Full article

ရန်ကုန်၊ အောက်တိုဘာ ၄

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမကြီးပေါ်ရှိ ရွှေဖီခိုင်ညှာ လမ်းထိပ်တွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီ ၃ဝ မိနစ်က စက်ချို့ယွင်းနေသော ခရီးသည်တင်မော်တော်ကားတစ်စီးကိုပြင်သည့် စက်ပြင်ဆရာတစ်ဦးမှ စမ်းသပ်မောင်းနှင်ရာမှ အဌားယာဉ်သုံးစီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးတို့ကို ဝင်တိုက်ခဲ့ပြီး အဌားယာဉ်ပေါ်မှ ခရီးသည်တစ်ဦး သေဆုံးကြောင်း တောင်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရဲအုပ်ဇော်နိုင်ဦးမှ ပြောကြားသည်။

၂၁ အရွယ် စက်ပြင်ဆရာ မောင်းနှင်လာသော ပါရမီ ၁၇၄ ယာဉ်လိုင်းမော်တော်ယာဉ်မှာ ရွှေဖီခိုင်ညှာလမ်းထိပ်တွင် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ အဌားယာဉ် ၃ စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးမှ ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အေဒီဗင် အမျိုးအစား အဌားယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူနေရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ စက်ပြင်ဆရာ ကိုကောင်းမြတ်အား ယာဉ်(ပ) ၃၈/ ၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃ဝ၄-က တို့ဖြင့် အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း တောင်ဥက္ကလာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Ref: The Voice Daily

The Photo Credit by Alan Cleaver

Author