ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်နားခိုဆောင် Bus Shelter များဆောက်လုပ်ရန်တင်ဒါစတင်ခေါ်ယူ

0

Full article

Zawgyi

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်သာယာနယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်နားခိုဆောင် Bus Shelter များ ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် ပြည်တွင်းကုမ္ပဏီများကို ဇန်နဝါရီ ၂ ရက်နေ့မှစ၍ တင်ဒါ စတင်ခေါ်ယူနေလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တင်ဒါပုံစံရောင်းချရေးမှ အသိပေးကြေညာထားသည်။

အဆိုပါ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်နားခိုဆောင် Bus Shelter များဆောက်လုပ်ရန်အတွက် တင်ဒါစည်မျဉ်းစည်းကမ်းချက်များနှင့် လျှောက်လွှာပုံစံများကို ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ဒုတိယထပ် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တွင် ရုံးချိန်အတွင်း ယနေ့ ဇန်နဝါရီလ ၂ ရက်မှစ၍ တင်ဒါပုံစံဝယ်ယူလျောက်ထားနိုင်မည်ဖြစ်ရာ တင်ဒါဖောင် ပိတ်သိမ်းမည့်ရက်မှာ ဖေဖေါ်ဝါရီလ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် တင်ဒါဖောင်ပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။

"စည်ပင်နယ်နိမိတ်အတွင်းက ဘတ်စ်ကားမှတ်တိုင်တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ခရီးသည်တွေကားစောင့်ရင်းနားခိုဆောင် Bus Shelter တွေကို ဆောက်လုပ်ဖို့တင်ဒါခေါ်ယူတာပါ။ တင်ဒါစည်းကမ်းတွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။ တင်ဒါဖောင်ပုံစံကို ဇန်နဝါရီလ ၂ ရက်ကနေ လာရောက်ဝယ်ယူလို့ရပါတယ်။" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ YBS ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်များ ဘတ်စ်ကားစီးနင်းမှု အဆင်မပြေခြင်း၊ ဘတ်စ်ကားများရပ်နားရန်နေရာမရှိခြင်းကြောင့် လမ်းလယ်ခေါင် အထိတက်ရောက်ရပ်နားရ၍ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေခြင်း တို့အပေါ် ကားမှတ်တိုင်များ စနစ်တကျ ပြုလုပ်ဖြေရှင်း ပေးသွားရန်လိုအပ်နေလျက်ရှိကြောင်း သိရသည်။

Author