ပြီးခဲ့တဲ့ သောကြာနေ့က ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တဲ့ ဂန္ထဝင်မော်တော်ကားပြပွဲမှာ Bugatti ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် limited-edition မော်ဒယ်ကို ဖွင့်ထုတ်ပြသခဲ့ပါတယ်။ အဲဒီကားကတော့ Bugatti Centodieci ပါ။ ရောင်းချတဲ့ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉ သန်းဝန်းကျင်ဖြစ်ပြီး ၁၀ စီးပဲ ကန့်သတ်ထုတ်လုပ်မှာလို့ ဆိုပါတယ်။

၁၉၉၀ နှစ်အစောပိုင်းကာလတွေတုန်းက ထုတ်လုပ်ခဲ့တဲ့ Bugatti EB110 ကို ဂါရဝပြုထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Centodieci ဆိုတာက အီတလီဘာသာအရ 110 လို့ အဓိပ္ပါယ်ရပါတယ်။ EB110 ကို အီတလီမြောက်ပိုင်းမှာရှိတဲ့ “မော်တာတောင်ကြား (Motor Valley)” မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ Lamborghini ၊ Ferrari နဲ့ Maserati တို့ထုတ်လုပ်ကြတဲ့ နေရာအနီးတစ်ဝိုက်မှာ တည်ရှိတာပါ။ EB110 ထုတ်လုပ်ခဲ့ခြင်းဟာ ၁၉၅၀ နှစ်များဆီက ငုပ်နေတဲ့ Bugatti အမှတ်တံဆိပ်ကို ပြန်လည်ရှင်သန်လာအောင် ကြိုးစားအားထုတ်ခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Centodieci ရဲ့ဒီဇိုင်းကတော့ EB110 တွေရဲ့ ပါးပါးလှပ်လှပ်လမ်းနဲ့ကပ်ပြီး အားကောင်းရန်လိုတဲ့ ပုံစံကို ပြန်ပြောင်းအောက်မေ့ဖွယ်ရာပါပဲ။

EB110 ဟာ စီးပွားရေးအရ ဆုံးရှုံးမှုလို့ဆိုနိုင်ပေမယ့် အကြီးအကျယ်ဆုံး supercar တစ်စီးထုတ်လုပ်နိုင်ခဲ့ကြတယ်ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ EB110 ရဲ့ ရှေ့ပြေးပုံစံကို Lamborghini Countach ကိုဒီဇိုင်းရေးဆွဲခဲ့တဲ့ Carlo Gandini ကပဲရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးထုတ်လုပ်ပြီးတဲ့ ဒီဇိုင်းကတော့ စိတ်အားထက်သန်လှတဲ့ ပြိုင်ကားမောင်းသမား Giampaolo Benedini ရဲ့ဒီဇိုင်းဖြစ်သွားပါပြီ။
၁၉၉၈ ခုနှစ် Bugatti အမှတ်တံဆိပ်အမည်ကို ကမ္ဘာ့အကြီးဆုံး မော်တော်ကားထုတ်လုပ်သူအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Volkswagen Group ကဝယ်ယူလိုက်ပြီးတဲ့အချိန်ကစပြီး Bugatti ရဲ့ကံကြမ္မာဟာပြောင်းလဲသွားခဲ့တာပါ။ အခုဆိုရင် Bugatti ဟာ အမြန်ဆုံးဆိုတဲ့ကားတွေထုတ်လုပ်ပြီး အရမ်းကိုကြွယ်ဝချမ်းသာနေပါပြီ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ ခေတ်သစ် Bugatti စက်ရုံဟာ တစ်ကြိမ်မှာ ကားမော်ဒယ် တစ်စီးသာ ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်ခဲ့သမျှအောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၀၅ ခုနှစ်ကနေပြီး ၂၀၁၅ ခုနှစ်တွေအတွင်းမှာထုတ်လုပ်ခဲ့တဲ့ Bugatti ရဲ့ Veyron တွေဟာ တိုးတက်ပြောင်းလဲမှုများစွာနဲ့အတူ အထူးအောင်မြင်ခဲ့တယ်။ ၂၀၁၆ ခုနှစ်ကစတင်ပြီး ဈေးကွက်အတွင်းဝင်ရောက်လာတဲ့ Bugatti ရဲ့ Chiron ဟာလည်း ထူးထူးကဲကဲအောင်မြင်တဲ့ ကားမော်ဒယ်ဖြစ်ခဲ့တာပါပဲ။ Veyron ရော Chiron နှစ်မျိုးစလုံးဟာ အံ့အားသင့်ဖွယ်ရာ မြန်ဆန်လှတဲ့အပြင် သက်သောင့်သက်သာစီးနင်းနိုင်ပြီး မောင်းရလွယ်တဲ့ကားတွေချည်းပါပဲ။ ပထမဆုံးမိတ်ဆက်လိုက်တဲ့ Bugatti Veyron ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁.၅ သန်းနဲ့ဖြစ်ပြီး Chiron ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃ သန်း အထက်နဲ့ဖြစ်ပါတယ်။

