Brand New ကားများကို ၂ဝ၁၈ ဧပြီ ၁ မှ စတင်ကာ ရန်ကုန်လိုင်စင် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကားတင်သွင်း သည့် အရေအတွက်ကို Certificate of Entitlement (COE) စနစ်ဖြင့် ပေးသွားမည်ဖြစ်သည်ဟု Lotte Hotel ၊ Yangon ၌ ကျင်းပပြုလုပ်သော MAN Dealership Agreement Signing Ceremony ပွဲတွင် ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက ပြောကြားသွားခဲ့သည်။
"ကားအစီးအရေအတွက်အား ကြိုတင်သတ်မှတ်မှာ ဖြစ်ပြီး သတ်မှတ်အရေအတွက်ကိုသာ COE ပုံစံဖြင့် ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် ကားမှတ်ပုံတင်ခွင့် (COE) ကို လေလံစနစ်ဖြင့် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။
ထိုကဲ့သို့ ကားအစီရေအား ကြိုတင်သတ်မှတ်၍ သတ်မှတ်အရေအတွက်ကိုသာ ခွင့်ပြုမည်ဆိုပါက ကားဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး ကုမ္ပဏီများမှ တင်ဒါဆွဲပြီး ပြည်သူများကို ပြန်လည်ရောင်းချပါကလည်း ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ကားတင်သွင်းသူများက ဆိုသည်။
ရန်ကုန်မြို့တွင် လက်ရှိကားအစီးရေ ၆သိန်း နီးပါးခန့်ရှိနေရာ COE စနစ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကားအစီးရေကို ကန့်သတ်၍ တင်သွင်းခွင့်ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။
ခေတ်သစ်