Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week

  • ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့် ကန့်သတ်မှုကြောင့် ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ
  • ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို မြင်သာကညနမှ သန်လျင်ခရိုင်ရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည်
  • မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းသည့် ခရီးသည်တင်ယာဉ်များ LPG ဖြင့် ပြောင်းလဲပြေးဆွဲမည်
  • လူကူးခုံးကျော်တံတားများ ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်နိုင်မည်မဟုတ်
  • ကလေးမြို့တွင်း သုံးတန်အထက် ယာဉ်မဝင်ရ သတ်မှတ်နေရာသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက အရေးယူမည်
  • တရုတ်ဈေးကွက်ကို ထိုးဖောက်ရန် ECO ကားများ အခရာကျလာမည်ဟု ဂျပန်သတင်းစာ သုံးသပ်
  • အာဆီယံတွင် Chevrolet ရောင်းအားစံချိန်တင်
  • အက္ခရာ အစဉ်လိုက်အတိုင်းသာ အပ်နှံခွင့် ပြုဖွယ်ရှိသောကြောင့် '၁က' ကားများ အဝယ်လိုက်
  • အိန္ဒိယဇိမ်ခံကား ရောင်းချရမှု၌ Audi ကို BMW ရှုံးနိမ့်ခဲ့ရ
  • ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများ ဆောင်ရွက်ပေးနေ
  • လာမည့်ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်းများပေါ်၌ ကတ္တရာထပ်ပိုးလွှာ ခင်းမည်
  • ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ ပြည်တွင်းသို့ တင်သွင်းနိုင်ရန် ဟောင်ကောင် အခြေစိုက် သင်္ဘောလိုင်းမှ ဝန်ဆောင်မှုပေးမည်
  • ၂ဝ၃၅ ခုနှစ်မှသာ BRT စနစ်ဖြင့် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပြေးဆွဲမှု အကောင်အထည်ဖော်နိုင်မည်
  • *အထပ်မြင့်ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်း နေရာသုံးနေရာ ပဏာမရွေးချယ်

ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့် ကန့်သတ်မှုကြောင့် ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ

ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တွင်း ဝင်ရောက်ပြေးဆွဲခွင့် ကန့်သတ်လိုက်ခြင်းကြောင့် ခရီးသည်များ နှင့် ယာဉ်ပိုင်ရှင်များ အခက်ကြုံ လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကုန်တင်ယာဉ် အငယ်စား ယာဉ်များ ဖြစ်သည့်အတွက် ခရီးသည်တင်ဆောင်ပြေးဆွဲရန် ယာဉ်အန္တရာယ် လုံခြုံစိတ်ချမှု မရှိသော်လည်း ယခင်က မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒ ကန့်သတ်ချက်များနှင့် အခြားလို အပ်ချက်များကြောင့် အဆိုပါ ယာဉ်များကို ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုခဲ့ရကြောင်း၊ ယခုအခါ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒ အပြောင်းအလဲများအလိုက် မြို့တွင်းဘတ်စ်ကားနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်တင်သွင်းမှုများ ရှိလာသည့်အတွက် ဟိုင်းလပ်ယာဉ်များ နေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲစေခြင်းနှင့် ခရီးသည် တင်ဆောင် ပြေးဆွဲရန် လုံခြုံစိတ်ချရမှု မရှိသည့် ဟိုင်းလပ်ယာဉ်များ မြို့တွင်းပြေးဆွဲခွင့်ကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အလိုက် ချိတ်ဆက်ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်း၌ ယာဉ်အစီးရေ ၈၅ဝ ရှိကြောင်း၊ ယင်းတို့အနက် အစီးရေ ငါးရာကျော်မှာ ယာဉ်ဟောင်းအပ်နှံကာ မီနီဘတ်စ်များ တင်သွင်းလိုသော်လည်း အစီးရေအလိုက် ပေးသွင်းရမည့် ငွေကြေးနှင့် ဘဏ်အတိုးနှုန်းများကို စိုးရိမ်လျက်ရှိနေကြကြောင်း၊ အပ်နှံခြင်းမပြုသည့် ယာဉ်များအနေဖြင့်လည်း ပဲခူး တိုင်းဒေသကြီး ဂိတ်စမှ ထောက်ကြန့်လမ်းဆုံ ဂိတ်ဆုံး အထိသာ ပြေးဆွဲရမည် ဖြစ်သည့်အတွက် ယခင် နေ့စဉ်ဝင်ငွေကို ထိခိုက်မှု ရှိနိုင်သည့်အပြင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လက်ရှိ ပြေးဆွဲနေသော 'ခ' လိုင်စင် ခရီးသည် တင်ယာဉ်မှ 'က' လိုင်စင် ကုန်တင်ယာဉ်အဖြစ် ပြောင်းလဲပါကလည်း အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ယာဉ်မောင်းများက ဆိုသည်။ ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များကို ၂ဝဝ၉ ခုနှစ်တွင် မြို့တွင်း ခြောက်မြို့နယ်၌ ဝင်ရောက်ပြေးဆွဲခွင့် ပိတ်ပင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ အပေါ်အမိုး ဝက်ခြံကို ဖြုတ်သိမ်းခိုင်းကာ အမိုးစီး ခရီးသည် တင်ဆောင် ပြေးဆွဲခြင်းကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဟိုင်းလပ်ယာဉ်များအား ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ်အတွင်း ဝင်ရောက်ပြေးဆွဲခွင့်ကို ကန့်သတ်ခဲ့ပြီး လက်ရှိပြေးဆွဲမှုကို ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်အထိ ခွင့်ပြုထားကာ အဆိုပါ ရက်ကျော်လွန်ပါက ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက် ပြေးဆွဲခွင့် မရှိတော့ကြောင်း သိရသည်။

