Full article

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့ :

news_this_week-500x185

  • ကညနမှ ဇန်နဝါရီလအတွင်း နံပါတ်အလှရောင်းချခြင်းဖြင့် အခွန်ငွေ ကျပ်သိန်း ၁,၃ဝဝ ကျော် ရရှိ
  • လိပ်စာအတိအကျဖြင့် တိုင်ကြားပါက စည်းကမ်းမဲ့ ယာဉ်လုပ်သားများအပေါ် အရေးယူမှုပုံစံအား မထသမှ ပြန်လည်ဖြေကြားပေးမည်
  • မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၌ အီလက်ထရွန်းနစ် ကားလက်မှတ်စနစ် အသုံးပြုရန် ပြင်ဆင်လျက်ရှိ
  • မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီ အရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ်ရောင်းချခွင့်ပြုရန် စိစစ်နေ
  • ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုစနစ်တွင် ကားကောင်းများကိုဖျက်ဆီးခဲ့၍ အမျိုးသားအကျိုးစီးပွားဆုံးရှုံးမှု ဖြစ်ပေါ်
  • ၁က/ အက္ခရာကားများ ကြိုတင်ဝယ်ယူမှုကြောင့် ဈေးနှုန်းမြင့်တက်
  • ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာရင်းတွင် အဆင့်သုံးနေရာသို့ ဂျီအမ် ပထမဦးဆုံးအကြိမ် ဆင်းသက်ပေးခဲ့ရ
  • 5G အက္ခရာအပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ်
  • ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ထွက်ပေါ်မလာသေး သောကြောင့် 'အ'အက္ခရာစလစ်များ သိန်းတစ်ရာ ကျော်အထိ မြင့်တက်
  • ဘဏ်အကောင့်အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသူများကို စီးပွား/ကူးသန်းမှ စိစစ်တွေ့ရှိ
  • အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ပိုင်ရှင်များစိတ်ဝင်တစား စောင့်ကြည့်နေ
  • ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည်ဦးရေ စစ်တမ်းကောက်ယူ
  • အဆင့်မြင့် ယာဉ်ရပ်နားစခန်း သုံးခု ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် တည်ဆောက်မည်
  • အို/ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီး
  • ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှုမရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေ
  • *အစိုးရအဖွဲ့မှ ဖိတ်ခေါ်ပါက ပြည်တွင်းသို့ Tata ဘတ်စ်ကားများ တင်သွင်းမည်

ကညနမှ ဇန်နဝါရီလအတွင်း နံပါတ်အလှရောင်းချခြင်းဖြင့် အခွန်ငွေ ကျပ်သိန်း ၁,၃ဝဝ ကျော် ရရှိ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဇန်နဝါရီလအတွင်း ယာဉ်ပိုင်ရှင်များစိတ် ကြိုက် နံပါတ်အလှများ ရောင်းချ ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန် ငွေ သိန်း ၁,၃ဝဝ ကျော် ရှာဖွေနိုင်ခဲ့ကြောင်း 'မြင်သာကညနရုံး'မှ သိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက် နံပါတ် များ ကြိုတင်ရောင်းချပေးခဲ့ရာတွင် ၂ဝ ၁၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ အခွန်ငွေ ကျပ်သိန်း ၁၃,၉ဝဝ ကျော်ရှာဖွေပေးနိုင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ အတွက် နံပါတ်အလှများ ကြိုတင်ရောင်းချပေးရာတွင် အခွန်ငွေ ကျပ်သိန်း ၁,၃၆၈ အထိ ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ "နံပါတ်တွေကို ကြိုတင် ရောင်းချပေးတယ် ဆိုတာ က ယာဉ်ပိုင်ရှင်တွေအတွက် စိတ်ကြိုက်နံပါတ်တွေကို အဆင်ပြေပြေနဲ့ ရရှိနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်၊ ဒီနှစ် ဇန်နဝါရီလထဲမှာတော့ နံပါတ်အလှ ဝယ်ယူမှု က အတော်လေး များပြားခဲ့တာကို တွေ့ရပါတယ်၊ အပူးအက္ခရာတွေကိုလည်း ဈေးကွက်တစ်ခုမှာ ဝယ်ယူသလို သူ့ထက်ငါဦးအောင် ယူနေကြတာ တွေ့ရတယ်၊ အခုလို ဝယ်ယူတဲ့အတွက်ကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေတိုးပွားပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် အထောက်အကူဖြစ်စေမှာပါ"ဟု 'ကနဦး မှတ်ပုံတင်ဌာန' မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ကနဦး မူသေအမှတ်အား ပိုင်ရှင်ဆန္ဒ အရ ရွေးချုယ်ဝယ်ယူခြင်းဆိုင်ရာ ကဏ္ဍ အလိုက် ကောက်ခံရရှိမှု ငွေစာရင်း များအရ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂,၆၆ဝ သိန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၂၆,၈၇၈ သိန်း ရရှိခဲ့ ကြောင်း သိရသည်။

Ref: Automobile

လိပ်စာအတိအကျဖြင့် တိုင်ကြားပါက စည်းကမ်းမဲ့ ယာဉ်လုပ်သားများအပေါ် အရေးယူမှုပုံစံအား မထသမှ ပြန်လည်ဖြေကြားပေးမည်

