Full article

ကားတစ်စီးတွင် ချာဂျင်အား သွင်းစနစ်သည် အရေးကြီးသော စနစ်များထဲမှ စနစ်တစ်ခုဖြစ်သည်။ ကားတစ်စီးလုံး၏ လုပ်ငန်းဆောင်တာများ နှင့်စွမ်းဆောင်မှုများကို ထိန်းချုပ်သော အရာမှာ Electrical System  ဖြစ်သည်။

Car-Charging

Charging System သည် Electrical System ပုံမှန် အလုပ်လုပ်နိုင်ရန် လိုအပ်သောလျှပ်စစ် စွမ်းအင်ကို ထုတ်လုပ်ပေးသည်။ ကားဘက်ထရီသည် (Charging System) ချာဂျင်အားသွင်းစနစ်မှ ထုတ်လုပ်ပေးသော လျှပ်စစ်စွမ်းအင် များကို ဓာတုဗေဒနည်းဖြင့် သိုလှောင် သိမ်းဆည်းထားသည်။ ချာဂျင် အားသွင်းစနစ်သည် ကားဘက်ထရီ အစဉ်အမြဲအားပြည့်ဝ နေစေရန်နှင့် ကားတွင် တပ်ဆင်ထားသော လျှပ်စစ်ပစ္စည်းများ၊ မီးထွန်း စနစ်များ၊ မီးပေးစနစ်များ၊ လေအေး ပေးစက်များ၊ အခြားပါဝါသုံးပစ္စည်း များအားလုံးကို လျှပ်စစ်ပါဝါစွမ်းအင် ထောက်ပံ့ရန်ဖြစ်သည်။ ထို့ကြောင့် Charging System သည် Electrical System ၏ အသည်းနှလုံး ဖြစ်သည်။

ချာဂျင်အားသွင်းစနစ် ပုံမှန် အလုပ်လုပ်နေမှ ကားဘက်ထရီသည် စွမ်းအင်ပြည့်ဝ၍ အမြဲတမ်းအသင့် အနေအထားတွင်ရှိမည်။ ချာဂျင်အား သွင်းစနစ်ကောင်းမှ စက်နိုး မော်တာစနစ် (Starting System) လည်းကောင်းမည်။ ချာဂျင်အားသွင်းစနစ် နှင့် Starting System တို့သည် ဆက်စပ်နေသည်။ ဘက်ထရီချာဂျင် အားမဝင်ပါက နံနက်ပိုင်း ကားစက်နှိုး၍ ရမည်မဟုတ်။ ဘက်ထရီအိုးငှား၍ ထောက်နှိုးရမည်။ ဒုက္ခများသည်။

Charging System တွင် Alternator, Battery နှင့် Alternator ၏ ပါဝါစွမ်းအင် ထုတ်လုပ်မှုကို ထိန်းချုပ်ပေးသော ကွန်ပျူတာ (ECU) ခေတ်ဟောင်းကားများတွင် (Regulator) တို့ပါဝင်သည်။ Charging System ပုံမှန် အ လုပ်လုပ်နေလျှင် ကားဘက်ထရီစွမ်း အားအပြည့်ရှိပြီး Electrical System တစ်ခုလုံးသည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်။ ထို့ကြောင့် ချာဂျင်စနစ်အား ပုံမှန်စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းသည် ယာဉ်မောင်းသူတိုင်း ပြုလုပ်ရမည့် တာဝန်ဖြစ်သည်။ ကားဟောင်းများ ကိုင်တွယ်ရသော ပိုင်ရှင်နှင့် ယာဉ်မောင်းများသည် ချာဂျင်အားသွင်းစနစ်ကို ပို၍ဂရုစိုက်ရသည်။

ချာဂျင်စနစ်  အလုပ်လုပ်ပုံ အခြေခံ

ချာဂျင်စနစ်တွင် အဓိကကျသော အရာမှာ Alternator ခေါ် AC/DC ဒိုင်နမို ဖြစ်သည်။ ခေတ်ဟောင်း ကားများတွင် ဒိုင်နမိုမီးအား ကို Cutout (ခေါ်) Regulator က ထိန်းချုပ်သည်။ ယခုနောက်ပိုင်းတွင် Alternator ၌ I.C ယူနစ်ပါလာပြီး ဗို့အားနှင့် လျှပ်စီးကြောင်း အမ်ပီယာ ကိုထိန်းချုပ်သည်။ ခေတ်ပေါ်ကား များတွင် Electronic Control Unit (ECU) မှ ထိန်းချုပ်သည်။

Alternator ပူလီနှင့် အင်ဂျင်ပူလီကို ပန်ကာကြိုး (V-Belt)နှင့် ဆက်သွယ်ထားသည်။ ကားအင်ဂျင် စက်နိုးသွား၍ အင်ဂျင်လည်ပတ်လျှင် Alternator ပါလိုက် လည်သည်။ Alternator တွင် လည်ပတ်နေသော အရာမှာ Rotor ခေါ် သံလိုက်တုံးဖြစ်သည်။ Rotor တွင် ဖြစ်ပေါ်သော သံလိုက်စက်ကွင်းသည် Startor Coil ကို ဖြတ်သန်းသဖြင့် Startor Coil တွင် လျှပ်စီးကြောင်း ဖြစ်ပေါ်လာသည်။

