Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များ၏ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ လျော့ကျသွားခြင်း မရှိသေးကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ'မှ သတင်းရရှိသည်။

Bus

အဆိုပါ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် ခရီးသည်တင် ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းမှာ အဓိကအကြောင်းအရင်းဖြစ်ပြီး ယာဉ်မောင်းများ စည်းကမ်းမဲ့ မဆင် မခြင် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ယာဉ်မောင်း လိုင်စင်မဲ့များဖြင့် မောင်းနှင်ခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များလည်း ဖြစ်ပွားကြောင်း သိရ သည်။ "ယာဉ်လုပ်သားတွေက ပြုပြင်ထိန်းသိမ်းတာတွေ၊ စစ်ဆေးမှုတွေ မပြုလုပ်ဘဲ မောင်းနှင်ကြတယ်၊ ကားအုံနာတချို့ကလည်း သူတို့ စီး ပွားရေးအတွက်ပဲကြည့်ပြီး ၂၄ နာရီ နီးပါး ကားတွေကို ပြေးခိုင်းတဲ့အတွက် ခရီးသည်တင်ယာဉ် မတော်တဆမှုက လျော့ကျမသွားဘူး၊ ယာဉ်မတော်တဆ တိမ်းမှောက်တာ တွေကလည်း ဆက်ဖြစ် နေတုန်းပဲ" ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ခရီးသည်တင်ယာဉ် မတော်တဆမှုများအနေဖြင့် ယခု မတ် ၁ ရက်မှ ၁၅ ရက်အထိ ယာဉ်မတော်တဆ မှုပေါင်း ၁၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ခုနစ်ဦးနှင့် ဒဏ်ရာရရှိသူ ၆၃ ဦး ရှိခဲ့ကာ ဇန်နဝါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ နှစ်လခွဲကာလအတွင်း၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၆၃ မှု ဖြစ်ပွားပြီး သေဆုံးသူဦးရေ နှစ်ဆယ်နှင့် ဒဏ်ရာရရှိသူ ၂၁၁ ဦးအထိ ရှိကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။

Ref: Automobile

Author