စည်းကမ်းမဲ့ ယာဉ်လုပ်သားများအား တိုင်ကြားရာတွင် တိုင်ကြား သူက လိပ်စာအတိအကျ ပြည့်စုံစွာ ဆက်သွယ် တိုင်ကြားပါက ၎င်းတို့အပေါ် အရေးယူမှုပုံစံအား မထသ (ဗဟို)မှ ပြန်လည်ဖြေကြား ပေးသွားမည်ဖြစ်ကြောင်း 'မထသ (ဗဟို)'မှ သိရသည်။ ယင်းကဲ့သို့ တိုင်ကြားမှုများ နှင့်ပတ်သက်၍ ကော်မတီဖွဲ့ကာ စစ်ဆေးအရေးယူမှုများ ပြုလုပ်ပြီး အရေးယူမှုနှင့် ပတ်သက်၍ ယခု နှစ် ဇန်နဝါရီလမှစတင်ကာ ယာဉ်လုပ်သားများအား အရေးယူခဲ့သည့် အခြေအနေအပေါ် တိုင်ကြားသူထံ ပြန်လည် အကြောင်း ပြန်ပေးမည်ဟု သိရသည်။ "စည်းကမ်းမဲ့ ယာဉ်လုပ်သား တိုင်ကြားမှုတွေကို ကျွန်တော်တို့ ဘယ်လို အရေးယူဆောင်ရွက်ထား တယ်ဆိုတာ ဇန်နဝါရီလကစပြီး တိုင်ကြား သူတွေဆီ အကြောင်းပြန်ကြားပေးပါတယ်၊ အခုဆိုရင် တိုင်ကြားခံရတဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေကို အကြောင်း ကြားထားပြီး တချို့ကိုတော့အရေးယူ ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ဒီလိုမျိုး အရေးယူမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေဆီ အကြောင်းပြန်ကြားနိုင်အောင် အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ မှန် ကန်အောင် ဖော်ပြပေးဖို့ လိုပါတယ်"ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအ တွင်း မထသ(ဗဟို)ယာဉ်ဝန်ထမ်း တိုင်ကြားစာ ၈၄ စောင်အထိရှိပြီး အများဆုံးမှာ ယာဉ်စီးခ ပိုမို တောင်းခံသည့် တိုင်ကြားစာ ဖြစ် ကြောင်း သိရသည်။ ယင်းကဲ့သို့ ယာဉ်စီးခ ပိုမိုတောင်းခံရခြင်းသည် ညအချိန် တရားမဝင် ပြေးဆွဲသည့် မော်တော်ယာဉ်(ကြားကား) များကြောင့်ဖြစ်ပြီး ကြားကားများမှ ယာဉ်စီးခတောင်းခံမှု များပြားသည့်အတွက် မထသကွပ်ကဲမှု လက်အောက်ရှိ မော်တော် ယာဉ် များမှာလည်း ယင်းကားများကဲ့သို့ ယာဉ်စီးခ တိုးမြှင့်ကောက်ခံရာမှ ယခုကဲ့သို့ တိုင်ကြားမှုများခြင်းဖြစ်ကြောင်း သိရသည်။

Ref: Automobile

မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ၌ အီလက်ထရွန်းနစ် ကားလက်မှတ်စနစ် အသုံးပြုရန် ပြင်ဆင်လျက်ရှိ

မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၌ လက်ရှိအသုံးပြုနေသည့် ယာဉ်စီးနင်းခ တောင်းခံခြင်းစနစ်တွင် အီလက်ထရွန်းနစ်ကားလက်မှတ်(e-ticket)စနစ် အသုံးပြုနိုင် ရန် ပြင်ဆင်လျက်ရှိကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ အဆိုပါ e-ticket စနစ်မှာ iPay ကဲ့သို့ ကြိုတင်ငွေပေးကတ် စနစ်တစ်မျိုးဖြစ်ပြီး မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၌ လတ်တလောကြုံတွေ့နေရသည့် အကြွေ ရှားပါးမှုနှင့် ယာဉ်စီးခ ပိုတောင်း ခြင်းပြဿနာများ လျော့ပါးစေရန် ရည်ရွယ်စီစဉ်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရွန်းနစ် လက်မှတ်စနစ်ကျင့်သုံးနိုင်ရန် သက်ဆိုင် ရာဌာနများနှင့် ရင်းနှီးမြှုပ်နှံသူများ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ "ဒီစနစ်ကို ကျင့်သုံးခြင်း အားဖြင့် စပယ်ယာနဲ့ ခရီးသည် စကားများတာ လျော့နိုင်မယ်၊ ညဘက် ယာဉ်စီးခ ပိုတောင်းတာတွေလည်း မဖြစ်နိုင်တော့ဘူး၊ နောက်ဆုံး ကျွန်တော်တို့ဆီ တိုင်စာတွေ ရောက်တာလည်း နည်းသွားပြီး ဖြေရှင်းရတဲ့ ရာခိုင်နှုန်းလည်း နည်းသွားမယ် ထင်ပါတယ်"ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ အီလက်ထရွန်းနစ်စနစ် စတင်ကျင့်သုံးပါက ယာဉ်လိုင်း အသီးသီးတွင် လက်မှတ်စစ်များ ခန့်အပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ် ပြောင်းလဲရန် လာရောက်ဆွေးနွေးသည့် ရင်းနှီးမြှုပ်နှံ လိုသူလုပ်ငန်းရှင် နည်းပါးနေသေးကြောင်း မထသမှ သတင်းရရှိသည်။

Ref: Automobile

မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီ အရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ်ရောင်းချခွင့်ပြုရန် စိစစ်နေ

မြန်မာတစ်နိုင်ငံလုံး၌ စက်သုံးဆီအ ရောင်းဆိုင်သစ်ပေါင်း ၄၆ဝ ခန့် ဖွင့်လှစ် ရောင်းချခွင့်ပြုရန် စိစစ် လျက်ရှိကြောင်း 'မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း'မှ သတင်းရရှိသည်။ စိစစ်လျက်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်သစ်များတွင် နေပြည်တော်ကောင်စီ၌ ၁၃ ဆိုင်၊ ရန် ကုန်တိုင်းဒေသကြီးတွင် ၅၂ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီး၌ ၅၆ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၄၉ ဆိုင်၊ ပဲခူးတိုင်းဒေသကြီး၌ ၄၈ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၆ ဆိုင်၊ မကွေးတိုင်းဒေသကြီး၌ ၂၃ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၂ ဆိုင်၊ ကချင်ပြည်နယ်၌ ၂၈ ဆိုင်၊ ကယားပြည်နယ်တွင် သုံးဆိုင်၊ ကရင်ပြည်နယ်၌ လေးဆိုင်၊ ချင်းပြည်နယ်တွင် တစ်ဆိုင်၊ မွန်ပြည် နယ်၌ ၃၁ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၂၂ ဆိုင်၊ ရှမ်းပြည်နယ်၌ ၈၂ ဆိုင် စုစုပေါင်း အရောင်းဆိုင်သစ် ၄၆ဝ ခန့်ဖြစ်ကြောင်း သိရသည်။ "စက်သုံးဆီဆိုင်ဖွင့်ဖို့ လာရောက် လျှောက်ထားတာတွေကို သတ်မှတ်ထားတဲ့ အချက်အလက်တွေ ကိုက်ညီမှု ရှိ၊ မရှိ လိုက်လံ စိစစ် ဆောင်ရွက်နေပါတယ်"ဟု 'မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း'မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ စက်သုံးဆီ အရောင်းဆိုင်သစ် ဖွင့်လှစ်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားသည့် သက်ဆိုင်ရာ ပြည်နယ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကန့်ကွက်မှုမရှိကြောင်း ထောက်ခံချက်၊ မြေပိုင်ဆိုင်မှု အထောက်အထား၊ ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့ အစည်း၏ ထောက်ခံချက်၊ စာချုပ်စာတမ်းများ လိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၁,ဝ၉၇ ဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ယင်းတွင် နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်၊ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၁,ဝ၈၅ ဆိုင်တို့ ပါဝင်ကြောင်း သိရသည်။