အခုအမေရိကန်ဒေါ်လာ ၉ သန်းတန် Centodieci ကတော့ Bugatti ရဲ့ နောက်ဆုံးထုတ်ဖြစ်ပြီး သူ့ရဲ့အရှေ့မှာ အမေရိကန်ဒေါ်လာ ၆ သန်းတန် Divo ရှိပါသေးတယ်။ Divo ကိုတော့ စုစုပေါင်းအစီးရေ ၄၀ သာထုတ်လုပ်မှာပါလို့ Bugatti က ကတိပြုထားခဲ့တယ်။

ဒါပေမဲ့ အဲဒီဖေါ်ပြပါကားတွေအားလုံးဟာ Bugatti ရဲ့တန်ဖိုးအကြီးဆုံးကားတော့မဟုတ်ခဲ့ပါဘူး။ Bugatti ရဲ့ တန်ဖိုးအကြီးဆုံးကားကတော့ ပြီးခဲ့တဲ့မတ်လအတွင်းက ကျင်းပခဲ့တဲ့ ဂျနီဖာ မော်တော်ကားပြပွဲမှာ ဖွင့်ထုတ်မိတ်ဆက်လိုက်တဲ့ La Voiture Noire ဖြစ်ပြီး အခွန်အခအပါအဝင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါး တန်ဖိုးရှိတာပါ။

Bugatti ရဲ့မော်ဒယ်တွေကို တူညီတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာအတွေးအမြင်တွေနဲ့ အခြေခံထားပြီး အားလုံးမှာတပ်ဆင်ပေးထားတာက Bugatti ရဲ့ 16-cylinder turbocharged အင်ဂျင်ဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Centodieci ကတော့ အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 1600 hp အထိရှိပြီး Chiron ထက် 100 hp ပိုများပါတယ်။ နောက်ပြီး Chiron ထက် အနည်းငယ်ပိုမို ပေါ့ပါးပြီး 0-60 မိုင်နှုန်း အရှိန်ကိုရရှိဖို့ 2.4-second အချိန်သာ လိုအပ်တဲ့ကားတစ်စီးပါ။ အမြင့်ဆုံးမြန်နှုန်း 236 mph အထိမောင်းနှင်နိုင်ပြီး ဒီနေရာမှာတော့ Chiron ထက်နည်းတယ်လို့ ဆိုလို့ရပါတယ်။
နိမ့်ပြီးကျယ်တယ်၊ “သပ်” ပုံစံမျိုးနဲ့တူတဲ့ EB110 ရဲ့ဒီဇိုင်းကို ပြန်ပြောင်းအောက်မေ့ဖွယ်ရာတည်ဆောက်ထားတဲ့ Centodieci ရဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ပတ်သက်ပြီး ဒီဇိုင်နာ Achim Anscheidt က
“ဂန္တဝင်ပုံစံတစ်ခုကို မိတ္တူကူးခြင်းမရှိဘဲ ရာစုသစ်အမြင်အဖြစ် ပြောင်းလဲဖို့ဆိုတာက နည်းပညာပိုင်းအရ တော်တော်လေးကို ရှုပ်ထွေးပါတယ်”
လို့ဆိုလိုက်ပါတယ်။ Centodieci ရဲ့ ရေပြင်ညီအရှေ့မီးကြီးတွေဟာလည်း EB110 ရဲ့ဟန်ကိုယူထားပေမဲ့ ပိုကျဉ်း၊ ပိုပြီးခက်ထန်တဲ့အသွင်ကိုဆောင်ပြီး ခေတ်မီ LED နည်းပညာနဲ့ပါ။ Chiron ရဲ့ နံဘေးက C ပုံသဏ္ဌာန် ခုတ်လှီးထားသလိုလိုင်းတွေနဲ့ လေပေါက်တွေအစား Centodieci မှာတော့ အဖြောင့်လိုင်းတွေနဲ့ အဝိုင်းပုံလေပေါက်အစုအဝေးနဲ့ တွေ့ရမှာပါ။ အနောက်တောင်ပံအနေနဲ့ကတော့ Chiron နဲ့မတူဘဲ မြှင့်တင်ထားတာတွေ့ရပြီး ဒီလေပေါက်တွေနဲ့ rear wing မြင့်မြင့်ဟာ Bugatti EB110 ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်မော်ဒယ်ဖြစ်တဲ့ SS ဆီကဆင်းသက်လာတာဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၉ သန်းခန့် ၊ ထုတ်လုပ်အစီးရေအားဖြင့် ကန့်သတ် ၁၀ စီးဆိုတာက ကားဆိုရင် တန်ဖိုးမြင့်မှ၊ ရှားမှ ဆိုတဲ့သူတွေအတွက် သည်းခြေကြိုက်ဖြစ်သွားစေပုံပါပဲ။ Pre-sold အနေနဲ့ထုတ်လုပ်မည့် ၁၀ စီးလုံးရောင်းချပြီးသွားပြီလို့ဆိုပါတယ်။ Bugatti ရဲ့ ဂန္ထဝင်အောက်မေ့ဖွယ်ရာ နောက်ဆုံးထုတ် Centodieci ပါ။
ဘာသာပြန်သူ : စိုင်းဆိုင်(ရန်ကုန်)
Ref : Bugatti is making only 10 of these $9 million supercars by Peter Valdes-Dapena