Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week-500x185

  • တစ်လကျော်ကာလအတွင်း ပရိုဘောက်စ် သုံးစီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်
  • အောင်မင်္ဂလာ အဝေးပြေးဝင်းအား ရေဝေးသုသာန်မြေနေရာအထိ ထပ်မံတိုးချဲ့သွားမည်
  • DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ် ဝန်းကျင်ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်
  • သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ် ရပ်တန့်ထားသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင်ခန့်ရှိ
  • Chery QQ3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်းကြာမြင့်သည့် ဇုန်ကားများကိုလည်း အပ်ခွင့်ပြုသင့်ဟုဆို
  • ယာဉ်မောင်းလိုင်စင်မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်နေ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ်ပုံခန့် ပမာဏသာ ယာဉ်မောင်းလိုင်စင် ထုတ်ယူထားမှုရှိ
  • ကုမ္ပဏီများမှ အသနားခံစာ တင်ပြမှုကြောင့် တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများမပြုတော့ဟုဆို
  • မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ၃၅ လိုင်းမှာ မီနီဘတ်စ်ယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲမည်
  • ၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိထွက်ပေါ်လာဖွယ်ရှိ
  • 5G အက္ခရာထုတ်ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာ ငါးခု ရောင်းချပြီးဖြစ်
  • *ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ ပြောင်းရွှေ့ရန် သေချာ

** တစ်လကျော်ကာလအတွင်း ပရိုဘောက်စ် သုံးစီး မီးလောင်ကျွမ်းမှုဖြစ်ပေါ် **

ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၄ ရက်အထိ တစ်လကျော် ကာလအတွင်း ပရိုဘောက်စ် ကားသုံးစီး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန'မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဇန်နဝါ ရီ ၄ ရက်က ပရိုဘောက်စ် ကားတစ်စီး မောင်းနှင်နေစဉ်၌ ဘက်ထရီခေါင်းချောင် ရာမှ ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးကျပ် ငါးသောင်းဝန်းကျင် ဆုံးရှုံးခဲ့သလို လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းခဲ့သော ပရိုဘောက်စ်ကားမှာ လမ်း ဘေးရှိ အမှိုက်ပုံးအား ဝင်တိုက်ရာမှ ကွန်ကရစ်လမ်းနှင့် ကားဘီး ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၅ သိန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပရိုဘောက်စ် ကားတစ်စီးမှာ အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း နှစ်ဆယ်ဝန်းကျင် ဆုံးရှုံးမှုများ ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။ယခုနှစ်ပိုင်းအတွင်း မော်တော်ကား မီးလောင်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဝက်အထိ ပရိုဘောက်စ် ကားသုံးစီး အပါအဝင် ကားမီးလောင်မှု (၁၇) ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ထိုသို့ ကားမီးလောင်မှုများတွင် Isuezu တစ်စီး၊ Probox သုံးစီး၊ Hyundai တစ်စီး၊ Pajero တစ်စီး၊ Hino နှစ်စီး၊ Kluger တစ်စီး၊Nissan တစ်စီး၊ Light Truck တစ်စီးနှင့် စည်ပင်မှ အမှိုက်သိမ်း ယာဉ်တစ်စီးတို့ ပါဝင်သည်။ ကား မီးလောင်ကျွမ်းမှုများကြောင့် လူ ၁၃ ဦး ဒဏ်ရာရရှိကာ ငွေ ကျပ် ၄၆၅ သိန်းကျော် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။