Coil မှ ထုတ်လုပ်ပေးသော လျှပ်စစ်သည် AC အမျိုးအစား ပြန်လှန် လျှပ်စီးကြောင်း ဖြစ်သည်။ ၎င်းကို ဒိုင်အုပ် (၆) လုံးက AC မှ DC သို့ ပြောင်းလဲပေးသည်။ Alternator မှ ထွက်လာသော လျှပ်စစ်သည် ဆက်သွယ်ထားသော ဝါယာရိန်း ဆားကစ်များမှ တစ်ဆင့် ဘက်ထရီသို့ အားသွင်းပေးပြီး အခြားပါဝါ လိုအပ်သော နေရာများသို့လည်း ပါဝါထောက်ပံ့ပေးသည်။

12 Volt စနစ်သုံးသော ကားငယ်များတွင် Alternator သည် 12 Volt သာထွက်သည်။ 24 Volt စနစ် သုံးသော ကားကြီးများတွင် Alternator သည် 24 Volt ထုတ်လုပ်ပေးသည်။ 24 Volt စနစ်သုံး ချာဂျင်စနစ်တွင် ဘက်ထရီအိုးကြီး (၂) လုံးတပ်ဆင် ထားသည်။ 12 Volt စနစ်တွင် ဘက်ထရီ (၁) လုံးသာ သုံးသည်။ ဘက်ထရီအိုး အရွယ်အစားအကြီး အသေး Size သည် ကားတစ်စီးလုံး သုံးစွဲသော ပါဝါစွမ်းအား ပမာဏပေါ် မူတည်သည်။

ချာဂျင်အားသွင်းစနစ်ကို  စစ်ဆေးခြင်း

ကားတစ်စီး၏ ချာဂျင်စနစ်တွင် ဘက်ထရီသို့ အားဝင်မဝင် သိရှိနိုင်ရန် ဒတ်ချ်ဘုတ်၌ Warning Lamp တပ်ဆင်ထားသည်။ ဘက်ထရီပုံ သင်္ကေတဖြင့် ဖော်ပြထားသည်။ ကားသော့ စဖွင့်လျှင် ဒတ်ချ်ဘုတ်၌ အင်ဂျင်ဝိုင်မီးနီနှင့် ဘက်ထရီမီးနီ လင်းနေမည်။ မော်တာလှည့်ပြီး စက်နိုးလိုက်ပါက အင်ဂျင်လည်လျှင် ၎င်း မီနီများ ငြိမ်းသွားမည်။ အကယ်၍ ကားမောင်းနေရင်း ဘက်ထရီမီးနီ လင်းလာလျှင် ချာဂျင်စနစ်၌ ပြဿနာ တစ်စုံတစ်ခု ဖြစ်နေကြောင်း သတိပေး ခြင်းဖြစ်သည်။

တချို့ကားများတွင် ဒိုင်နမိုမှ ချာဂျင်အမ်ပီယာ မည်မျှထွက်ကြောင်း ဖော်ပြနေသော Ammeter ပါရှိသည်။ ၎င်းမီတာခွက်တွင် လျှပ်စီးကြောင်း ပမာဏကို AMP ဖြင့် ဖော်ပြသည်။ Ammeter ဒိုင်ခွက်တွင် Pointer မျှားမပြပါက ချာဂျင် မဝင်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ချာဂျင် မဝင်သော အကြောင်းရင်း များစွာရှိသည်။

  • ပန်ကာကြိုး ပြတ်နေသလား
  • ပန်ကာကြိုး လျော့လွန်းနေ၍ တကျွီကျွီမြည်သလား။
  • Cutout Regulator အလုပ်မ လုပ်၍လား။
  • I.C လောင်သွားသလား။
  • ဒိုင်နမိုအထွက်ကြိုး အဆက်ချောင် နေသလား။
  • ဒိုင်နမို၊ မီးငုတ်နှင့် ဝါယာကေ ဘယ်လ် တာမီနယ်အဆက်နေရာ တွင် လောင်ပြီးပြတ်ကျနေသလား။
  • ဒိုင်နမိုမီးကြိုးလွတ်နေသလား။
  • ဒိုင်နမိုကာဗွန် တိုနေသလား။
  • ဒိုင်နမို Coil လောင်နေသလား။
  • Alternator မှ ဒိုင်အုပ်ကတ်တွင် ဒိုင်အုပ် (၆) လုံးရှိပြီး ဒိုင်အုပ်ကျွမ်း နေသလား။
  • Rotor မှ Coil ဝါယာအစလွတ်နေ သလား။
  • Stator Coil လောင်နေသလား။ ဝါယာပြတ်ပြီး ဆားကစ် Open ဖြစ် နေသလား။
  • Rotor ထိပ်မှ ကြေးကွင်း (Slip Rings) များစားနေ၍ ကာဗွန်နှင့် မထိ တထိဖြစ်နေသလား။

