်းများ ပြန်လည်အပ်နှံမှုကို ကားစီးရေ ၅ဝဝဝဝ ခန့်မျှော်လင့်ထားသော်လည်း၊ ယခုလောလောဆယ်တွင် ကားပေါင်း ၂၉ဝဝဝ ခန့်သာ ပြန်လည်အပ်နှံပြီးသေးကြောင်း၊ သို့သော်လည်း ကျန်ရှိနေသောကားအများစုမှာ အစိုးရဌာနပိုင်ကားများဖြစ်ရာ လဲလှယ်မှု ပြီးစီးရန် အချိန်လိုသေးကြောင်း စီးပွားကူးသန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

ပြန်လည်အပ်နှံရန် တဖြည်းဖြည်းရှားပါလာသည့် ကားဟောင်းများကို အကြောင်းပြုပြီး ကားပါမစ်ဈေးနှုန်းများမှာ သိန်း၁ဝဝ မှလျှင် ဒီဇင်ဘာလကုန်တွင် သိန်း၁၅ဝသို့ထိုးတက်သော်လည်း ယခုအချိန်တွင် သိန်း ၁၃ဝ – ၁၄ဝသို့ ကျနေပြီဟုဆိုသည်။

ယခင်သတင်းတွင်ဖော်ပြထားသည့် CIF ဈေးနှုန်းများ အတိုင်း CIF ဈေးနှုန်း အများဆုံး ဒေါ်လာ ၅၅ဝဝ မှ ဒေါ်လာ ၆ဝဝဝဝ ကျော်အထိတိုးမြှင့်ချထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ လှုပ်ရှားနေသောကားဈေးကွက်တွင် တင်သွင်းသမျှကားတိုင်း၏ ကညနသို့ပေးဆောင်ရမည့် လမ်းခွန် ၁ဝဝရာခိုင်နှုန်းမှာ FEC နှင့်ပေးဆောင်ရမည်ဖြစ်သဖြင့် FEC ဈေးနှုန်းမှာလည်း ဒေါ်လာဈေးနှင့်အတူ တရိပ်ရိပ်ထိုးတက်နေသည်ဟု သတင်းရရှိပါသည်။ ဧပြီလ တစ်ရက်နေ့ မြန်မာနိုင်ငံ၏ ၂ဝ၁၂ – ၂ဝ၁၃ ဘဏ္ဍာရေးနှစ်စတွင် ယခုလက်ရှိ ကျင့်သုံးလျက်ဖြစ်သော တစ်ဒေါ်လာခြောက်ကျပ်ဈေးနှုန်းကို အပြီးအပိုင် ဖြတ်သိမ်းမည်ဖြစ်ရာ၊ မြန်မာနိုင်ငံ၏ ငွေတန်ဖိုးကို ထိုအချိန်မတိုင်ခင်တွင် မြင့်နိုင်သမျှမြင့်အောင် ကားတင်သွင်းမှုဖြင့် ဆောင်ရွက်နေသည်ဖြစ်ကြောင်း သုံးသပ်သိရှိရပါသည်။

Reference: MMTimes နှင့် Popular News Journal

Author