Ref: Automobile

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုစနစ်တွင် ကားကောင်းများကိုဖျက်ဆီးခဲ့၍ အမျိုးသားအကျိုးစီးပွားဆုံးရှုံးမှု ဖြစ်ပေါ်

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု စနစ်တွင် ကားကောင်းများကို ဖျက်ဆီးခဲ့၍ အမျိုးသားအကျိုး စီးပွား(National Interest)ဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်း ကားအရောင်း စင်တာပိုင်ရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ ကားဟောင်းအပ်နှံမှု ပေါ်လစီ အရ ကားတစ်စီးအပ်ပြီး ပြည်ပမှ ကားသစ်တစ်စီး တင်သွင်းလျှင် ကညနအခွန် ၆ဝ ရာခိုင်နှုန်းအထိ သက်သာသောကြောင့် အပ်ကားများ၏ဈေးနှုန်းများသည် အင်ဂျင် ပါဝါ ၁၃ဝဝ စီစီ ကားအသစ် တစ်စီး၏တန်ဖိုးထက် မြင့်မားနေသည်။ ထို့ပြင် အပ်ကား များ၏ တန်ဖိုး မြင့်မားနေသောကြောင့် Condition ကောင်းသေးသောကားများကိုပါ အရည်ကျို ဖျက်ဆီးရန် အပ်နှံခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကား အရောင်း စင်တာပိုင်ရှင်တစ်ဦးက "ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံတဲ့စနစ်ကို ဖျက်သိမ်းပြီး အက္ခရာအကန့်အသတ် မိုဒယ်အကန့်အသတ် မထားဘဲ ဖွင့်ပေးသင့်ပါတယ်၊ ကား ဟောင်း စလစ်ဈေးက သိပ်ကောင်းတဲ့အတွက် Condition ကောင်းတဲ့ကားတွေကိုပါ ဖျက်ပစ်နေကြပါတယ်၊ တိုင်းပြည်ကမချမ်းသာသေးလို့ ကားကောင်းတွေကို ဖျက်ဆီးတာဟာ အမျိုးသား အကျိုးစီးပွား (National Interest) ဆုံးရှုံးမှု ဖြစ်ပေါ်ပါတယ်၊ ကားတစ်စီးကိုသံရည် ကျိုစက်ရုံမှာ ချေလိုက်မယ်ဆိုရင် တစ်တန်တောင် မရပါဘူး၊ တန်ဖိုးအနေနဲ့ တွက်ကြည့်မယ်ဆိုရင်လည်း သုံးသိန်း၊ လေးသိန်းလောက်ပဲ ရှိပါတယ်၊ လက်ရှိပေါ်လစီအရ ကားဟောင်းတစ်စီးအပ်ပြီး ပြန် သွင်းမယ်ဆိုရင် ကညန အခွန် ၆ဝ ရာခိုင်နှုန်းသက်သာတဲ့အတွက် Land Cruiser လို ကားမျိုးသွင်းမယ်ဆိုရင် သိန်း ၁၈ဝ လောက် သက်သာလို့ အပ်ကားဈေးက ကောင်းနေတာဖြစ် ပါတယ်၊ တကယ်ဆိုရင် တင်သွင်းလာတဲ့ကားတွေကို စလစ်ကပ်စရာ မလိုဘဲ လိုချင်တဲ့ အခွန်ကိုကောက်ခံလိုက်မယ်ဆိုရင် စလစ်ဈေးရှိတော့မှာမဟုတ်ပါဘူး၊ ကား ဟောင်းအပ်ပြီး ကားသစ်သွင်းချင်တဲ့သူတွေ အတွက်ကိုတော့ အပ်မယ့်ကားကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး အပ်နှံခွင့်ပေးသင့်ပါတယ်"ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ပေါ်လစီ ထွက်ပေါ်မလာသေးသောကြောင့် ကားဟောင်းစလစ်ဈေးမှာ မြင့်တက် နေပြီး 'အ'အက္ခရာစလစ် အမည်ပေါက်စလစ် တစ်စောင် သည် ၉၇ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

Ref: Automobile

၁က/ အက္ခရာကားများ ကြိုတင်ဝယ်ယူမှုကြောင့် ဈေးနှုန်းမြင့်တက်

'၁က' အက္ခရာကားများကို ကြို တင်ဝယ်ယူမှုများကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ကား ဝယ်/ရောင်းများမှတစ်ဆင့် သိရှိရသည်။ ထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် နှစ်အောက်တိုဘာ ၂၅ ရက်တွင် ၂ဝ၁၄ ခုနှစ်မှစ၍ ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း သုံးလကျော် ကာလအထိ အကောင်အထည် မဖော်နိုင်သေးသောကြောင့် မူလအတိုင်း အက္ခရာအစဉ်အလိုက် အပ်နှံခွင့်ပေး ဖွယ်ရှိသည်ဟု ကားလောကအတွင်း၌ သတင်းများ ထွက်ပေါ်နေသည်။ သို့ဖြစ်၍ ယာဉ်အို၊ ယာဉ်ဟောင်း ဝယ်။ရောင်းများသည် 'အ'အက္ခရာအပြီး နောက်ဆက်တွဲ အက္ခရာဖြစ်သည့် '၁က' ကားများကို ကြိုတင်ဝယ်ယူထားနေခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော '၁က' အက္ခရာကား များနှင့်ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက " 'အ'အက္ခရာ ပြီးရင် '၁က' အက္ခရာကားတွေကို အပ်နှံခွင့် ပေးလိမ့်မယ်ဆိုတဲ့ အထင်နဲ့ အပ်ကားဝယ်/ရောင်းကြီးတွေက '၁က'ကားတွေကို ကြိုတင်ပြီးတော့ ဝယ်ယူနေ ကြပါတယ်၊ ဒါကြောင့်လည်း '၁က' ကားတွေဈေးက ငါးသိန်းလောက် မြင့်တက်သွားပါတယ်၊ သက်တမ်း နှစ်နှစ်ဆယ်ကား ပဲခေါ်ခေါ် အက္ခရာအစဉ်လိုက် အတိုင်းပဲခေါ် ခေါ် ဒီအချိန်မှာ '၁က'ကားတွေကိုဝယ် ထားမယ်ဆိုရင် အရှုံးမရှိပါဘူး"ဟု ဆိုခဲ့သည်။ '၁က'ကားများကို ကြိုတင် ဝယ်ယူသူများကြောင့် ဈေးကွက်အတွင်းတွင် ထို အက္ခရာ ကားများမှာ ဝယ်လိုအားများပြီး ရောင်းကား နည်းပါးနေကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ဈေးကွက်အရ '၁က' အက္ခရာ ကားများသည် ၇၅ သိန်းဝန်းကျင်နှင့် ၂က၊ ၃က အက္ခရာကားများသည် ၆၅ သိန်း ဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