တချို့ဒီဇယ်ကားများတွင် Vacuum Pump နှင့် Alternator တွဲထားသည်။ Oil Seal ပေါက်နေပါက Alternator အတွင်းသို့ အင်ဂျင်ဝိုင်များ ရောက်ပြီး ကာဗွန်နှင့် ကြေးကွင်းကြားတွင် ဆီများညစ်ပေ တတ်သည်။ ထိုအခါ Rotor တွင်လုံလောက်သော လျှပ်စစ်မရ၍ သံလိုက်စက်ကွင်း မဖြစ်ပါ။ သံလိုက် စက်ကွင်းမဖြစ်ပါက Alternator မှ လျှပ်စစ် မထွက်ပါ။

  • ပန်ကာကြိုးတင်းလွန်းအားကြီး လျှင် ဒိုင်နမိုဘောလ်ကွဲတတ်သည်။ ဘောလ်ကောင်းပါက ရိုတာနှင့် ကွိုင် ရိုက်မိထိမိပြီး ပျက်စီးတတ်သည်။
  • ဒိုင်နမို ကောင်းသော်လည်း ဘက်ထရီအိုး မကောင်းပါက သွင်းသမျှအားကို ထိန်းမထား နိုင်ပါ။ ညသိပ်ပြီး မနက်စောစော ကားစက်နှိုးလျှင် ဘက်ထရီ အီနေတတ်သည်။
  • ဘက်ထရီခေါင်းများ၊ ဘက်ထရီ ကေဘယ်လ်ကြိုးများ ချောင်နေ၊ လွတ်နေပါက အားမဝင်ပါ။
  • ဘက်ထရီကို ပုံမှန်ထိန်းသိမ်းရန် လိုအပ်ပါသည်။
  • ချာဂျင်အားသွင်းစနစ်နှင့် စက်နှိုး မော်တာစနစ်တို့သည် တစ်ခုနှင့် တစ်ခုဆက်စပ်နေ၍ စနစ် (၂) မျိုး စလုံးကောင်းရန် ပုံမှန်စစ်ဆေးထိန်း သိမ်းပါ။

ချာဂျင်အားသွင်းစနစ်ကို ထိန်းသိမ်းခြင်း

ပန်ကာကြိုး တင်းအားသည် ပုံမှန်ရှိရမည်။ ပန်ကာကြိုးကို လက်မဖြင့် ဖိချလိုက်ပါက (ဝ.၅) လက်မခန့် ထိဆင်းရမည်။ လျော့လွန်းပါက ပန်ကာကြိုးစားပြီး ဒိုင်နမိုလည်အား ကျလာမည်။

(၆) လတစ်ကြိမ်ဒိုင်နမို Alternator ကို ဖြုတ်ဆေးပြီး Servicing လုပ်ပါ။ လိုအပ်ချက်များ စစ်ဆေးပြီး လဲသင့်သော အစိတ်အပိုင်းများကို လဲလှယ်ပါ။

ဒိုင်နမို မီးငုတ်ဝါယာကြိုး အဆက်များ သေချာပါစေ။

ဒိုင်နမို Alternator မီး ထွက်မှန်မမှန် မီတာခွက် ထောက်တိုင်းပါ။ ရှိသင့်သောအမ်ပီယာရှိရမည်။

Over Charging ဖြစ်လျှင် ဘက်ထရီဆူလာပြီး ဘဲဥပုပ်နံ့ထွက် လာမည်။ Over Charging ဖြစ်ခြင်းသည် I.C မကောင်း ၍ဖြစ်သည်။ ဘက်ထရီ သက်တမ်းကို တို စေသည်။

ဘက်ထရီခေါင်းများ၊ ငုတ်များ၊ ကေဘယ်လ်ကြိုးများ ကို အမြဲသန့်ရှင်းအောင် ထိန်းသိမ်းပါ။ အဆက်များ တင်းကျပ်နေပါစေ။

ဘက်ထရီမိုးရေ၊ အက်ဆစ် Levelမှန်အောင် စစ်ဆေးပါ။ လိုအပ်ပါက မိုးရေထပ်ဖြည့်ပါ။

ဘက်ထရီမီးလင်းလျှင်၊ ညဘက် မီးကြီး ပြင်းအားကျနေလျှင် ချာဂျင်မဝင် ၍ဖြစ်သည်။ စစ်ဆေးပြုပြင်ပါ။

ပန်ကာကြိုး နှုတ်ခမ်းသားများ အစလှန်နေလျှင်၊ စားနေလျှင် ပန်ကာကြိုး ကောင်းကောင်းကို လဲပေးပါ။

Ref: Auto Mobile

Author