Full article

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆဖြစ်စဉ်များ၏ တိုက်ထွက်ပြေးမှုများတွင် ကိုယ်ပိုင်နှင့် အငှားယာဉ်မောင်း များထက် ခရီးသည်တင်ယာဉ်မောင်းများ အများဆုံးဖြစ်ကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး'၏  မှတ်တမ်းများအရ သိရသည်။

2

စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ နှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၃၇၆ မှု ဖြစ်ပွားခဲ့ပြီး ယင်း တွင် ယာဉ်မောင်းထွက်ပြေး သွားသည့် ပြစ်မှုပေါင်း ၁၅ဝ ခန့် ပါဝင်နေကာ ထွက်ပြေးသူ အများစုမှာ ခရီးသည်တင်ယာဉ်မောင်းများ ဖြစ်ကြောင်း သိရသည်။ "လစဉ်ဖြစ်ပွား တဲ့ ယာဉ်မတော်တဆမှုတွေရဲ့ ၄ဝ ရာခိုင်နှုန်းက တိုက်ထွက်ပြေးတွေဖြစ်နေပြီးတော့ ယာဉ်မတော်တဆမှုဖြစ်ရင် ထွက်ပြေးသူ အများစုက ခရီးသည် တင်ယာဉ်မောင်း တွေများတယ်" ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ မတ် ၁၅ ရက်အထိ စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၃၁ မြို့နယ်အတွင်း ခရီးသည်တင်ယာဉ် မတော်တဆမှု ၇၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရရှိသူ ၂၁၆ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ "ခရီးသည်တင် ယာဉ်မောင်းတွေအနေနဲ့ သတ်မှတ်အရည်အချင်း ပြည့်ဝမှသာ ခရီးသည်တင်ယာဉ်ကို မောင်းနှင်သင့်ပါတယ်၊ တချို့ယာဉ်မောင်းတွေဟာ သတ်မှတ်လိုင်စင် မဟုတ်ဘဲ မောင်းနှင်တာတွေ စစ်ဆေးတွေ့ရှိရတယ်၊ တချို့ ယာဉ်နောက်လိုက်တွေဆိုရင်လည်း မထသ(ဗဟို)က ပေးတဲ့ ယာဉ်နောက်လိုက် လိုင်စင်မရှိဘဲနဲ့ ယာဉ်နောက်လိုက် လုပ်တယ်၊ မတော်တဆဖြစ်ရင် ခရီးသည်တွေပဲ နစ်နာတာ၊ သူတို့က ထွက်ပြေးကြတယ်"ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ ခရီးသည်တင်ယာဉ် မောင်းနှင်ရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင် (င) အမျိုးအစားကို ကိုင်ဆောင် မောင်းနှင်ရန် လိုအပ်ပြီး ယာဉ်နောက် လိုက်များအနေဖြင့်လည်း မထသ (ဗဟို)မှ ခွင့်ပြုပေးသည့် ယာဉ်နောက်လိုက်လိုင်စင်ရှိရန် လိုအပ်ကြောင်း သိရသည်။

Ref: Automobile

Author