Ref: Automobile

ကမ္ဘာ့ရောင်းအား အကောင်းဆုံး စာရင်းတွင် အဆင့်သုံးနေရာသို့ ဂျီအမ် ပထမဦးဆုံးအကြိမ် ဆင်းသက်ပေးခဲ့ရ

အမေရိကန်ပြည်ထောင်စု၏အကြီးဆုံး ကားကုမ္ပဏီကြီးဖြစ်သည့် ဂျီအမ်သည် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကုမ္ပဏီစာရင်းတွင် အဆင့်သုံးနေရာသို့ ပထမဦးဆုံး အကြိမ်ရောက်ရှိသွားခဲ့ကြောင်း 'Economic times သတင်းစာ'က ဇန်နဝါရီလ ၃၁ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ၁၉ဝ၈ ခုနှစ်တွင် မစ်ချီဂန်ပြည်နယ်၌ စတင် တည် ထောင်ခဲ့သော ဂျီအမ်သည် ၁၉၃၁ ခုနှစ်မှ ၂ဝဝ၇ခုနှစ်ထိ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကုမ္ပဏီအဖြစ် ၇၇ နှစ်ဆက်တိုက်ရပ် တည်နိုင်ခဲ့သည်။ သို့သော် ၂ဝဝ၈မှ ၂ဝ၁၂ ခုနှစ်ထိ ငါးနှစ်အတွင်း ပထမနေရာကို မဟာပြိုင်ဘက်တိုယိုတာထံ လွဲပြောင်းပေးခဲ့ရသော်လည်း တတိယနေရာအထိ ဆင်းသက်ပေးခဲ့ရခြင်း မရှိခဲ့ပေ။ ၂ဝ၁၃ ခုနှစ်တွင်မူ တစ်ကမ္ဘာလုံးတွင် ကားစီးရေ ၉ ဒသမ ၇၁ သန်း ရောင်းချ နိုင်ခဲ့သော်လည်း အဆင့်သတ်မှတ်ချက်အရ တိုယိုတာနှင့် ဂျာမာန်ကုမ္ပဏီ ဗောက်စ်ဝက်ဂန်တို့၏ နောက် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း တိုယိုတာသည် ကားစီးရေ ၉ ဒသမ ၉၈ သန်း ရောင်းချကာ ရောင်းအား အကောင်းဆုံးဆုကို ခြောက်နှစ်တာအတွင်း ငါးကြိမ်မြောက် ရရှိခဲ့ပြီး မောက်စ်ဝက်ဂန်က ကားစီးရေ ၉ ဒသမ ၇၃ သန်း ရောင်းချကာ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဂျီအမ်ကို ကျော် ဖြတ်ကာ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သော ဗောက်စ်ဝက်ဂန်သည်၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်သည့်ကားတံဆိပ် ၁၂ မျိုးစလုံး ရောင်းအားတက်ခဲ့သောကြောင့် အမြတ်ငွေ ရရှိမှုပမာဏမှာလည်း မြင့်တက်လာခဲ့သည်။ ဗောက်စ်ဝန်ဂန်ကုမ္ပဏီသည် Audi ၊ SEAT ၊ Skoda ၊ Porsche ၊ VW ၊ Lamborghini ၊ Bentley ၊ Bugatti ၊ VW Commercial Vehicles ၊ Ducati ၊ Man နှင့် Scania အမှတ်တံဆိပ်ကားများကို ထုပ်လုပ် ရောင်းချလျက်ရှိပြီး ၂ဝဝ၈ ခုနှစ်အတွင်း တစ်နှစ်တာ ရောင်းအား အကောင်းဆုံး ပမာဏကိုဆယ်သန်း အထိ ဖြစ်လာစေရန် ရည်ရွယ်ထားသည်။

Ref: Automobile

5G အက္ခရာအပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ်

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ထုတ်ပေးခဲ့သော 5G အက္ခရာများထဲမှ 5G အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ် ကြောင်း 'ကညနမှတ်ပုံ တင်ဌာန(မြင်သာ) ကညနရုံး'မှ သိရသည်။ ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန်အတွက် စိတ်ကြိုက်နံပါတ် ကြိုတင် ရောင်းချမှုပြုလုပ်ပေးလျက်ရှိပြီး 5G/2811 သို့ ရောက်ရှိချိန်၌ အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီး ဖြစ်သည်။ ရောင်းချပြီးသော 5G အပူးနံပါတ်များ မှာ 5G/2222 ကို ကျပ် ၁၄ သိန်း၊ 5G/3333 ကို ကျပ် ၁၂ သိန်း၊ 5G/4444 ကို ကျပ်သိန်း နှစ်ဆယ်နှင့် 5G/5555 ကို ကျပ် သိန်း လေးဆယ်၊ 5G/7777 ကို ကျပ်သိန်း လေးဆယ်၊ 5G/ 8888 ကို ကျပ် ၃၆ သိန်းနှင့် 5G/9999 ကို ကျပ် ၅၂ သိန်း တို့ဖြင့် အသီးသီး ရောင်းချပေးခဲ့သည်။ ရောင်းချရန် ကျန်ရှိသည့် 5G/1111 နှင့် 5G/6666 တို့မှာလည်း ကြိုတင်မှာယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။ "5G အက္ခရာနံပါတ်တွေကတော့ လူကြိုက်များတဲ့အတွက် နံပါတ် လာရောက်ထုတ်ယူတဲ့သူတွေ၊ စိတ်ကြိုက်နံပါတ် ဝယ်ယူသူတွေနဲ့ လက်မလည်အောင်ပါပဲ၊ နံပါတ်အလှတွေလည်း အတော်လေး ရောင်းရပါတယ်၊ အပူးအက္ခရာတွေဆိုရင် 5G/1111 နဲ့ 5G/6666 ပဲ ရောင်းဖို့ ကျန် တော့တယ်"ဟု 'မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန'မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသောယာဉ်များအား မှတ်ပုံတင်များပြုလုပ် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်အထိ ရောက်ရှိနံပါတ် 5G/3572 ၊ DD/5912 နှင့် 8L/3844 သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