Ref: Automobile

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို မြင်သာကညနမှ သန်လျင်ခရိုင်ရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည်

ဇန်နဝါရီ ၂၇ ရက်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို မြင်သာ ကညနမှ သန်လျင်ကညနရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒသစ်တွင် မော်တော်ယာဉ် သက်တမ်းအလိုက် အပ်နှံခွင့်ပေး ဖွယ်ရှိသောကြောင့် ကားဟောင်း အပ်နှံသူများက ယာဉ်အပ်နှံမှုကို တိုင်းရုံးများ တွင်သာမက ခရိုင်ရုံး များတွင်ပါ ပြုလုပ်ပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ အကြံပြုတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကညနအနေဖြင့် သန်လျင်ကညန ခရိုင်ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ပြောင်းရွှေ့ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ကညနမှ တာဝန်ရှိသူတစ်ဦးက "ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို သန်လျင်ကညနခရိုင်ရုံးမှာ ပြောင်းရွှေ့ ပြုလုပ်ပေးခဲ့တာက မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားဖို့အတွက် ဖြစ်ပါတယ်"ဟု ဆိုခဲ့သည်။ မြင်သာ ကညနရုံးသည် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ခရိုင်ရုံးသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ကနဦး မှတ်ပုံတင်ခြင်းနှင့် ယာဉ်သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Ref: Auto Mobile

မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းသည့် ခရီးသည်တင်ယာဉ်များ LPG ဖြင့် ပြောင်းလဲပြေးဆွဲမည်

မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ရရှိမှုခက်ခဲပါက LPG ဓာတ်ငွေ့ရည်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း 'မေတ္တာလှိုင်း ခရီးသည်တင် ယာဉ်လိုင်း'မှ သတင်းရရှိသည်။ အဆိုပါ ယာဉ်လိုင်းတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်က ခရီးသည်တင်ယာဉ် သုံးစီးခန့် LPG တပ်ဆင်ခဲ့ပြီး ထပ်မံ တိုးမြှင့်တပ်ဆင်သွားမည်ဟု သိရသည်။ ယင်းနှင့်အတူ LPG ဓာတ်ငွေ့ရည် အသုံးပြုပုံများ၊ သတိပြုရမည့် အချက်များကိုလည်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ ဒီ LPG က ရိုးရိုး ဒီဇယ်၊ ဓာတ်ဆီထက်စာရင် ဈေးနှုန်းလည်း သက်သာပြီး ဆီစားလည်း သက်သာတဲ့အတွက် အခုဆိုရင် ကားတွေကို အဲကွန်းဖွင့်ပြီး မောင်းခိုင်းနေတယ်၊ အဲဒါကြောင့် ခရီးသည်တွေအနေနဲ့ သက်သောင့်သက်သာ သွားလာနိုင်သလို ကျွန်တော်တို့ယာဉ်လိုင်းကို စောင့်စီးမယ့် ခရီးသည်တွေလည်း ပိုများလာနိုင်တယ်၊ ယာဉ်လုပ်သားတွေကို LPG အသုံးပြုနည်းတွေ ကျွန်တော်တို့ အသေအချာ သင်ပေးထားပါတယ် ဟု မေတ္တာလှိုင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း LPG ဓာတ်ငွေ့ရည်ကို စတင်တပ်ဆင်လျှင် ၁၂ဝ လီတာဆံ့ ဂက်စ်အိုး လေးအိုးမှ ငါးအိုး တပ်ဆင်နိုင်ပြီး ခရီးသည်တင်ယာဉ် တစ်စီးလျှင် ကျပ် သိန်းနှစ်ဆယ် ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကာ နောက်ပိုင်းတွင် ဂါလန်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ရည် ဖြည့်သွင်းမှုကို မြန်မာ့ ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ IP ၊ မြဝတီနှင့် ရွှေသန်လျင် ကုမ္ပဏီတို့တွင်ဝယ်ယူနိုင်ပြီး Powertek Engineering Group ကုမ္ပဏီမှ Door to Door စနစ်ဖြင့်လည်း ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Automobile

လူကူးခုံးကျော်တံတားများ ယခု ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်နိုင်မည်မဟုတ်

