Full article

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ မောင်းနှင်သည့် မော်တော်ယာဉ်များ အတွက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေ ရုပ်သိမ်းပြီး နောက်ပိုင်း ယာဉ်မတော် တဆမှုနှင့် စည်းကမ်းပျက် ယာဉ်မောင်းနှင်မှုများ ပိုမိုများပြား လာကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး'မှ သတင်းရရှိသည်။

Traffic-Police-man

ယာဉ်စည်းကမ်း စီမံချက်ဒဏ်ငွေအား ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ရုပ်သိမ်း ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ အရသာ အရေးယူ ခဲ့ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုနှင့် စည်းကမ်း ပျက်မောင်းနှင်မှုများ ပိုမိုများပြား လာခြင်းဖြစ်ကြောင်း သိရသည်။ "ယာဉ်မောင်းတွေ စည်းကမ်း လိုက်နာမယ် ဆိုတာနဲ့ အားလုံးကို ဥပဒေနဲ့ပဲ အရေးယူ ချင်တာကြောင့် စီမံချက်ဒဏ်ငွေကို လျှော့လိုက်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေအရ ဒဏ်ငွေက ကျပ် ၁,၅ဝဝ တည်းဆိုတော့ လူတွေက ဂရုမစိုက်တော့ဘူး၊ စည်းကမ်းမဲ့ မောင်းတယ်၊ ဒီတော့ ယာဉ်တိုက်မှုတွေ ပိုဖြစ်တယ်၊ ယာဉ် တိုက်မှုတွေ တော်တော် များများ ကလည်း စည်းကမ်းမဲ့ မဆင်မခြင်မောင်းလို့ ဖြစ်တာတွေ များတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ စည်းကမ်း မဲ့မှုများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်ရန် မြို့တော်အတွင်း ယာဉ်မတော်တဆမှု ဖြစ်ပေါ်စေမည့် မောင်းနှင်မှုနှင့် မြို့တော်အင်္ဂါရပ် ထိခိုက်စေသည့် ကိစ္စရပ်များ ဆောင်ရွက်သည့် မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူဆောင်ရွက်ရန် ရန်ကုန်မြို့တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဆောင် ရွက်ထားကြောင်း သိရသည်။ "အဓိကထားပြီး စစ်ဆေး ဖမ်းဆီးမှာက လမ်းအသုံးပြုသူတွေကို တိုက်ရိုက် ထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေဖြစ်တဲ့ မီးနီဖြတ်မောင်းတာတွေ၊ လမ်းပြောင်းပြန် မောင်းနှင်တာတွေ၊ အရက်သောက်ပြီး မောင်းနှင်တာတွေ၊ အရှိန်ပြင်းပြင်း မောင်းနှင်တာတွေနဲ့ မြို့တော်အင်္ဂါရပ်ကို ထိခိုက်စေမယ့် ဟွန်းအကျယ်ကြီး အသံရှည်တီးတာ၊ ဟွန်းတီးတာတွေ ကိုပါဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ အထက်ပါ ကိစ္စရပ်များအား ဖောက်ဖျက် ကျူးလွန်သည့် ယာဉ်မောင်းများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွား မည်ဖြစ်ပြီး လိုင်စင်ပိတ်သိမ်းထားစဉ် ကာလအတွင်း ယာဉ်မောင်းနှင်မှု ပြုလုပ်ပါက မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၂၁ အရ အများဆုံး ပြစ်ဒဏ်ထောင် ဒဏ်တစ်နှစ်အထိ ကျခံစေနိုင်ကြောင်း သတင်းရရှိသည်။

Ref: Automobile

Author