Ref : Automobile

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု ထွက်ပေါ်မလာသေး သောကြောင့် 'အ'အက္ခရာစလစ်များ သိန်းတစ်ရာ ကျော်အထိ မြင့်တက်

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ပေါ်လစီအသစ် ထွက်ပေါ်မလာ သေးသောကြောင့် 'အ'အက္ခရာ စလစ်များသည် သိန်းတစ်ရာကျော်အထိ မြင့်တက်သွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ၂ဝ၁၄ ခုနှစ်မှ စ၍ ယာဉ်အို၊ ယာဉ်ဟောင်းများကို ယာဉ်သက်တမ်းအလိုက် အပ်နှံခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ထိုသတင်းထုတ် ပြန်ပြီး သုံးလကျော် ကာလ အထိ လက်တွေ့ အကောင်အထည်မဖော်နိုင်သေးသောကြောင့် ကားဟောင်း စလစ်ဈေးများ တစ်ပတ်ထက် တစ်ပတ် မြင့်တက်လာခဲ့သည်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်နေ သော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ် ဦးက "ပေါ်လစီသစ်ထွက်ပေါ်မ လာသေးသလို 'အ' ပြီးရင် ဘယ် အက္ခရာကိုခေါ်ယူမယ်ဆိုတာ ခန့် မှန်းလို မရတဲ့အတွက် စလစ်ဈေး အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်၊ ဈေးကွက်ထဲမှာ စလစ်ဝယ်လိုအားကောင်းပြီး အပ်ကားက သိပ်မကျန်တော့တဲ့အတွက် စလစ်ဈေးက ဒီတစ်ပတ်အတွင်းမှာ ကျပ် သိန်းတစ်ရာအပေါ်ကို ရောက်ရှိသွားခဲ့ပါတယ်"ဟု ဆိုခဲ့သည်။ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကားဟောင်းနှင့် စလစ်ဈေးကွက်မှာ 'လ၊သ၊အ'အက္ခရာ ကားဟောင်းတစ်စီးလျှင် ကျပ် ၉၉ သိန်းနှင့် အမည်ပေါက် စလစ် တစ်စောင်လျှင် ကျပ် ၁ဝ၄ သိန်း ဝန်းကျင်၊ တက္ကစီအပ်ကားတစ်စီးလျှင် ကျပ်သိန်း ၆ဝ ဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်လျှင် ကျပ် ၆၄ သိန်းဝန်းကျင်၊ နံပါတ်အနီ Chery QQ3 ကားဟောင်းတစ်စီးလျှင် ကျပ် ၅၈ သိန်းဝန်းကျင် ပေါက်ဈေး အသီးသီး ရှိ ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

Ref : Automobile

ဘဏ်အကောင့်အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားသူများကို စီးပွား/ကူးသန်းမှ စိစစ်တွေ့ရှိ

ဘဏ်အကောင့် အတုလုပ်ပြီး မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ် လျှောက်ထားသူများကို စိစစ်တွေ့ရှိခဲ့ကြောင်း 'စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန'မှ သိရှိ ရသည်။ မော်တော်ယာဉ်တင်သွင်းသူ အချို့သည် ပြည်ပမှ ကားများကို ဝယ်ယူရန်အတွက် အမှန်တကယ် နိုင်ငံခြားငွေစာရင်းမပြုလုပ်ဘဲ စာရွက်စာတမ်း အတုများ ဖြင့် ပါမစ်လျှောက်ထားသူများ ရှိနေသည်။ နိုင်ငံခြားငွေစာရင်း ပြုလုပ်ရာတွင် အစိုးရဘဏ်များဖြစ်သည့် MICB နှင့် MFTB ဘဏ်တို့၌ ဘဏ်စာ အုပ်စနစ် ကျင့်သုံးသော ကြောင့် အတုပြုလုပ်၍မရပေ။ သို့သော် ပုဂ္ဂလိကဘဏ်များ၌ ဘဏ်ချလန်ကို အသုံးပြုသောကြောင့် ကားတင်သွင်းသူ အချို့က အမှန်တကယ်ငွေစာရင်း မဖွင့်လှစ်ဘဲ အတုပြုလုပ်နေကြောင်း ကားတင်သွင်းသူတစ်ဦး ထံမှ သိရသည်။ ဘဏ်အကောင့် အတုဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များကို စိစစ်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ဘဏ်အကောင့် အတုပြုလုပ်ပြီး မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားသူတွေကို စိစစ်တွေ့ရှိခဲ့ပါတယ်၊ MFTB နဲ့ MICB တို့မှာ နိုင်ငံခြားငွေစာရင်းဖွင့်ရင် ဘဏ်စာအုပ်ပြုလုပ်ပေးတဲ့အတွက် ခိုင်မာမှုရှိပါတယ်၊ ပုဂ္ဂလိကဘဏ်တွေကတော့ Statement နဲ့ ထုတ်ပေးပါတယ်၊ ဘဏ်တွေမှာ ငွေတကယ်ထည့်ရင်တော့ Statement အစစ်နဲ့ထုတ်ပေးမှာ ဖြစ်ပါတယ်၊ ဌာနအနေနဲ့ကလည်း ဘဏ်တွေဆီကလာတဲ့ Statement တွေကို လက်ခံပေးရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်ရက်ကို ပါမစ်အစောင် သုံးရာလောက်ထုတ်ပေးရပြီး အချိန်မီလုပ်ပေးမှ ကျေနပ်ကြတဲ့အတွက် အကုန်လုံးကိုတော့ စိစစ် မပေးနိုင်ပါဘူး၊ ဒါကြောင့် အားနည်းချက်တွေရှိလာခဲ့ပြီး အခွင့်အရေးသမားတချို့က ဟာကွက်အပေါ်မှာ လုပ်စားသွားကြတာ ဖြစ်ပါတယ်၊ ဒီဖြစ်စဉ်က ဌာနနဲ့ မဆိုင်သလို ဘဏ်တွေနဲ့လည်း မဆိုင်ပါဘူး၊ ဘဏ်အကောင့်အတု လုပ်တဲ့သူတွေကို အရေးယူဖို့ဆိုတာ နှစ်ချက်ရှိပါတယ်၊ အကောင့်ဖွင့်တဲ့သူကိုပဲ အရေးယူမလား၊ ကုမ္ပဏီကိုပဲ အရေးယူမလားဆိုတာ စဉ်းစားရကျပ်နေပါတယ်၊ မှတ်ပုံတင်ငှားပြီး သောင်းဂဏန်းလောက်ပဲရတဲ့သူတွေကို အရေးယူမယ်ဆိုရင် မဖြစ်သင့်သလို၊ ကုမ္ပဏီကို အရေးယူ မယ်ဆိုရင်လည်း ထွက်ပြေးတိမ်းရှောင်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် အရေးယူဖို့ ဆိုတာထက် ပြဿနာအရင်းအမြစ်ကို စဉ်းစားရမှာဖြစ်ပါတယ်"ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောဆိုခဲ့သည်။