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် လျာထားသော လေအေးပေးစက်နှင့် စက်လှေကားများ ပါဝင်သည့် လူကူးခုံးကျော် တံတားများကို ယခုဘဏ္ဍာနှစ် အ တွင်း ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သတင်းရရှိသည်။ လေအေးပေးစက်နှင့် စက်လှေကားများ ပါဝင်သည့် ခုံးကျော်တံတားများကို ကမ္ဘာအေးဘုရား လမ်းမပေါ် ဂမုန်းပွင့်ကုန်တိုက်ရှေ့၊ ပန်းဆိုးတန်းဘက်မှ ကမ်းနားလမ်း အကူးနှင့် ဆိပ်ကြီးခနောင်တို ဘောခံတံတားအဆင်းမှ စဉ့်အိုးတန်းဘက်အကူး၌ တည်ဆောက်သွားမည်ဖြစ်ပြီး ဦးစားပေးဆောက်လုပ်မည့် ဂမုန်းပွင့်ကုန်တိုက်ရှေ့ လူကူးခုံးကျော်တံတားမှာ တံတားတည်ဆောက်ရန် မြေနေရာ လုံလောက်မှုမရှိခြင်းနှင့် သာသနာရေး ဝန်ကြီးဌာနပိုင်မြေများ ဖြစ်သောကြောင့် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပန်းဆိုးတန်းနှင့် စဉ့်အိုးတန်း ခုံးကျော်တံတားမှာလည်း တည်ဆောက်ရေးဆိုင်ရာ စစ်တမ်းကောက်ယူမှု တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ရာ ယခု ဘဏ္ဍာနှစ်တွင် လူကူးခုံးကျော် တံတားများ ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း သိရသည်။ သုံးနေရာ သတ်မှတ်ထားပေမဲ့ အရင်ဆုံး ဂမုန်းပွင့်ရှေ့မှာ ဆောက်ဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ မြေနေရာ အခက်အခဲက ရှိနေတယ်၊ စင်္ကြံက ကျဉ်းလွန်းတော့ တံတားဆောက်လိုက်ရင် ပြည့်သွားမှာ၊ ပြီးတော့ သာသနာရေး ပိုင်မြေကြီး ဖြစ်နေတယ်၊ ဒါကြောင့် ဒီနှစ်တော့ ဆောက်ဖြစ်မှာ မဟုတ်ဘူး၊ ၂ဝ၁၄-၂ဝ၁၅ မှာတော့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ဆက်ပြီးဆောင်ရွက်မှာပါ"ဟု 'မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)' ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ခုနစ်စင်းရှိပြီး ဗိုလ်ချုပ်လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ်ရှေ့၊ ဗိုလ်ချုပ်လမ်းပေါ် ဗိုလ်ချုပ်ဈေးရှေ့၊ အနော်ရထာလမ်းရှိ သိမ်ကြီး ဈေးရှေ့၊ ဗန္ဓုလလမ်း သိမ်ကြီးဈေးရှေ့၊ ဆူးလေ၊ ကျောက်တံတား ရဲစခန်းရှေ့နှင့် အလံပြဘုရားလမ်း ဒဂုံ ၁ ကျောင်းရှေ့ စသည်တို့တွင် တည်ဆောက်ထားကာ အဆိုပါ လူကူး ခုံးကျော်တံတားများကို အသုံးပြုမှု နည်းပါးကြောင်း တွေ့ရှိ ရသည်။

Ref: Automobile

ကန့်သတ်နေရာများ၌ ယာဉ်ရပ်နားခြင်းကြောင့် ချလန်ဖြတ် အရေးယူထားသည့် ယာဉ်များ လေးလအတွင်း ဒဏ်ကြေးပေးဆောင်ခြင်း မရှိပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းမည်

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နမိတ် ဧရိယာအတွင်း ကန့်သတ်နေရာများ၌ ယာဉ်ရပ်နားခြင်း များကြောင့် ချလန်ဖြတ် အရေးယူထားသည့် မော်တော်ယာဉ် များအား လေးလအတွင်း ဒဏ်ကြေး လာရောက် ပေးဆောင်ခြင်း မရှိပါက ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။ မြို့တော်စည်ပင် နယ်နိမိတ် ဧရိယာအတွင်းရှိ အဓိကလမ်းမကြီးများ၌ ယာဉ်ရပ်နားမှုများအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စ၍ ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရာ၌ မဖမ်းဆီးမီ လက်ကိုင် စပီကာဖြင့် အသိပေး ကြေညာချက်များပြုလုပ်၍ သတ်မှတ်ချိန် အတွင်း ယာဉ်ပိုင်ရှင် ရောက်ရှိလာပါက ချလန်ဖြတ် အရေးယူကြောင်းနှင့် သတ်မှတ်ချိန်အတွင်း ယာဉ်ပိုင်ရှင် လာရောက်ခြင်းမရှိသည့် ယာဉ်များကိုမူ ကရိန်းကားဖြင့် ဆွဲယူကာ ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ကြောင်း သိရသည်။ စည်ပင်ဥပဒေအရ ယာဉ်တွေကို အရေးယူ ဆောင်ရွက်တဲ့နေရာမှာ သတ်မှတ်ချိန် အတွင်းမှာ ပိုင်ရှင် ရောက်လာတဲ့ယာဉ်ကို ချလန်ဖြတ်တယ်၊ ချလန်ဖြတ် အရေးယူတဲ့နေရာမှာ ယာဉ်မောင်းရဲ့ လိုင်စင်ကို ချလန်ဖြတ် အရေးယူတာပါ၊ လေးလအတွင်းမှာ အဲဒီဒဏ်ကြေးကို လာရောက်ပေးဆောင်ခြင်း မရှိဘူးဆိုရင် ယာဉ်မောင်းလိုင်စင်ကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်၊ ယာဉ်မောင်းက ဒဏ်ကြေး လာမဆောင်ဘဲ အပျောက် ပြန်လျှောက်တာ မျိုးတွေ ဘာတွေ လုပ်လို့မရအောင် ကညနဆီလည်း စစ်ဆေးဖမ်းဆီးရရှိပြီး ဒဏ်ကြေး လာမဆောင်တဲ့ စာရင်းတွေ ပေးပို့ထားမှာ ဖြစ်ပါတယ် ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့ယာဉ်ရပ်နားမှု အရေးယူခြင်းအား စတင် အကောင် အထည်ဖော်သည့် ၂ဝ၁၃ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ချလန်ဖြတ် အရေးယူခဲ့သည့်အမှုပေါင်း ၁,၇၈၄ မှုရှိခဲ့ပြီး ဒဏ်ကြေး လာရောက် ပေးဆောင်ခြင်း မရှိသည့် ယာဉ်အစီးရေ နှစ်ရာကျော်ရှိနေကြောင်း သတင်းရရှိသည်။

Ref: Automobile

ကလေးမြို့တွင်း သုံးတန်အထက် ယာဉ်မဝင်ရ သတ်မှတ်နေရာသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက အရေးယူမည်

