Full article

ရန်ကုန်ဆိပ်ကမ်းတွင် ယဉ်စစ်ဆေးမှု လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများမှာ ကားတင်သွင်းသည့်နိုင်ငံများနှင့် ကွဲလွဲနေသည့်အတွက် ဒဏ်ကြေးများ ပေးဆောင်ခိုင်းနေခြင်းကြောင့် ကားတင်သွင်းသူ အများအပြား ထိခိုက်နစ်နာမှုများစွာ ရှိနေကြောင်းသိရသည်။

ကားတင်သွင်းသူများ အဓိကကြုံတွေ့နေရသည့် ပြသနာမှာ ဂျပန်နိုင်ငံမှ ကားရောင်းချပေးလိုက်သည့် ကုမ္ဗဏီများမှ သတ်မှတ်ထားသည့် ယဉ်ထုတ်လုပ်သည့် ခုနှစ်နှင့် ဆိပ်ကမ်းမှ တာဝန်ရှိသူများ စစ်ဆေးသည့်ခုနှစ် လွဲမှားနေသည့်အတွက် ကားထုတ်ခွင့်မပေးပဲ ဒဏ်ကြေးများတပ်ရိုက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကားတင်သွင်းပေးသည့် ကုမ္ဗဏီပေါင်း ၁၇ခုခန့်မှ ကားအစီးရေပေါင်း ၁ဝဝ ကျော်ခန့်မှာ အကောက်ခွန်မှ တားဆီးထားပြီး ကားတင်သွင်းထားသူများအနေဖြင့် လည်းကောင်းတို့ကားများကို ဆိပ်ကမ်းမှထုတ်ယူရန် အခက်အခဲဖြစ်နေကြသည်။ ကားတင်သွင်းပေးသည့် ကုမ္ဗဏီများမှာ လေလံဆွဲစဉ်ကတည်းက လေလံတင်သောကုမ္ဗဏီမှ ထုတ်ပေးသော Cancellation အရ ကားထုတ်လုပ်သည့်ခုနှစ်ကို အတည်ပြုပါသည်။ သို့သော် ထိုကားများ ရန်ကုန်ဆိပ်ကမ်းအရောက်တွင် တာဝန်ရှိသူများမှ Chassis နံပါတ်များနှင့် တိုက်စစ်ပြီး မော်ဒယ်နိမ့်သည်ဟုဆိုကာ CIF တန်ဖိုး၏ ၃ ဆအထိ ဒဏ်ကြေးများ တောင်းခံလျှက်ရှိသည်။

မြန်မာနိုင်ငံမှ Reference လုပ်သော Chassis နံပါတ်များမှာ သက်ဆိုင်ရာ ကားထုတ်လုပ်သည့် ကုမ္ဗဏီများမှ နံပါတ်များဖြစ်သည်ဟု ဆိုသော်လည်း ဂျပန်နိုင်ငံမှ ကားကုမ္ဗဏီများမှလည်း လည်းကောင်းတို့သတ်မှတ်ပေးထားသော ခုနှစ်များသည် မှန်ကန်သည်ဟု ပြောကြားသည်။ ထို့အတွက် ကားတင်သွင်းသူများမှာ ထိုအလွဲများအကြားတွင် မည်သို့ ပြုလုပ်ရမည်မသိဖြစ်နေကြသည်။ အချို့သော ကားတင်သွင်းသူများမှာ မိမိတို့ ရှိစုမဲ့စု ငွေများဖြင့် ကားတင်သွင်းခဲ့ကြသည်ဖြစ်ရာ ဒဏ်ကြေး ၃ ဆကျော်မပေးဆောင်နိုင်ပဲ အဆုံးခံရမည့် အဖြစ်များနှင့် ရင်ဆိုင်နေရသည်။

ကားတင်သွင်းထားသူများမှာ မိမိတို့မမှားသော်လည်း ယခုလောလောဆယ်တွင် ဒဏ်ကြေးအဆမတန်ပေးကာ မိမိတို့ကားများကိုထုတ်ယူရမည့်အဖြစ်ကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ အသနားခံစာများ ပေးပို့ကာ တောင်းဆိုမှုများ ပြုလုပ်နေကြရသည်။ သို့သော်လူအများစုမှ ဒီကိစ္စကြီး ရေရှည်ဆွဲကာ ပပျောက်ဖို့ ကြာမြင့်နေမည်ကို အလွန်စိုးရိမ်နေကြကြောင်းလည်းကြားသိရပါသည်။

ကားတင်သွင်းမှုတွင်ကြုံတွေ့ရသော ဒဏ်ကြေးများနဲ့ ပတ်သက်၍ မကျေမချမ်းဖြစ်နေသူ အိမ်သုံးကားတစ်စီးသွင်းသူ တစ်ဦးက အထက်ပါအချက်များကို ဖွင့်ဟသည်ကို MyanmarCarsDB မှ ပြန်လည်သတင်းပေးခြင်းဖြစ်ပါသည်။

Author