Ref: Automobile

အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ပိုင်ရှင်များစိတ်ဝင်တစား စောင့်ကြည့်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်နှံဆဲဖြစ်သည့် 'လ၊သ၊အ'အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ယာဉ်ပိုင်ရှင်များအနေဖြင့် စိတ်ဝင် တစား စောင့်ကြည့်နေရကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ လက်ရှိအချိန်တွင် အပ်နှံဆဲ 'အ'အက္ခရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစီးရေ ၄,၇၅ဝ ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အစီးရေ ၄,၁ဝ၇ စီး အပ်နှံ ပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့အတူ အပ်နှံရန်ကျန်ရှိသည့် 'လ' အက္ခရာကားများမှာ အပ်နှံရန် ၄,ဝ၅၄ စီး ရှိသည့်အနက် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၃,၉၃၅ စီး အပ်နှံခဲ့ပြီး 'သ' အက္ခရာကားများမှာ အပ်နှံရန် အစီးရေ ၄,၇ဝဝ ရှိသည့်အနက် နယ်ကားများအပါ အဝင် ၄,၇၁၅ စီးအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။ Chery QQ3 ကားများအပ်နှံမှုတွင် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၂၃၁ စီး အပ်နှံပြီးစီးခဲ့ပြီး အက္ခရာစုံမှ နေ့စဉ် ကား အစီးရေ ခြောက်ဆယ်ဝန်းကျင်ခန့် လာရောက်အပ်နှံလျက် ရှိကြောင်း 'ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန'မှ သိရသည်။ "ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုက အရင်ရက် တွေကထက်စာရင် အခုရက်ပိုင်းမှာ အပ်နှံမှု ပြန်များလာတာ တွေ့ရတယ်၊ အပ်နှံဖို့ကျန်ရှိတဲ့ အက္ခရာကားတွေလည်း လာရောက် အပ်နှံကြပါတယ်၊ အပ်နှံမှု စာရင်း အရ အပ်နှံမယ့်ကားတွေကလည်း အနည်းငယ်ပဲရှိတော့တယ်၊ နောက်ထပ်အပ်နှံခွင့်ပြုမယ့် အက္ခရာကတော့ အက္ခရာအစဉ်လိုက်ပဲ ခေါ်မလား၊ ယာဉ်သက်တမ်း အလိုက်ပဲ ခေါ်မလားဆိုတာ မသိရသေးပါဘူး၊ ရုံးချုပ်က ညွှန်ကြားချက်လည်း မလာသေးတဲ့အတွက် ပြောလို့မရဘူး၊ ညွှန်ကြားချက်ရတာနဲ့ အချိန် နဲ့တစ်ပြေးညီ ပြောကြားမှုတွေ ပြု လုပ်ပြီး အပ်ကားတွေကိုလက်ခံပေး သွားမှာဖြစ်ပါတယ်"ဟု ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အပ်ကား ရှားပါး လာခြင်းနှင့် အတူ ထပ်မံခေါ်ယူမည့် အက္ခရာကို မသိရသေးသောကြောင့် အပ်ကားများ၏ ဈေးနှုန်းသည် အနည်းငယ်မြင့်တက်သွားခဲ့ပြီး 'အ'အက္ခရာ စလစ်တစ်စောင်လျှင် ကျပ်(၁ဝ၄) သိန်း ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Ref : Automobile

ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည်ဦးရေ စစ်တမ်းကောက်ယူ

ရန်ကုန်မြို့တွင်း၌ အမြန်ယာဉ်များ ဝင်ရောက်ပြေးဆွဲနိုင်ရန် ရုံးတက်၊ ရုံးဆင်းချိန် ဘတ်စ်ကားစီး ခရီးသည် အရေအတွက်ကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း အမြန် ယာဉ်ပြေးဆွဲမည့် 'မေတ္တာလှိုင်း ယာဉ်လိုင်း'မှ သတင်းရရှိသည်။ အမြန်ယာဉ် ပြေးဆွဲနိုင်ရန် အတွက် မေတ္တာလှိုင်းယာဉ်လိုင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း ဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကာ လက်ရှိတွင် ဘတ်စ်ကားစီးနင်းမှု အများဆုံးအချိန်ဖြစ်သည့် ရုံးတက်၊ ရုံးဆင်းချိန်များ၌ လူဦးရေစစ်တမ်း ကောက်ယူ၍ ရရှိလာမည့် ရလဒ်နှင့် အကျိုးအမြတ် အပေါ်မူတည်ကာ အမြန်ယာဉ် ပြေးဆွဲနိုင်ခြင်း ရှိ/မရှိကို ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။ "ကျွန်တော်တို့ ယာဉ်လိုင်းအနေနဲ့ လက်ရှိမှာ အမြန်ယာဉ် ပြေးဆွဲနိုင်ဖို့အတွက် ယာဉ်အစီးရေ ကိုးဆယ်ကျော် ရှိတယ်၊ အရင်က ဒီယာဉ်အစီးရေတွေနဲ့ အဆင့်မြင့်ယာဉ်လိုင်း ပြေးဆွဲဖို့ တင်ပြထားတယ်၊ အကြောင်းမပြန်ခဲ့ဘူး၊ အခုတော့ အမြန်ယာဉ်ပြေးဆွဲဖို့ ညှိနှိုင်းနေတယ်၊ အခု ခရီးစဉ် အခြေအနေ စစ်တမ်းကောက်ယူမှုလည်း လုပ်နေတယ်၊ ဥပမာ ရွှေပြည်သာမှာနေတဲ့သူတွေက မြို့ထဲကို ရောက်ဖို့ဆိုရင် သုံးနာရီလောက် အချိန်ပေးရတယ်၊ ဒါကို အချိန် ဘယ်လိုချုံ့မလဲပေါ့၊ ပြီးတော့ ကားပေါ်မှာ သက်သောင့်သက်သာနဲ့ စီးနင်းလိုက်ပါနိုင်အောင်ရောပေါ့"ဟု မေတ္တာလှိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အမြန်ယာဉ် ပြေးဆွဲမည့်အပေါ် မြို့ပြစီမံခန့်ခွဲမှု ကျွမ်းကျင် ပညာရှင်တစ်ဦးက "တကယ်တော့ မြန်တာ၊ နှေးတာက အဓိကမကျဘူး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပက ခရီးသည်တွေ မြို့ထဲရောက်ဖို့ အချိန်ပေးစီးရတာ မှန်တယ်၊ ထိုက်သင့်သလောက်တော့ အချိန်ပေးစီးရမှာပဲ၊ ဒါပေမဲ့ အခုက ကြာသင့်တာထက် ပိုကြာနေတယ်၊ ယာဉ်ကြောကျပ်တာနဲ့ စီမံခန့်ခွဲမှု ညံ့တာကြောင့်လည်းပါတယ်၊ နောက် ဘတ်စ်ကားအချင်းချင်း ကျော်တက်တာတွေကိုလည်း တားမြစ်ရမယ်၊ ဒီလိုဆိုရင် အဆင်ပြေနိုင်မယ်"ဟု ပြောကြားခဲ့သည်။ အမြန်ယာဉ် ပြေးဆွဲခွင့်ရရှိမည် ဆိုပါက ဘတ်စ်ကားတစ်စီးလျှင် ငါးမိနစ်ခြား ပြေးဆွဲ၍ မှတ်တိုင်တိုင်း၌ လက်မှတ်အရောင်းဂိတ် စခန်းများ ထားရှိပေးမည် ဖြစ်ကြောင်း သိရပြီး လက်ရှိတွင်အမြန်ယာဉ် ပြေးဆွဲမှုလမ်းကြောင်း၊ စီးနင်းခ လက်မှတ်နှုန်းထားများကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်း အထက် ပါယာဉ်လှိုင်းမှ သိရသည်။

Ref: Automobile

အဆင့်မြင့် ယာဉ်ရပ်နားစခန်း သုံးခု ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အဆင့်မြင့် ယာဉ်ရပ်နားစခန်းသုံးခုကို ဗိုလ်တထောင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း 'ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ'မှ သတင်းရရှိသည်။ ယာဉ်ရပ်နားစခန်းများကို ဗိုလ်တထောင်မြို့နယ်တွင် ၄၅ လမ်း ရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧကနှင့် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧကတို့တွင် လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ဝ ဒ သမ ၁ဝ၃ ဧကတွင် လည်းကောင်း တည်ဆောက်ရန် ရွေးချယ်ထားကြောင်း သိရသည်။ "အဆင့်မြင့် ယာဉ်ရပ်နားစခန်းဆောက်လုပ်မှာ ဖြစ်တဲ့အတွက် ဌာနနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားတယ်၊ ၂ဝ၁၃ ခုနှစ် လွှတ်တော်အစည်း အဝေးမှာကတည်းက အထပ်မြင့် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ဖို့ တင်ပြခဲ့ပေမဲ့ အချက်အလက် စုဆောင်းမှု၊ မြေနေရာ ရှာဖွေမှုတွေကြောင့် အခုမှ စတင်ဖြစ်တာပါ၊ နောက်ပိုင်းကျရင်တော့ ရန်ကုန်မြို့ရဲ့ အဆင်ပြေမယ့် မြေနေရာတွေမှာ ယာဉ်ရပ်နားစခန်းတွေ ဆောက်လုပ်သွားဖို့ ရှိပါတယ်"ဟု 'မြို့တော်စည်ပင်၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)'မှ လက်ထောက်ဌာနမှူးက ပြောသည်။ ယာဉ်ရပ်နား စခန်း လုပ်ကိုင်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် တင်ဒါ လျှောက်လွှာ တစ်စုံ အမေရိကန်ဒေါ်လာ ငါးရာ၊ သို့မဟုတ် ကျပ်ငွေ ငါးသိန်းဖြင့် လာရောက်ဝယ်ယူနိုင်ပြီး မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်ဒါလျှောက်လွှာနှင့်အတူ အာမခံ အမေရိကန် ဒေါ်လာ တစ်သိန်း စပေါ်ငွေတင်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ပုဂ္ဂလိက ယာဉ်ရပ်နားစခန်းအဖြစ် မြေနီကုန်း၊ ရှင်စောပု ယာဉ်ရပ်နား စခန်းတစ်ခုသာရှိပြီး ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Automobile

အို/ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီး

ယာဉ်အို၊ ယာဉ်ဟောင်းစီမံချက်အရ ပြန်လည်တင်သွင်းလာသော ယာဉ်များ CNG ပြန်လည်တပ်ဆင်ခွင့်ပေးမှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီ ဖြစ်ကြောင်း 'စွမ်းအင်ဝန်ကြီး ဌာန၊ CNG ဌာခွဲ'မှ သတင်းရရှိသည်။ အဆိုပါ စီမံချက်အား ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အို/ဟောင်း အပ်နှံစဉ်က CNG အသုံးပြုယာဉ် များ ပြန်လည်တပ်ဆင်ခွင့် ပြုပေးမှုအနေဖြင့် ၉၅ ဒသမ ၂၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်ဟု သိရသည်။ "CNG တပ်ဆင်အသုံးပြုခဲ့တဲ့ ယာဉ်တွေကို ပြန်လည် တပ်ဆင် ခွင့်ပြုတဲ့နေရာမှာ ဦးစားပေးအနေနဲ့ ခရီးသည်တင်ယာဉ်ကနေ ခရီးသည်တင်၊ တက္ကစီယာဉ်ကနေ တက္ကစီ၊ ခရီးသည်တင်ကနေ တက္ကစီ၊ တခြားလိုင်စင်တွေကနေ တက္ကစီ ဆိုပြီး ပြောင်းလဲတပ်ဆင်မှုတွေကို ခွင့်ပြုပေးခဲ့ပါတယ်"ဟု 'စွမ်းအင် ဝန်ကြီးဌာနခွဲ'မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ CNG အသုံးပြုရရှိ ထားသည့် မော်တော်ယာဉ် အစီးရေ ၂၆,၇၉ဝ ခန့်ရှိပြီး အို/ဟောင်း စီမံချက်အရ CNG ပြန်လည်တပ်ဆင်ခွင့် ပြုရမည့်ယာဉ် ခန့်မှန်း အစီးရေ ၁၂,၃၅၆ ခန့် ရှိကာ လက်ရှိ တွင် ၁ဝ,၈၇၆ စီး ခွင့်ပြုပေးပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Ref: Automobile