ကလေးမြို့တွင်း၌ ယာဉ်ကြော ရှုပ်ထွေးမှု ရှိနိုင်သည့် လမ်းနေရာများတွင် သုံးတန်ထက်ကျော်သော ယာဉ်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ရာ ယင်းနေရာသို့ ကုန်တင်ယာဉ်များ အနေဖြင့် ဖြတ်သန်းသွားလာမှုများ ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ(မ .စ .က) ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။ ၂ဝ၁၃ ဒီဇင်ဘာလက စပြီး သုံးတန်ထက်ယာဉ်တွေ မဝင်ရဆိုပြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းနဲ့ စံပြလမ်းထောင့်ကနေ လမ်းဆုံအထိ တစ်နေရာ၊ ဘုရားကြီးလမ်းနဲ့ ဝေဇယန္တာလမ်းပိုင်းက တစ်နေရာ၊ ဝေဇယန္တာ လမ်းထောင့်ကနေ လမ်းဆုံ မီးပွိုင့်နေရာတွေကို သတ်မှတ်ထားပါတယ်၊ အဲဒီနေရာတွေက ယာဉ်သွား ယာဉ်လာများတော့ အထူးသဖြင့် ကုန်တင်ကား ကြီးတွေ ဝင်လိုက်ပြီဆိုရင် လမ်းက ပိတ်သွားတယ်၊ လမ်းကျဉ်းတာလည်း ပါတာပေါ့၊ အဲဒါကြောင့်မို့လို့ အဲဒီနေရာတွေကို မဝင်ခိုင်းတာပါ ဟု ၎င်းက ရှင်းပြသည်။ ကလေးမြို့သည် ယခုနောက်ပိုင်း ကာလများ၌ ယာဉ်သွား ယာဉ်လာ များပြား လာသောကြောင့် ယာဉ်ကြော ရှုပ်ထွေးပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ယင်းကဲ့သို့ ယာဉ်ကြော ရှုပ်ထွေး နိုင်သည့် နေရာများတွင် သုံးတန်ထက်ကျော်သော ကုန်တင်ကားကြီးများ ဝင်ရောက်ခြင်းကို ကန့်သတ်လိုက်ခြင်းကြောင့် ဒေသတွင်း ခရီးသွားပြည်သူများအတွက် အဆင်ပြေမှုရှိခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်လမ်းပိုင်း မှာဆိုရင် လေဆိပ်ရှေ့ရယ်၊ မြို့မဈေး ရှေ့ရယ်က ယာဉ်ကြော ခဏခဏ ပိတ်တယ်၊ အဲဒီနေရာတွေမှာ ယာဉ်တွေက နှစ်ထပ်လောက် ရပ်လိုက်တော့ ကုန်တင်ကား ကြီးတွေသာ ဝင်လိုက်မယ်ဆိုရင် ယာဉ်ပိတ်ဆို့ မှုတွေ ဖြစ်သွားနိုင်တယ် ဟု (မ .စ .က) ဥက္ကဋ္ဌ ဦးစိုးဝင်းက ထပ်မံပြောကြားသည်။ အဆိုပါ သုံးတန်အထက်ယာဉ်များ မဝင်ရ သတ်မှတ်နေရာများသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူမှုသည် ဒဏ်ငွေ ငါးသောင်း အထိသာ ချမှတ်နိုင်သောကြောင့် ယာဉ်မောင်းများ အနေဖြင့် စည်းကမ်းလိုက်နာမှု ပိုမို အားကောင်းစေရန် အခြေခံဥပဒေ အား ပြင်ဆင်ရန် အထူးလိုအပ်နေကြောင်း ဦးစိုးဝင်းက ဆိုသည်။ ထို့ပြင် ကလေးမြို့၌ ယာဉ်များ ယခင်ထက် ပေါများလာသောကြောင့် ယာဉ်ကြောရှုပ်ထွေးမှု သက်သာစေရန် ကလေးမြို့၊ မင်းရဲကျော်စွာလမ်းမှ တစ်ဆင့်က လေးမြို့နယ်၊ တောင်ဖီလာတောင် အနီးတစ်ဝိုက်အထိ မြို့ပတ်လမ်း ဖောက်လုပ်ရန် သက်ဆိုင်ရာက စီစဉ်နေကြောင်းလည်း သိရှိရသည်။