Ref : Automobile

** အောင်မင်္ဂလာ အဝေးပြေးဝင်းအား ရေဝေးသုသာန်မြေနေရာအထိ ထပ်မံတိုးချဲ့သွားမည် **

မြောက်ဥက္ကလာပမြို့နယ်ရှိ အောင် မင်္ဂလာအဝေးပြေးဝင်းအား ကားဝင်းနှင့် ကပ်လျက်ရှိသော ရေဝေး သုသာန်မြေနေရာအထိ မြေသား ချဲ့ထွင်မည်ဖြစ်ကြောင်း 'ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ'မှ သိရသည်။ လက်ရှိတွင် ၆၈ ဒသမ ၅၇၄ ဧက ကျယ်ဝန်းသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းကို ဝင်းချဲ့ထွင်ရန်အတွက် ဝင်း၏ အနောက်ဘက် ရေဝေးသုသာန်ရှိ မြေဧရိယာ ပေ ၉ဝဝ _ ၆ဝဝ ကို မြေသားပြုပြင်ခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြေသားပြုပြင် ခြင်းကို ယခုလမှ စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ "ဘယ်လိုစီမံကိန်းမျိုး လုပ်ဖြစ်မယ်ဆိုတာတော့ ညွှန်ကြားချက်မရှိသေးဘူး၊ အခု အဝေးပြေးဝင်းအတွက် ပေးတဲ့မြေကို ပြု ပြင်တာပဲ ရှိသေးတယ်၊ ဝင်းရဲ့အရှေ့ဘက်ဆိုလည်း ရေမြောင်းချဲ့ထွင်တာတွေ လုပ်နေ တယ်၊ အဓိက ကတော့ ဝင်းကိုချဲ့ ထွင်တဲ့ သဘောပါ"ဟု 'မြို့တော်စည်ပင်၊ အခွန် ဌာန(အောင်မင်္ဂလာ ဝင်း)'မှ ဌာနခွဲမှူးက ပြောသည်။ အဆိုပါ အဝေးပြေးဝင်းအတွင်းရှိ ကားဂိတ်ဆောင် ၁၇ ခု၌ လက်မှတ် အရောင်းဂိတ်ခန်း ၂၅၅ ခန်း၊ ပစ္စည်း အရောင်း ဆောင် ၂၈ ဆောင်၌ အခန်းပေါင်း ၂၆၇ ခန်း၊ စားသောက်ဆောင် နှစ်ဆောင်၌ အခန်း ပေါင်း ၂၈ ခန်း၊ အသေးစား စက်မှု ဆောင် ၁၈ ဆောင်၌ အခန်းပေါင်း ၆၉ ခန်း၊ အက်ဆစ်ပစ္စည်းနှင့် ဓာတုပစ္စည်း တစ်ဆောင်၊ ကားပြုပြင်ဆောင်နှင့် တည်းခိုခန်း နှစ်ခုအပြင် သန့်စင်ခန်းများ၊ ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံများ ဆောက် လုပ်ထားကြောင်း သိရသည်။

Ref : Automobile

** DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ် ဝန်းကျင်ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ် **

ယခုရက်ပိုင်းအတွင်း DD အက္ခရာ တက္ကစီများ တစ်ရက်လျှင် ပျှမ်းမျှအစီးရေ ခုနစ်ဆယ်ဝန်းကျင် ကနဦးမှတ်ပုံတင် လာရောက် ပြုလုပ်ကြောင်း 'ရွာသာကြီး ကညနရုံး'မှ သိရသည်။ နိုဝင်ဘာ ၂၈ ရက်က CC အက္ခရာနံပါတ်များ ထုတ်ပေးမှု ကုန်ဆုံးသွားပြီးနောက် DD အက္ခရာများကို ဆက်လက်ထုတ်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ အထိ ရောက်ရှိ နံပါတ် DD/6304 အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ အငှားယာဉ်များ ကနဦးမှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ ရွာသာကြီး ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက "ဒီရက်ပိုင်း အတွင်းမှာ တစ်ရက်ကို DD အက္ခရာ အငှားယာဉ် အစီးရေ ခုနစ်ဆယ်ဝန်းကျင်က ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ကြပါတယ်၊ ဒီလထဲမှာ တစ်ရက်နဲ့ တစ်ရက် မှတ်ပုံ တင် လာရောက်ပြုလုပ်တဲ့ အရေအတွက် မတူညီပါဘူး၊ တချို့ရက်တွေမှာ အစီးရေ ငါးဆယ်ဝန်းကျင်လာရောက်ပြီး တချို့ရက်တွေမှာတော့ တစ်ရာကျော်အထိ မှတ်ပုံတင် လာရောက်ပြုလုပ်ကြပါတယ်၊ လေးလုံးပူး နံပါတ်တွေ ထုတ်လုပ်မှုကတော့ အရင်တိုင်း ကုမ္ပဏီတွေကို ချန်လှပ်ပြီး တစ်ဦးချင်း တင်သွင်းသူတွေကိုပဲ မဲနှိုက်ရွေးချယ် ပေးနေ ပါတယ်"ဟု ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် ကုန်တင်ယာဉ်နှင့် ဘတ်စ်များကို 5G/1201 မှစပြီး ကနဦး မှတ်ပုံတင် ပြုလုပ်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် 5G/5672 ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Ref : Automobile

