300-MPH အတားအဆီးကို 304-MPH နဲ့ဖြတ်ကျော်လိုက်တဲ့ Bugatti Chiron ၊ စံချိန်တွေကို ရိုက်ချိုးတော့မှာလား

0

Full article

Bugatti Chiron ကိုစတင်မိတ်ဆက်ကတည်းက 261-MPH ဆိုတာ သူတို့ရဲ့မြန်နှုန်းကန့်သတ်ချက်ဖြစ်ခဲ့တယ်။ အခု ဂျာမနီရဲ့ Ehra-Lessien စမ်းသပ်လမ်းပေါ်မှာ မောင်းနှင်ခဲ့တဲ့ Bugatti ကတော့ Production-Cars တွေရဲ့ အမြန်ဆုံးစံချိန်ကိုရော၊ 300-MPH ဆိုတဲ့ အတားအဆီးကိုပါ ရိုက်ချိုးပြခဲ့ပါပြီ။

ဒီလိုစံချိန်တင်မောင်းနှင်မှုမှာ မောင်းနှင်ပေးသူကတော့ အတွေ့အကြုံရင့်ကားမောင်းသမား Andy Wallace ပါ။ သူဟာ Jaguar XJ220 နဲ့ McLaren F1 တွေကိုအမြန်ဆုံးမောင်းနှင်ပေးသူလည်း ဖြစ်ခဲ့ပါတယ်။ အခုက ပုံမှန်ထုတ်ကုန်ကိုမှ modifiy နည်းနည်းထပ်လုပ်ထားတဲ့ Chiron ကိုမောင်းနှင်ခဲ့တာပါ။ မြန်နှုန်း မှန်ကန်ကြောင်းမှတ်တမ်းတင်သူကတော့ German TÜV အဖွဲ့ဖြစ်ပါတယ်။ စံချိန်တင်မြန်နှုန်းအတိအကျကတော့ 304.773-MPH ပါ။

အသုံးပြုခဲ့တဲ့ Chiron ဟာ ထုတ်လုပ်ရေးက spec တွေနဲ့ သိပ်အများကြီးကွာခြားမှုမရှိဘူးလို့ ဖေါ်ပြထားတယ်။ အဓိက modify လုပ်ခဲ့တာတွေက safety ပိုင်းတချို့ထပ်ဖြည့်တာရယ်၊ aerodynamic အပြောင်းအလဲအနည်းငယ်ရယ်နဲ့ higher seventh-gear ratios တွေရယ်ပါလို့ ဆိုထားပါတယ်။ ဒါမျိုး version နဲ့ Chiron ကိုလိုချင်တယ်ဆိုရင်လည်း limited-edition model အနေနဲ့ထွက်ရှိလာမယ်လို့ အားလုံးက ယုံကြည်နေကြတော့တာပါပဲ။ နောက်ထပ်နည်းနည်း အပြောင်းအလဲလုပ်ထားတာကတော့ ပုံမှန် Chiron ရဲ့ quad-turbocharged W-16 အင်ဂျင်ကိုပါ။ 1578 hp အထိထွက်ရှိအောင် မြှင့်တင်ထားတယ်လို့ဆိုပါတယ်။ မကြာသေးခင်က ကြေညာလိုက်တဲ့ Centodieci လိုမျိုးပေါ့။

ဒီလိုစံချိန်တင်မှုနဲ့ ပေါင်းစပ်နေတာကတော့ အီတလီက တည်ဆောက်သူ Dallara ပါ။ သူကတော့ Chiron ရဲ့ ကိုယ်ထည်နဲ့ aerodynamic kit ကိုပြုလုပ်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြင်သစ်က Michelin ပါ။ သူကတော့တစ်မိနစ်မှာ အပတ်ရေ 4,100 အထိကြီးမားတဲ့အားပြည့်အင်ပြည့်လှည့်ပတ်မှုတွေအတွက် အကောင်းဆုံး စွမ်းဆောင်ရည်မြင့် တာယာတွေကို ထုတ်လုပ်ပေးခဲ့သူဖြစ်ပါတယ်။ သူတို့ဟာ Michelin Pilot Cup 2 တာယာတွေကို အထူးအနေနဲ့ ထုတ်လုပ်ပေးခဲ့ပြီး Chiron မှာအသုံးမပြုခင် တစ်လုံးခြင်းစီကို အသေးစိတ် X-ray ရိုက်ခဲ့ကြပါသေးတယ်။

Bugatti ရဲ့ ဥက္ကဋ္ဌဖြစ်သူ Stephan Winkelmann ကတော့

“ကျွန်တော်တို့ဟာ ကမ္ဘာ့အမြန်ဆုံးကားတွေ တည်ဆောက်ခဲ့ကြောင်းကို နှစ်ခါသုံးခါမက ပြသနိုင်ခဲ့ပါပြီ။ Bugatti ဟာ 300-MPH ကိုကျော်လွန်အောင် မောင်းနှင်နိုင်တဲ့ ပထမဆုံးကားပါ။ ဒီနာမည်ဟာ သမိုင်းစာအုပ်တွေထဲမှာ ပါဝင်တော့မယ့် နာမည်ပါပဲ။ ဒါဟာ ထာဝရတည်တံ့သွားမယ့် အရာလည်းဖြစ်ပါတယ်။”

ဟု တရားဝင် ပြောကြားလိုက်ပါတယ်။

စံချိန်တင်မောင်းနှင်မှုကို ပြုလုပ်ပေးခဲ့သူ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်တို့ရဲ့ sports-car ဝါရင့်သမ္ဘာရင့်ကြီး Wallace ကတော့