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှုမရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေ

ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်ပြည့်ဝစွာ ရောင်းချပေးမှု မရှိကြောင်း ဝန်ကြီးဌာနသို့ တိုင်ကြားမှုများရှိနေသည်ဟု 'စွမ်းအင်ဝန်ကြီးဌာန'မှ သတင်းရရှိသည်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ ဝယ်ယူသုံးစွဲသူများ အနေဖြင့် စက်သုံးဆီ ဝယ်ယူရာတွင် ပေးရသည့် တန်ဖိုးနှင့် ရရှိသည့်ပမာဏမှာ ထက်ဝက်ခန့် လျော့နည်းမှု ရှိနေကြောင်းကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲ ဖြတ်အဖွဲ့သို့ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါ ရီလက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "စက်သုံးဆီ အခြင်အတွယ် ပြည့်မီမှု ရှိ/မရှိနဲ့ စက်သုံးဆီအရည်အသွေး တိုင်းတာစစ်ဆေးမှုကို ၂ဝ၁၃ ခုနှစ်တုန်းက ပြုလုပ်သလို ဒီနှစ်မှာလည်း ဆောင်ရွက်သွားမှာပါ၊ ဒီနှစ်မှာ စက်သုံးဆီ အရောင်း ဆိုင်တွေကို တိုင်းတာစစ်ဆေးမှု မလုပ်ရသေးပေမဲ့ မကြာခင်မှာပဲ ဆောင်ရွက်သွားမှာပါ"ဟု 'မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး'မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၌ ရန်ကုန်မြို့တွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်း ဆိုင်များ အခြင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း တစ်ရာကျော် အနက်ဆိုင် နှစ်ဆယ်ခန့်မှာ အခြင်အတွယ်ပြည့်ဝမှု မရှိသည်ကို တွေ့ရကြောင်း သိရသည်။ ယင်းသို့ စက်သုံး ဆီအခြင်အတွယ် ပြည့်ဝစွာ ရောင်းချခြင်းမရှိသည့် အရောင်းဆိုင်များအား ပထမအကြိမ် သတိပေးခြင်းနှင့် ဒုတိယအကြိမ် ရောင်းချခွင့် သုံးလ ပိတ်သိမ်းခြင်းများ ဆောင် ရွက်ခဲ့ကြောင်း စွမ်းအင်ဝန် ကြီးဌာနမှ သတင်းရရှိသည်။

Ref: Automobile

အစိုးရအဖွဲ့မှ ဖိတ်ခေါ်ပါက ပြည်တွင်းသို့ Tata ဘတ်စ်ကားများ တင်သွင်းမည်

သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်မည့် ကုမ္ပဏီကြီးများ၏ ဖိတ်ခေါ်တောင်းဆိုမှုများရှိပါက Tata ဘတ်စ်ကားများ တင်သွင်းမည် ဖြစ်ကြောင်း Tata Motor မြန်မာပြည် ကိုယ်စားလှယ်ဖြစ်သည့် 'Apex Greatest Industrial Co.,Ltd' မှ သတင်းရရှိသည်။ Tata ကားများကို လက်ရှိတွင် လူစီး ယာဉ်နှင့် လုပ်ငန်းသုံး အငှားယာဉ် ဖြန့်ဖြူးရောင်းချခြင်းသာ တွေ့ရှိရပြီး မကြာမီက Tata Motor နှင့် Apex Greatest Industrial Co.,Ltdတို့ ပူးပေါင်း၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Tata ဘတ်စ်ကား သုံးစီး လှူဒါန်းခဲ့ကြောင်း၊ ယင်းမှာ Tata Bus Brand ကို မိတ်ဆက်ခြင်းဖြစ်ကာ သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်မည့် ကုမ္ပဏီ ကြီးများမှ ကြိုက်နှစ်သက်မှုရှိ၍ မှာယူတင်သွင်းရန် ဖိတ်ခေါ်ပါက ဘတ်စ်ကားများ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။ "တောင်းဆိုလာမယ် ဆိုရင်တော့ ဘတ်စ်ကားတွေ တင်သွင်းဖို့ရှိတယ်၊ လက်ရှိအစိုးရအဖွဲ့ကို လှူဒါန်းတာက Tata Bus Brand ကို မိတ်ဆက်ပေးတာ၊ တကယ်လို့ ဒါကိုစီးကြည့်ပြီးမှ သဘောကျတယ်၊ မှာယူမယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Tata Bus ကားတွေ တင်သွင်းပေးမယ်၊ ဒီအတွက် ဈေးနှုန်းညှိနှိုင်းမှုတွေနဲ့ ဝယ်ယူမှုပုံစံတွေကိုလည်း ဆွေးနွေးလို့ရမယ်၊ အရစ်ကျဆိုရင်လည်း စီစဉ်ပေးမယ်"ဟု Apex Gratest Industral Co.,Ltd ဥက္ကဋ္ဌ ဦးကြည်သိန်းက ပြောသည်။Tata Motor ထုတ် ကားများကို ၂ဝ၁၃ ခုနှစ်၊ မတ်လမှစ၍ တင်သွင်း ဖြန့်ဖြူးရောင်းချပေးခြင်း ဖြစ်ပြီး Tata ကားအရောင်း ပြခန်းကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိရစ္ဆာန်ဥယျာဉ်ဘေး၌ ဖွင့်လှစ်ထားကာ Tata လုပ်ငန်းသုံးကား၊ အငှားယာဉ်၊ အိမ်စီးကား၊ ကုန်တင်ယာဉ် ကြီး/ငယ်များကို ငွေ ကျပ်သိန်း (၁၁ဝ) မှ (၆၁ဝ) အတွင်း ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author