** သုံးလတာ ကာလအတွင်း ယာဉ်မရပ်ရ လမ်းများပေါ် ရပ်တန့်ထားသည့်ယာဉ်များ ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင်ခန့်ရှိ **

သုံးလတာ ကာလအတွင်း ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်တွင် ယာဉ်မရပ်ရ သတ်မှတ် ထားသည့် ကန့်သတ် လမ်းများပေါ်၌ ရပ်နားထားသည့် ယာဉ် များကို ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင် ခန့်ရှိကြောင်း 'အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းပေါင်း ၅၇ လမ်း တွင် ရပ်တန့်သည့် ယာဉ်များအား ဖမ်းဆီးအရေး ယူမှုကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ ဖမ်းဆီးအရေးယူမှုပေါင်း ၄,၇၇၉ မှုရှိခဲ့ ကြောင်း၊ ယင်းအပြင် ကရိန်းနှင့် ဖမ်းဆီး အရေးယူမှု ၁,ဝ၈၇ မှု၊ ချလန်ဖြတ် အရေးယူမှုခဲ့မှုပေါင်း ၃,၆၉၂ မှု ဖြစ်ကြောင်း သိရသည်။ ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ဖမ်းဆီးအရေးယူခြင်းခံရပါက ကရိန်းနှင့်ဆွဲယူသည့် ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည် ဖြစ်ပြီး ချလန်ဖြတ်အရေးယူပါက ဒဏ်ငွေ နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း၊ ယင်းမှာ စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေအရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် တစ် သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်မည်ဟု သိရ သည်။

Ref : Automobile

** Chery QQ3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်းကြာမြင့်သည့် ဇုန်ကားများကိုလည်း အပ်ခွင့်ပြုသင့်ဟုဆို **

တရုတ်နိုင်ငံမှ တင်သွင်းလာသော Chery QQ 3 ကားများကို အပ်နှံခွင့်ပေးခဲ့သလို ထိုကားများထက် မှတ်ပုံတင်သက်တမ်း ကြာမြင့်ပြီဖြစ်သော စက်မှုဇုန်ထုတ်ကားများ ကိုလည်း အပ်နှံခွင့်ပေးသင့်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေး အသင်း' ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဆိုခဲ့သည်။ Chery QQ 3 ကားများသည် မြန်မာနို်င်ငံသို့ ၂ဝဝ၆ ခုနှစ် ဝန်းကျင်က ဝင်ရောက်လာခဲ့ပြီး ထိုကားများထက် မှတ်ပုံတင်သက်တမ်း ငါးနှစ်ခန့်စောသော စက်မှုဇုန်ထုတ် ကားများကို အပ်နှံခွင့်ပေးသင့်သည်ဟု ဦးအောင်သန်း ကဆိုခဲ့သည်။ လွှတ်တော်အစည်းအဝေးတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့်ပြုရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သဖြင့် ထိုကားများ၏ဈေးနှုန်းများသည် အနည်းငယ်မြင့်တက်သွားခဲ့သည်။ သို့သော် စက်မှုဇုန်ထုတ် ကားများကိုအပ်နှံခွင့်ပြုရန် အချိန်ကာလတစ်ခု အထိလိုနေသေးသောကြောင့် ဝယ်/ရောင်းအနည်းစုသာ ဇုန်ဂျစ်များ ဝယ်ယူစုဆောင်းထားကြသည်။ စက်မှုဇုန်ဂျစ်ကားများ ၏ ဈေးကွက်နှင့်ပတ်သက်၍ ဦးအောင်သန်းဝင်းက "ဇုန်ဂျစ်တွေ ဈေးအနည်းငယ် တက်သွားပေမဲ့ ဝယ်ယူတဲ့သူ နည်းနေသေးပါတယ်၊ ဘယ်အချိန်မှာ အပ်နှံခွင့်ပြုမယ် ဆို တာ မသိတဲ့အတွက် အဝယ်အများကြီး မရှိသေးပါဘူး၊ တကယ်ဆိုရင် Chery QQ 3 ကားတွေကို အပ်နှံခွင့်ပေးခဲ့သလို ဇုန်ကားတွေကိုလည်း အပ်ခွင့်ပေးသင့်ပါတယ်"ဟု ဆိုခဲ့သည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းအရ ဇုန်ဂျစ်များသည် ကျပ်သိန်း လေးဆယ်ဝန်းကျင်ရှိကြောင်း သိရသည်။