Ref: Automobile

တရုတ်ဈေးကွက်ကို ထိုးဖောက်ရန် ECO ကားများ အခရာကျလာမည်ဟု ဂျပန်သတင်းစာ သုံးသပ်

ဂျပန်ကားကုမ္ပဏီများအနေဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် အကြီးမားဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၌ ရောင်းအားတက်လာရန် ကြိုးစားရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သော Eco-Friendly ကားများ ထုတ်လုပ် ရောင်းချခြင်းက အဓိကကျလာလိမ့်မည် ဟု 'ယိုမီအုရီရှင်းဘွန်း သတင်းစာ' က ဇန်နဝါရီ ၁၈ ရက်တွင် သုံးသပ်ရေးသားခဲ့သည်။ ကမ္ဘာ့စူပါ ပါဝါဖြစ်လာသော တရုတ်နိုင်ငံသည် အကျိုးဆက်အနေဖြင့် လေထု ညစ်ညမ်းမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး ထိုသို့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ရခြင်း၏ အဓိကအချက်မှာ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သော မီးခိုးများကြောင့် သာမက လမ်းမများပေါ် သွားလာနေသည့် ကားများမှ ထုတ်လွှတ်သော မီးခိုးငွေ့များကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရ အာဏာပိုင်များသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေသည့် သာမန်စက်သုံးဆီသုံးကားများအစား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သော Eco-Friendly ကားများ ထုတ်လုပ်ရန် ပြည်တွင်း ကုမ္ပဏီများကို တိုက်တွန်းမှုများ ပြုလုပ်ထားသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကားသစ်စီးရေ သန်း နှစ်ဆယ်ခန့် ရောင်းချနိုင်ခဲ့ပြီး Volkswagen Group နှင့် General Motors တို့မှာ စက်သုံးဆီ ချွေတာသည့် Eco-Friendly ကားများဖြင့် ဈေးကွက် ဝေစုကို ခွဲဝေယူနိုင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်ဈေးကွက်၌ ဝေစုအများဆုံး ရရှိခဲ့သည်မှာ ၄ဝ.၃ ရာခိုင်နှုန်းရှိသော ပြည်တွင်းကား အမှတ်တံဆိပ်များဖြစ်ပြီး ဂျာမန် အမှတ်တံဆိပ်များက ၁၈ .၈ ရာခိုင်နှုန်း၊ ဂျပန်အမှတ်တံဆိပ်များက ၁၆.၄ ရာခိုင်နှုန်းစီ ရရှိခဲ့သည်။

Ref: Auto Mobile

အာဆီယံတွင် Chevrolet ရောင်းအားစံချိန်တင်

အမေရိကန်ထိပ်တန်း ကားကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် Chevrolet သည် ၂ဝ၁၃ ခုနှစ်အတွင်း အရှေ့ တောင်အာရှဒေသ၌ ရောင်းအား စံချိန်တင်နိုင်ခဲ့ကြောင်း 'Bernama သတင်းဌာန'က ဇန်နဝါရီ ၁၇ ရက်၌ ရေးသားဖော်ပြခဲ့သည်။ ဂျီအမ်ကုမ္ပဏီလက်အောက်ခံ Chevrolet သည် ပြီးခဲ့သည့်နှစ်အတွင်း အာဆီယံနိုင်ငံများ၌ ကားစီးရေ ၈၂,၈၈၄ စီး ရောင်းချနိုင်ခဲ့ပြီး အင်ဒိုနီးရှား ရောင်းအားမှာ စံချိန်သစ် ဖြစ်လာခဲ့သည်။ Chevrolet သည် အင်ဒိုနီးရှားတွင် ၁၄,၉၇၅ စီး ရောင်းချနိုင်ခဲ့ပြီး ထိုပမာဏမှာ ၂ဝ၁၂ ရောင်းအားထက် ၁၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သလို ဖိလစ်ပိုင်တွင်လည်း ၄,၉၂၆ စီး ရောင်းချကာ ရောင်းအား ၅၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ထိုင်းတွင် ၅၆,၃၈၉ စီး ရောင်းချကာ ရောင်းအား ၉၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး လာအိုတွင်လည်း ၁,ဝဝ၈ စီး ရောင်းချကာ ရောင်းအား ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ Chevrolet သည် အခြား အာဆီယံနိုင်ငအံများ ဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ တို့တွင်လည်း ၎င်းတို့ ကုမ္ပဏီထုတ်ကားများအား တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေသည်ဟု Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

Ref: Auto Mobile

အက္ခရာ အစဉ်လိုက်အတိုင်းသာ အပ်နှံခွင့် ပြုဖွယ်ရှိသောကြောင့် '၁က' ကားများ အဝယ်လိုက်

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီသစ် ထွက်ပေါ်မလာသေးသဖြင့် အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံဖွယ်ရှိသောကြောင့် '၁က'အက္ခရာကားများ အဝယ်လိုက် နေကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်က 'အ'အက္ခရာကားများ အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန် ခဲ့ခြင်း နှင့်အတူ ၂ဝ၁၄ ခုနှစ်မှ စ၍ မော်တော်ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပြုမည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သော်လည်း သုံးလကျော် ကာလအထိ မူဝါဒသစ်ကို မထုတ်ပြန်ခဲ့ပေ။ ထိုအခြေအနေတွင် ကားဝယ်/ရောင်းများက အက္ခရာအစဉ်လိုက် အတိုင်းသာ အပ်နှံခွင့်ပေးဖွယ်ရှိသည်ဟု ယူဆကြပြီး '၁က'အက္ခရာကား များကို ဝယ်ယူနေကြခြင်း ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ် ထွက်ပေါ်မလာသေးတဲ့ အခြေအနေမှာ '၁က' အက္ခရာကား တွေကို စွန့်စားပြီး ဝယ်ယူလာကြပါတယ်၊ မော်တော်ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပြုခဲ့တယ် ဆိုရင်တောင်မှ '၁က' ကားတွေက အများကြီး အရှုံးပေါ်မှာ မဟုတ်ပါဘူး၊ သက်တမ်း အလိုက် မဟုတ်ဘဲ အက္ခရာတစ်ခုချင်းစီ ခေါ်ခဲ့မယ်ဆိုရင်တော့ '၁က' ကားတွေ ဈေးက သိန်းနှစ်ဆယ်လောက် မြင့်တက်သွားမှာ ဖြစ်ပါတယ် ဟု ကားဝယ်/ရောင်း တစ်ဦးက ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက်အရ '၁က' အက္ခရာကားများမှာ သိန်း ခုနစ်ဆယ် ဝန်းကျင်နှင့် အခြား 'က'တန်း ကားများမှာ ၆၇ သိန်း ဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းများမှ သိရှိရသည်။

