နှစ်ရှည်စီမံကိန်းအဖြစ် ရေးဆွဲဆောင်ရွက် နေသောကြောင့် ရန်ကုန်မြို့တော်အတွင်း BRT စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲမှုကို လာမည့် ၂ဝ၃၅ ခုနှစ်မှသာ ကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေးအဖွဲ့(YUTRA) မှ သတင်းရရှိသည်။
အဆိုပါအဖွဲ့ အနေဖြင့် ရန်ကုန်မြို့တွင်း ဘတ်စ်ကား အမြန်လမ်းကြောင်း မောင်းနှင်သည့်စနစ် BRT ကျင့်သုံးနိုင်ရန် ၂ဝ၁၃ ခုနှစ်အတွင်း စစ်တမ်းကောက်ယူ ခဲ့သော်လည်း မြို့ပတ်လမ်းကြောင်းများ ထပ်မံချဲ့ထွင်နိုင်ရန် လုံလောက်မှု မရှိခြင်းနှင့် မြို့ပတ်လမ်းကြောင်းများ တိုးချဲ့ဖောက်လုပ်ရန် မြေနေရာခက်ခဲသည့်အတွက် စီမံကိန်းရေးဆွဲ လေ့လာမှုများအရ ၂ဝ၃၅ ခုနှစ်မှသာ လမ်းကြောင်းသစ်များ ဖောက်လုပ်နိုင်ပြီး ဘတ်စ်ကား အမြန်လမ်းကြောင်း မောင်းနှင်သည့်စနစ် ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း သိရသည်။ BRT စနစ်ကို အရင်က ကာလတိုအနေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်၊ ခရီးသည်တင် ယာဉ်တွေအားလုံး မြို့ထဲကိုပဲ ဦးတည်သွားတဲ့အတွက် BRT စနစ် ကျင့်သုံးရင်လည်း မြို့ထဲကို ဦးတည်ပေးရမှာပါ၊ ဒါပေမဲ့ မြို့ထဲက လမ်းတွေက အရမ်းကျဉ်းတဲ့အပြင် လမ်းကြောင်းသစ် ဖော်လို့မရတဲ့အတွက် လမ်းလည်း ချဲ့လို့မရတော့ဘူး၊ ဒါကြောင့် လမ်းသစ်တွေ ဖောက်လုပ်ပြီး စီးနိုင်တဲ့ ၂ဝ၃၅ ခုနှစ်မှသာ ဒီစနစ်ကို အကောင်အထည် ဖော်နိုင်မှာပါဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်၊ JICA အဖွဲ့မှ မစ္စတာ တာကာရှိရှိုးရာမက ပြောသည်။ အဆိုပါ BRT စနစ်ကျင့်သုံးရန် ယခင်က ရန်ကုန်-ပြည် လမ်းမ တစ်လျှောက်ကို ရွေးချယ်မှုများ ပြုလုပ်ထားသော်လည်း ဆိုင်းငံ့ထားကြောင်း၊ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး ပညာရှင်များက ၂ဝ၃၅ ခုနှစ်တွင် ရန်ကုန် မြို့တွင်း အချက်အချာကျသည့် နေရာများကို BRT စနစ်ဖြင့် ဦးတည်ပြေးဆွဲနိုင်မည့် လမ်းသစ်ငါးခုခန့် ပေါ်လာမည် ဖြစ်သည့်အပြင် မီးရထား လမ်းကြောင်းသစ်များ ကိုလည်း BRT စနစ်ဖြင့် ပြေးဆွဲနိုင်ရန် စီမံကိန်းရေးဆွဲ စီစဉ်သွားမည်ဖြစ်ကြောင်း အထက်ပါ ဌာနမှ သတင်းရရှိသည်။
Ref: Auto mobile