Ref : Automobile

** ယာဉ်မောင်းလိုင်စင်မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်နေ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ်ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားမှုရှိ **

ယာဉ်မောင်းလိုင်စင် မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ် ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားရှိမှု ရှိနေကြောင်း 'ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ လက်ရှိ ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ စာရင်းများအရ ယာဉ်အ စီးရေ ၄,ဝ၁၆,၇၅၇ စီးခန့် ရှိနေပြီး ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုမှာ ၂,၉၃၁,၅၁၃ ဦးခန့်သာရှိနေ ကြောင်း သိရသည်။ "မှတ်ပုံတင်ယာဉ်အစီးရေထက် ယာဉ်မောင်းလိုင်စင် ထုတ်ယူထားရှိမှု နည်းနေတဲ့သဘော ကတော့ လိုင်စင်မရှိဘဲ မောင်းနေတာတွေ ရှိနေလို့ပေါ့၊ အများအား ဖြင့်တော့ နယ်တွေမှာ ပိုများမယ်၊ နယ်တွေမှာက ဆိုင်ကယ်တွေရှိ ကြပြီး လိုင်စင်မရှိ၊ အသက်မပြည့်ဘဲ မောင်း နေတာမျိုးတွေကြောင့် ဖြစ်တာများမယ်"ဟု 'ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန'မှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်မြင့်က ဆိုသည်။ ၂ဝဝ၉ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အပါအဝင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ နှစ်သန်းခန့်ရှိချိန်၌ ယာဉ်မောင်းလိုင်စင် ထုတ်ပေး ထားမှုမှာ နှစ်သန်းကျော်တွင်ရှိ ပြီး ယခုလက်ရှိ အချိန်မှာတော့ ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုပမာဏမှာ နည်းပါးနေကာ မှတ်ပုံတင်ထားသော ယာဉ်အစီးရေပမာဏ များ ပြားနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများ၏ အဓိက အကြောင်းအရာများတွင် ယာဉ်လမ်းကြောင်းများ နားလည်မှု မရှိခြင်း၊ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအပေါ် အပြည့်အဝ နားလည်မှုမရှိခြင်း၊ ယာဉ်မောင်းသူများ အရည်အချင်းပြည့်ဝမှု မရှိ ခြင်းနှင့် နီးစပ်ရာမှ ယာဉ်မောင်း သင်ကြားမှုများကြောင့် ယာဉ်မတော်တဆမှုများ အများဆုံးဖြစ်ပေါ်နေရာ ယာဉ်မောင်းလိုင်စင်ကို စနစ်တကျ ထုတ်ယူခြင်း၊ ပေးအပ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ် ကြသည်။