Ref: Auto Mobile

အိန္ဒိယဇိမ်ခံကား ရောင်းချရမှု၌ Audi ကို BMW ရှုံးနိမ့်ခဲ့ရ

ကမ္ဘာကျော် ဇိမ်ခံကားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် BMW သည် ၂ဝ၁၃ အိန္ဒိယဇိမ်ခံကား ရောင်းချရမှုစာရင်းတွင် ဂျာမန်ပြည်တွင်း ပြိုင်ဘက် Audi နှင့် Mercedes တို့ကို ရှုံးနိမ့်ပြီး တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်ဟု 'အိန္ဒိယ တိုင်းမ်သတင်းစာ' က ဇန်နဝါရီ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ၂ဝ၁၂ ခုနှစ်၊ အိန္ဒိယဇိမ်ခံ ကားရောင်းချမှုစာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သော BMW သည် ၂ဝ၁၃ ခုနှစ်တွင်မူ ကားစီးရေ ၇,၃၂၇ စီးသာ ရောင်းချခဲ့ရသောကြောင့် တတိယနေရာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ အိန္ဒိယဇိမ်ခံကား ရောင်းအားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သူမှာ Audi ဖြစ်ပြီး စီးရေ ၁ဝ,ဝဝ၂ စီးဖြင့် ယမန်နှစ်ကထက် ရောင်းအား ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဒုတိယနေရာတွင် Mercedes က ရပ်တည်နိုင်ခဲ့ပြီး စီးရေ ၉,ဝဝ၃ စီးဖြင့် ယမန်နှစ် ရောင်းအားထက် ၃၂ ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်။ BMW မှာမူ ၂ဝ၁၂ ခုနှစ် ရောင်းအားထက် ၂၂ ရာခိုင်နှုန်း လျော့နည်းကာ ရောင်းအား အကောင်းဆုံးဆုကို ပြိုင်ဘက်ကုမ္ပဏီများထံ လွှဲပြောင်းပေး ခဲ့ရသည်။ BMW ၏နောက်တွင် အစဉ်လိုက် ရပ်တည်နိုင်ခဲ့သော ကုမ္ပဏီများမှာ စီးရေ ၂,၉၁၃ စီး ရောင်းချနိုင်ခဲ့သည်။ Jaguar Land Rover နှင့် ၉၁၃ စီး ရောင်းချနိုင်ခဲ့သော Volvo တို့ ဖြစ်သည်။

Ref: Auto Mobile

ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများ ဆောင်ရွက်ပေးနေ

ပြည်ပမှ တင်သွင်းလာသောကားများကို ဆိပ်ကမ်းမှ ထုတ်ယူရာ၌ ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း ကားတင်သွင်းသူ တစ်ဦးထံမှ သိရှိရသည်။ ဆိပ်ကမ်းများ၌ ပစ္စည်း အပျောက်အရှများ ဖြစ်ပေါ်နေသဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းများ ကို လိုက်လံစစ်ဆေးခဲ့ပြီး ကားထုတ်ယူသည့် ပုံစံအချို့ကိုလည်း ပြောင်းလဲခဲ့သည်။ MITT ဆိပ်ကမ်းမှာ ကားထုတ်ယူမှုပုံစံ ပြောင်းလဲသွားခဲ့ပါတယ်၊ ကားထုတ်ယူမယ် ဆိုရင် ဆိပ်ကမ်းက တာဝန်ရှိသူတစ်ယောက်က ထုတ်ယူမယ့်ကားဆီကို လိုက်ပို့ပေးပြီး စိတ်ကျေနပ်မှုရှိမှ ကားကို ထုတ်ပေးပါတယ်၊ ပစ္စည်း အပျောက်အရှ ရှိခဲ့ရင်လည်း ပြေလည်တဲ့အထိ ရှင်းပေးမယ်လို့ ပြောပါတယ်၊ ဒီလိုဆောင်ရွက်ပေးတဲ့အတွက် အရင်ကလို ပစ္စည်းအပျောက်အရှရှိမှာ မစိုးရိမ်ရတော့ပါဘူး ဟု မော်တော်ယာဉ် တင်သွင်းသူ ကိုကျော်သီဟက ဆိုခဲ့သည်။ ထိုသို့ ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ကားအတွင်း အပြင်ပါရှိသည့် ဂျိုက်၊ အပိုဘီး၊ ဂီယာဘုလုံး၊ သော့၊ အချက်ပြမီး၊ နှင်းခွဲမီး၊ လက်ကိုင်ခွေစသည်တို့ အပါအဝင် Accessories ပစ္စည်း စုံ၊ မစုံကို သေချာစစ်ဆေးပြီး ယာဉ်ပိုင်ရှင် စိတ်ကြိုက်ဖြစ်မှ ထုတ်ယူပေးနေကြောင်း ကားတင်သွင်းသူ များမှတစ်ဆင့် သိရှိရသည်။

Ref: Auto Mobile

လာမည့်ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်းများပေါ်၌ ကတ္တရာထပ်ပိုးလွှာ ခင်းမည်

လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ရန်ကုန်မြို့တော်အတွင်းရှိ ကွန်ကရစ်လမ်းများပေါ်တွင် ကတ္တရာထပ်ပိုးလွှာများ ခင်းကျင်း သွားမည်ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)' မှ သတင်းရရှိသည်။ ကွန်ကရစ်လမ်းများ ခင်းကျင်းရာတွင် ကနဦး ကုန်ကျစရိတ်မှာ ကတ္တရာလမ်းများ ခင်းကျင်းမှုထက် များပြားသော်လည်း နှစ်စဉ် ပြင်ဆင်မှုစရိတ် နည်းပါးသည့်အတွက် ပျက်စီးလမ်းနှင့် အသစ်ခင်းကျင်းမည့် လမ်းများကို ကွန်ကရစ်လမ်းများ ခင်းကျင်းလျက်ရှိသည်ဟု သိရသည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး အများစုကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းခဲ့ရာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ လက်ရှိ ခင်းကျင်းထားသော ကွန်ကရစ်လမ်းများပေါ်တွင် ကတ္တရာထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)အနေဖြင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် အတွက် ဘဏ္ဍာငွေကျပ် သန်းရှစ်ထောင် သုံးစွဲရန် လျာထား သော်လည်း သန်း ငါးထောင်ကျော်သာ ကုန်ကျသုံးစွဲခဲ့သည်။ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း လေးသောင်းကျော် ကုန်ကျသုံးစွဲရန် လျာထားပြီး ဘဏ္ဍာရေးနှစ် ကုန်ဆုံးခြင်း မရှိသေးသည့်အတွက် ကုန်ကျသုံးစွဲမှု ဘဏ္ဍာငွေ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ယင်းဘဏ္ဍာငွေဖြင့် ယခု ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ လမ်းပေါင်း သုံးရာကျော်ကို ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခဲ့ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ ယင်းလမ်း သုံးရာကျော်ကို ကတ္တရာ ထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။

Ref: Auto mobile

ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ ပြည်တွင်းသို့ တင်သွင်းနိုင်ရန် ဟောင်ကောင် အခြေစိုက်သင်္ဘောလိုင်းမှ ဝန်ဆောင်မှုပေးမည်

ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းရာ၌ အာရှနိုင်ငံများအပြင် ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များပါ တင်သွင်းနိုင်မည့် ဝန်ဆောင်မှုကို ဟောင်ကောင် အခြေစိုက် သင်္ဘောလိုင်းမှ ပေးမည်ဖြစ်ကြောင်း 'Golden Land Express Limited' မှ သိရသည်။ လက်ရှိ ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းရာ၌ ဂျပန်နှင့် စင်ကာပူကဲ့သို့ အာရှနိုင်ငံများကိုသာ အဓိကထား သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ယခုအခါ Sinor သင်္ဘောလိုင်းမှ ဥရောပနှင့် အမေရိကန်တို့မှ မော်တော်ယာဉ်များ တင်သွင်းနိုင်ရန် ဝန်ဆောင်မှုပေးမည်ဟု သိရသည်။ "အခု ဂျပန်၊ စင်ကာပူ၊ ရန်ကုန် ခရီးစဉ်အပြင် ဒီလကုန်မှာ ကိုရီးယား၊ ထိုင်းနဲ့ ဒူဘိုင်းက မော်တော်ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ ဆောင်ရွက်ထားပါတယ်၊ ဆက်ပြီး အမေရိကန်နဲ့ ဥရောပဘက်က ကား တင်သွင်းချင်သူတွေအတွက်လည်း ဆောင်ရွက်သွားမှာပါ"ဟု 'Golden Land Express Limited' ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဆိုသည်။ Sinor Line သင်္ဘောလိုင်းသည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် သင်္ဘောလိုင်းဖြစ်ကာ မြန်မာနိုင်ငံသို့ ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ Golden Land Express Limited နှင့် ပူးပေါင်းဆောင်ရွက် ထားကြောင်းနှင့် မြန်မာနိုင်ငံသို့ စတင်ပြေးဆွဲသည့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလမှ လက်ရှိအချိန်အထိ မော်တော်ယာဉ်အစီးရေ ငါးထောင်ခန့် သယ်ယူပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Auto mobile

၂ဝ၃၅ ခုနှစ်မှသာ BRT စနစ်ဖြင့် ရန်ကုန်မြို့တွင်း ယာဉ်လိုင်းပြေးဆွဲမှု အကောင်အထည်ဖော်နိုင်မည်

နှစ်ရှည်စီမံကိန်းအဖြစ် ရေးဆွဲဆောင်ရွက်နေသောကြောင့် ရန်ကုန်မြို့တော်အတွင်း BRT စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲမှုကို လာမည့် ၂ဝ၃၅ ခုနှစ်မှသာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု 'ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေးအဖွဲ့(YUTRA)'မှ သတင်းရရှိသည်။ အဆိုပါအဖွဲ့ အနေဖြင့် ရန်ကုန်မြို့တွင်း ဘတ်စ်ကား အမြန်လမ်းကြောင်း မောင်းနှင်သည့်စနစ် BRT ကျင့်သုံးနိုင်ရန် ၂ဝ၁၃ ခုနှစ်အတွင်း စစ်တမ်းကောက်ယူခဲ့သော်လည်း မြို့ပတ် လမ်းကြောင်းများ ထပ်မံချဲ့ထွင်နိုင်ရန် လုံလောက်မှု မရှိခြင်းနှင့် မြို့ပတ်လမ်းကြောင်းများ တိုးချဲ့ဖောက်လုပ်ရန် မြေနေရာခက်ခဲ့သည့်အတွက် စီမံကိန်းရေး ဆွဲလေ့လာ မှုများအရ ၂ဝ၃၅ ခုနှစ်မှသာ လမ်းကြောင်းသစ်များ ဖောက်လုပ်နိုင်ပြီး ဘတ်စ်ကား အမြန်လမ်းကြောင်း မောင်းနှင်သည့်စနစ် ကျင့်သုံးနိုင်မည် ဖြစ် ကြောင်း သိရသည်။ BRT စနစ်ကို အရင်က ကာလတိုအနေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်၊ ခရီးသည် တင်ယာဉ် တွေအားလုံး မြို့ထဲကိုပဲ ဦးတည်သွား တဲ့အတွက် BRT စနစ် ကျင့်သုံးရင်လည်း မြို့ထဲကို ဦးတည်ပေးရမှာပါ၊ ဒါပေမဲ့ မြို့ထဲက လမ်းတွေက အရမ်းကျဉ်းတဲ့အပြင် လမ်းကြောင်းသစ် ဖော်လို့မရတဲ့အတွက် လမ်းလည်း ချဲ့လို့မရတော့ဘူး၊ ဒါကြောင့် လမ်းသစ်တွေဖောက်လုပ်ပြီး စီးနိုင်တဲ့ ၂ဝ၃၅ ခုနှစ်မှသာ ဒီစနစ်ကို အကောင်အထည်ဖော်နိုင် မှာပါ"ဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်၊ JICA အဖွဲ့မှ မစ္စတာ တာကာရှိရှိုးရာမက ပြောသည်။ အဆိုပါ BRT စနစ်ကျင့်သုံးရန် ယခင်က ရန်ကုန်-ပြည် လမ်းမ တစ်လျှောက်ကို ရွေးချယ်မှုများ ပြုလုပ်ထားသော်လည်း ဆိုင်းငံ့ထားကြောင်း၊ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး ပညာရှင်များက ၂ဝ၃၅ ခုနှစ်တွင် ရန်ကုန် မြို့တွင်း အချက်အချာကျသည့် နေရာများကို BRT စနစ်ဖြင့် ဦးတည်ပြေးဆွဲနိုင်မည့် လမ်းသစ်ငါးခုခန့် ပေါ်လာမည်ဖြစ်သည့်အပြင် မီးရထား လမ်းကြောင်းသစ် များကိုလည်း BRT စနစ်ဖြင့် ပြေးဆွဲနိုင်ရန် စီမံကိန်းရေးဆွဲ စီစဉ်သွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ သတင်းရရှိသည်။