“‘ခင်ဗျားက Bugatti ကို 300-mph အထိမောင်းခဲ့တယ်။ ခင်ဗျားနေရာမှာ ဘယ်သူမဆို ဝင်ထိုင်လိုက်ရင် မောင်းနိုင်မှာပဲ’ ဆိုပြီး လူတွေက ပြောကောင်းပြောကြပါလိမ့်မယ်။ ကြည့်ရတာတော့ အမှန်လိုပါပဲ။ ခင်ဗျားအနေနဲ့ Le Mans ဒါမှမဟုတ် Daytona တို့မှာ အနိုင်ရခဲ့ဖူးရင်၊ ပြီးတော့ ခင်ဗျားလုပ်နေတာတွေဟာ ကားမောင်းခြင်းနဲ့အများကြီးပတ်သက်နေမယ်ဆိုရင် ခင်ဗျားလည်းလုပ်နိုင်မှာပဲလို့ ကျွန်တော်ကောင်းကောင်းကြီးအသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အခုလိုလုပ်ဆောင်နိုင်ခဲ့တဲ့အရသာဟာ ဘယ်လိုပဲပြောပြော တော်တော်ကြီး မိုက်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကသာ တစ်ယောက်ယောက်က ကျွန်တော့်ကိုလာပြီး 'ခင်ဗျား 300-mph ကိုကျော်ပြီးမောင်းနိုင်တော့မှာ' လို့ လာပြောခဲ့မယ်ဆိုရင် သူတို့တွေ ရူးနေတာလို့ ကျွန်တော် ထင်မိမှာ အသေအချာပဲဗျ။”

ဆိုပြီး ပြောပြခဲ့ပါတယ်။

ပြီးခဲ့နှစ်တွေ အတွင်း Production-Cars တွေတင်ခဲ့တဲ့ မှတ်တမ်းဝင် အမြင့်ဆုံးမြန်နှုန်းစံချိန်တွေကတော့ အောက်ပါအတိုင်းပါ။

  • ၁၉၉၃ McLaren F1 : 221-MPH
  • ၂၀၀၄ Koenigsegg CCR : 241.009-MPH
  • ၂၀၀၅ Bugatti Veyron EB 16.4 : 253.81-MPH
  • ၂၀၀၇ SSC Ultimate Aero TT : 256.18-MPH
  • ၂၀၁၀ Bugatti Veyron 16.4 Super Sport : 267.856-MPH
  • ၂၀၁၇ Koenigsegg Agera RS : 277.87-MPH

ဒါကတော့ မှတ်တမ်းဝင်စာရင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းမှာ တရားဝင်မပါဝင်နိုင်ခဲ့ပေမယ့် အမြန်ဆုံးမောင်းနှင်ခဲ့တဲ့ အခြားကားတွေလည်းရှိနေပါသေးတယ်။ ၁၉၉၀ နောက်ပိုင်း မှတ်တမ်းဝင်မဟုတ်ခဲ့ပေမယ့် အမြန်ဆုံးမောင်းနှင်ခဲ့ကြတဲ့ကားတွေကတော့

  • ၁၉၉၂ Jaguar XJ220 : 210.5-MPH
  • ၁၉၉၃ Bugatti EB 110 SS : 218-MPH
  • ၁၉၉၃ Dauer 962 Le Mans : 251.4-MPH
  • ၂၀၁၄ Hennessey Venom GT : 270.49-MPH နဲ့အခုနောက်ဆုံး
  • ၂၀၁၉ Bugatti Chiron : 304.77-MPH တို့ဖြစ်ကြပါတယ်။

Produciton Cars တွေအနေနဲ့ အမြန်ဆုံးမောင်းနှင်ခဲ့ကြပေမဲ့ အခုလိုမျိုးမှတ်တမ်းမဝင်ရခြင်းမှာတော့ အကြောင်းပြချက်တွေ အများကြီးရှိလို့နေပါတယ်။ နောက်ဆုံးသတင်းများအရ Bugatti Chiron ရဲ့ စံချိန်ချိုးမောင်းနှင်မှုကို စံချိန်တင်မှတ်တမ်းအတွင်း ထည့်သွင်းထားခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ အသင့်ထုတ်လုပ်ရောင်းချတော့မယ့်ထုတ်ကုန်ကို အနည်းငယ် modify လုပ်ထားတဲ့ ရှေ့ပြေးပုံစံဖြစ်နေခြင်းဟာ မှတ်တမ်းမှာ တရားဝင် မထည့်သွင်းရသေးခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ပါပဲ။ ပြောကြစတမ်းဆိုရင် တကယ်လို့သာ အခုစံချိန်တင်မောင်းနှင်မှုပြုလုပ်နိုင်ခဲ့တဲ့ Bugatti Chiron အတိုင်းသာ တိတိကျကျထုတ်လုပ်ရောင်းချလာမယ်ဆိုရင်တော့ 2019 Bugatti Chiron ဟာ အမြန်ဆုံးမြန်နှုန်းစံချိန်ကိုချိုးဖျက်နိုင်ခဲ့ရုံသာမက တရားဝင်မှတ်တမ်းဝင်မယ့် သမိုင်းဝင်ကားဖြစ်လာမှာ အသေအချာပါပဲ။

Ref: Bugatti Chiron Passes 300-MPH Barrier with 304-MPH Run, Sets World Record by Mike Duff

Author