Ref : Automobile

** ကုမ္ပဏီများမှ အသနားခံစာ တင်ပြမှုကြောင့် တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများမပြုတော့ဟုဆို **

သက်ဆိုင်ရာ ကုမ္ပဏီများထံမှ အသနားခံစာ တင်ပြမှုကြောင့် အကောက်ခွန်ဦးစီးဌာနမှ တိုက်ကြေကားနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းများ ပြုလုပ်တော့မည် မဟုတ်တော့ ကြောင်း 'မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းရောင်းချသူများ အသင်း'မှ သိရသည်။ ၂ဝ၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်တင်သွင်းမှုတွင် တိုက်ကြေကားများ ပါဝင်ခဲ့ပြီး မေလ ပထမပတ်တွင် အစီးရေ သုံးဆယ်ကျော်နှင့် နောက်ဆုံးပတ်တွင် အစီးရေ ငါးဆယ်ကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ထို့ပြင် ပွန်းပဲ့ရုံနှင့် တိုက်ကြေကား သတ်မှတ်ရန် အတွက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပွန်းပဲ့ရုံ၊ မီးအိမ်၊ မီးခွက် မပါရုံနှင့် တိုက်ကြေအဖြစ် သတ်မှတ်ကာဆိပ်ကမ်းမှမော်တော်ယာဉ် ထုတ်ယူခွင့် မပြုခြင်းကြောင့် အသင်း ၏ သတ်မှတ်ချက်နှင့် ကုမ္ပဏီများမှ အသနားခံစာများ တင်ပြခဲ့ကြသဖြင့် ထုတ်ယူခွင့် ပြုပေးခဲ့ပြီး တိုက်ကြေကားနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်းများ ပြုတော့မည် မဟုတ်ကြောင်း သိရသည်။ "ဒါက နားလည်မှုယူထားတဲ့ သဘောပါ၊ ထုတ်ယူခွင့်ပြုရင် ပြု၊ မပြုရင် ပြန်ပို့ပေါ့၊ ဒီလိုဆောင်ရွက်ပေးဖို့ကို တင်ပြခဲ့တယ်၊ ကားတင်သွင်းမှုမှာ တိုက်ကြေကား တွေ့ပြီ ဆိုရင် အကောက်ခွန်က အသင်းကို အကြောင်းကြားတယ်၊ ဒါကို အသင်းက သွားကြည့်ပြီး ဒါတော့ တိုက်ကြေကား၊ ဒါတော့ မဟုတ်ဘူး ဆိုပြီး ပြောပြသတ်မှတ်ရတယ်၊ တချို့ မိုဒယ်မြင့်ကားတွေဆိုရင် မီးခွက်တွေ ထိခိုက်မှာစိုးလို့ ဖြုတ်သိမ်းတယ်၊ ဒါကို တိုက်ကြေဆိုပြီး သူတို့က သတ်မှတ်တယ်၊ ဒါက မဟုတ်ဘူး ဆိုပြီး ရှင်းပြရတာပေါ့ အခုတော့ အဆင်ပြေပါပြီ၊ အသင်း ရဲ့ မှတ်ချက်နဲ့ ကုမ္ပဏီရဲ့အသနား ခံစာကိုကြည့်ပြီး လက်ခံတယ်"ဟု 'မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ရောင်းချသူများအသင်း'မှ တွဲဖက် အတွင်းရေးမှူးက ပြောသည်။ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒပြောင်းလဲသည့် ၂ဝ၁၁ ခုနှစ် မှစ၍ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ မော်တော်ယာဉ် ၁၂၆ç ၇၃၃ စီး တင်သွင်းခဲ့ပြီး တိုက်ကြေ ကားများ မပါဝင်ခဲ့ကြောင်း၊ မော် တော်ယာဉ်တင်သွင်းမှုတွင် တိုက် ကြေကားပါဝင်မှုမှာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ပိုင်းမှ စ၍ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Ref : Automobile

** မြို့တွင်း ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ၃၅ လိုင်းမှာ မီနီဘတ်စ်ယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲမည် **