Ref: Automobile

အထပ်မြင့်ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်း နေရာသုံးနေရာ ပဏာမရွေးချယ်

အထပ်မြင့် ကားပါကင် တည်ဆောက်ခွင့်ပြုရန် ရန်ကုန်မြို့တွင်းရှိ နေရာသုံးနေရာကို ပဏာမရွေး ချယ်ထားကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်းရန် မီးပွိုင့်စနစ် ပြင်ဆင်ခြင်း၊ လမ်းသားချဲ့ထွင်ခြင်း၊ ခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် စည်းကမ်းမဲ့ယာဉ်များ အရေးယူခြင်းတို့အပြင် ယာဉ်အစီးရေ များပြားလာမှုအပေါ် ကားရပ်ရန် နေရာလိုအပ်ချက်များရှိလာရာ မြေနေရာ အခက်အခဲ ရှိသော်လည်း ရန်ကုန်မြို့တွင်း၌ အထပ်မြင့်ကားပါကင်များ တည်ဆောက် ရန်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အထပ်မြင့် ကားပါကင် တည်ဆောက်ဖို့က ညှိနှိုင်းစရာတွေက အများကြီး၊ နေရာရွေးချယ်မှုကလည်း လိုသေးတယ်၊ မြေနေရာရှိပြီး ပါကင်ဆောက်လိုက်ပေမဲ့ ရပ်နားမယ့် ယာဉ်မရှိရင် မဖြစ်ဘူး၊ ရန်ကုန်မြို့ရဲ့ မြေနေရာကလည်း ရှာရခက်တယ်၊ အဓိက ကတော့ မြေနေရာမရှိလို့ ကြာနေတာ၊ ၂ဝ ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်းမှာတော့ စပြီး ဆောက်သွားမှာ၊ အခုတော့ ယာဉ်ကြောကျပ်တည်းမှုနဲ့ ပါကင်လိုအပ်တယ်လို့ ထင်တဲ့ နေရာသုံးခုကို ပဏာမ ရွေးချယ်ထားတယ်၊ ဥပမာ လှည်းတန်းလိုနေရာမျိုးပေါ့ ဟု 'မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(လမ်းတံတား)' ဌာနမှူး ဦးခင်မောင်ကြည်က ပြောသည်။ ယာဉ်ကြောကျပ်တည်းမှုနှင့် ပတ်သက်၍ "အများဆုံးကျပ်တာ ကုက္ကိုင်းနဲ့ တက္ကသိုလ်ရိပ်သာ လမ်းဆုံ၊ ပြီးရင် လှည်းတန်း၊ ဆူးလေ၊ ဆူးလေက လှည်းတန်းလောက် မကျပ်ဘူး၊ တက္ကစီတွေက လမ်းဘေးရပ်တာနဲ့ သွားတာရှိနေမှာပဲ၊ ကားပါကင်က အိမ်စီးကားနဲ့ လုပ်ငန်းသုံး ကားတွေအတွက် အဆင်ပြေမှာပေါ့၊ လမ်းဘေးရပ်တာ ရှင်းသွားရင် ယာဉ်လမ်းကြောင်း ပိုသုံးလို့ရတာပေါ့"ဟု အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။ အထပ်မြင့် ကားပါကင်များကို ယာဉ်ကြောကျပ်တည်းမှု အများဆုံးနှင့် လမ်းမျက်နှာစာ ယာဉ်ရပ်နားမှု အများဆုံးဖြစ်သည့် နေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ကနဦးအနေဖြင့် လှည်းတန်း လမ်းဆုံအနီး၊ ဆူးလေနှင့် အလုံမြို့နယ်တို့ကို ရွေးချယ်ထားကြောင်း သိရသည်။ သို့သော် မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူ တစ်ဦးကမူ အထပ်မြင့် ကားပါကင်များမှာ ရှေးဟောင်း အဆောက်အအုံများ၏ မြင်ကွင်းကွယ်မှု ဖြစ်ပွားနိုင်သည့်အတွက် တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

Ref: Auto mobile

Author