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲ လျက်ရှိသော ဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းအနက် ယာဉ် လိုင်း ၃၅ လိုင်းတွင် မီနီဘတ်စ်ကားများဖြင့် ပြောင်းလဲပြေးဆွဲမှု ဆောင်ရွက်ပြီး ဖြစ်ကြောင်း 'ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ(ဗပာို)'မှ သိရသည်။ အဆိုပါ ယာဉ်လိုင်း ၄၆ လိုင်းအနက် ကျန်ရှိနေသည့် ယာဉ်လိုင်း ၁၁ လိုင်းတွင်မူ အခြားယာဉ်လိုင်းမှ ကားများဖြင့် ဖြည့်စွက်ပြေးဆွဲသွားမည် ဖြစ်ပြီး မည်သည့် ယာဉ်လိုင်း များဖြင့် ပြေးဆွဲမည်ကိုမူ မသတ်မှတ်ရသေးကြောင်း သိရှိရသည်။ "မြို့တွင်းဟိုင်းလပ်ယာဉ်လိုင်း ၄၆ လိုင်းစလုံးကို တခြားကားတွေနဲ့ အစားထိုးပြေးဆွဲမှာပါ၊ အခုထိတော့ ၃၅ လိုင်းအထိ အစားထိုးပြေးဆွဲနေပြီး ကျန်တဲ့လိုင်းတွေမှာလည်း မကြာခင်ပဲ အစားထိုး ပြေးဆွဲသွားမှာပါ၊ မီနီဘတ်စ်၊ ဒါမှမဟုတ် တခြား ကားတွေနဲ့ အစားထိုးဖို့ စီစဉ်နေ ပါတယ်၊ သေချာ မသတ်မှတ် ရသေးပါဘူး"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ ပြောင်းလဲပြေးဆွဲမည့် ယာဉ်လိုင်းများ၌ ယခင်ကပြေးဆွဲခဲ့သော ပာိုင်းလပ်ယာဉ်များ၏ ယာဉ်စီးခနှုန်းထား အတိုင်းသာ သတ်မှတ်ကောက်ခံရမည် ဖြစ်ပြီး လက်ရှိတွင်မူ အစားထိုးပြေးဆွဲလျက်ရှိသော မီနီဘတ်စ်ယာဉ်လိုင်းအချို့၌ ဒီဇယ် ဆီဖြင့် ပြေးဆွဲရမှုကြောင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းများရှိနေသဖြင့် ယင်းယာဉ်များအား ပြေးဆွဲမှု ယာယီရပ်နားခိုင်းထားကာ CNG ရရှိမှသာ ပြန်လည်ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

Ref : Automobile

** ၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိထွက်ပေါ်လာဖွယ်ရှိ **

၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိ ထွက်ပေါ်လာဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း Mercedes ၊ Scania ၊ KIA ၊ Ford ၊ Chevrolet အစရှိ သည့် Showroom များကို ပါမစ်များ ချထားပေးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် နှစ်အတွင်း၌ Mazda ၊ Nissan ၊ Solo ၊ MG ၊ Dongfeng စသည်တို့ အပါအဝင် Showroom ကိုးခုကို ပါမစ်ချပေးရန် စစ်ဆေးထားကြောင်း သိရသည်။ Brand New Showroom များကို ပါမစ်ချပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "ပြီးခဲ့တဲ့နှစ်အတွင်းမှာ Brand New Showroom ငါးခုကို ပါမစ်ချထားပေးခဲ့သလို နောက်ထပ် ကိုးခုကိုလည်း ပါမစ်ချပေးဖို့ စစ်ဆေး နေပါတယ်၊ ဒါ့ပြင် ဒီနှစ်အတွင်းမှာ Showroom ၁၅ ခုလည်း ပါမစ် လျှောက်ထားခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ စတင် ထုတ်ပေးခဲ့ရာ တစ်လလျှင် ကား အစီးရေ တစ်သောင်းကျော် ဝင်ရောက်လာကြောင်း UMFCCI မှ စက်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦး ဇော်မင်းဝင်းက ပြောကြားခဲ့သည်။

Ref : Automobile

** 5G အက္ခရာထုတ်ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာ ငါးခု ရောင်းချပြီးဖြစ် **

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိရာ 5G အက္ခရာထုတ် ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာနံပါတ် ငါးခုကို ရောင်းချပြီး ဖြစ်ကြောင်း 'မြင်သာကညနရုံး'မှ သိရသည်။ ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် 5G အက္ခရာထုတ်ပေး စဉ်ကာ လအတွင်း 6G အက္ခရာ အပူးနံပါတ်များကို ကြိုတင်ရောင်းချမှုပြုလုပ်ခဲ့ရာတွင် 6G အက္ခရာနံပါတ် လေးခုသာ ရောင်းချရန်ကျန်ရှိတော့မည် ဖြစ်သည်။ 6G အက္ခရာ များမှာ 6G/2222 ကို ကျပ်သိန်း ၂ဝ၊ 6G/3333 ကို ကျပ်သိန်း ၂ဝ၊ 6G/6666 ကို ကျပ် ၄၄ သိန်း၊ 6G/8888 ကို ကျပ်သိန်း ၅ဝ၊ 6G/9999 ကို ကျပ် ၅၆ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 5G အပူးနံပါတ်များမှာမူ နံပါတ်ကိုးခုစလုံး ရောင်းချပြီးဖြစ်ကြောင်း သိရသည်။ ယာဉ်ပို်င်ရှင်များ စိတ်ကြိုက် နံပါတ်အလှများ ရောင်းချခြင်းနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာန မှ တာဝန်ရှိသူတစ်ဦးက "ဒီတစ်ပတ် အတွင်းမှာတော့ 6G အပူးနံပါတ်တွေကို အကုန်လုံးရောင်းချပြီးသွားပါပြီ၊ နောင်လာမယ့် 6G အက္ခရာတွေထဲမှာတော့ အပူးအက္ခရာ နံပါတ် ငါးခုဝယ်ယူမှု ပြုလုပ်ထားပါတယ်၊ ရောင်းချမှုအခြေအနေကတော့ အရင်ထက် ပိုကောင်းလာပါတယ်၊ အပူးအက္ခရာ မဟုတ် တဲ့ ပေါင်းခြင်းအက္ခရာ နံပါတ်တွေ၊ အက္ခရာအစဉ်လိုက်တွေနဲ့ ထောင်ဂဏန်း နံပါတ်တွေကိုပါ အခုနောက်ပိုင်း စိတ်ဝင်တစား ဝယ်ယူလာတာကို တွေ့ရပါတယ်၊ အဲဒီ အထဲမှာတော့ အပူးအက္ခရာတွေက လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့အတွက် ကြိုတင်ဝယ်ယူ ထားတဲ့သူတွေ ပိုများပါတယ်"ဟု ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်မှတ်ပုံတင်မှုများကို နေ့ စဉ်ပြုလုပ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရောက်ရှိ နံပါတ်များမှာ 5G/8832 ၊ DD/6659 နှင့် 8L/3946 သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

Ref : Automobile

** ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ ပြောင်းရွှေ့ရန် သေချာ **

ကနဦးမှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ထောက်ကြန့်သို့ပြောင်းရွှေ့ရန် သေချာသွားပြီဖြစ်ကြောင်း 'ကုန်းလမ်း ပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန' မှ သိရသည်။ ကုန်းလမ်း ပို့ဆောင်ရေးညွန် ကြားမှုဦးစီးဌာနမှ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားစေရေးအတွက် ကနဦးမှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်းများကို မြင်သာကညနရုံးမှ အခြားနေရာများတွင် ပြောင်းရွှေ့ပြုလုပ်ပေးရန် စီစဉ်လျက်ရှိသည်။ ကနဦးမှတ်ပုံတင်ပြုလုပ်ပေး ခြင်းကို ထောက်ကြန့်သို့ပြောင်းရွှေ့ မည့် အစီအစဉ်နှင့်ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက "ကနဦးမှတ်ပုံတင်ဌာနကို ပြောင်းရွှေ့တာက ယာဉ်ကြောပိတ် ဆို့မှုတွေ လျော့နည်းသွားဖို့ အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ အခုအချိန်မှာ ကနဦးဌာနကို ပြောင်းရွှေ့ဖို့အတွက် ထောက်ကြန့်မှာ မြေတိုင်းပြီး အဆောက်အအုံတည် ဆောက်ဖို့စီစဉ်နေ ပါတယ်" ဟု ဆိုခဲ့သည်။ ကနဦးမှတ်ပုံတင်ဌာန ပြောင်းရွှေ့မည့်နေရာသည် ထောက်ကြန့်ဈေးနှင့် မှော်ဘီတိုးဂိတ်ကြားတွင် ရှိကြောင်း အကြမ်းဖျင်းသိရသည်။

Ref : Automobile

Author