အစိုးရဝန်ကြီးဌာနများ၏ ဌာနဆိုင်ရာကားများကို မော်တော်ယာဉ် မူလရုပ်ပုံစံအား ပြောင်းလဲ၍ ယာဉ်အစိတ်အပိုင်း မမှန်မကန်ဘဲ ပြောင်းလဲထားမှုများနှင့် အလုံးချိန်း body coach ပြောင်းလဲထားသောယာဉ်များကို ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ ယာဉ်အိုယာဉ်ဟောင်း သံရည်ကြိုအပ်နှံရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကသိရသည်။
ဌာနဆိုင်ရာများတွင် အသုံးပြုနေသော ကားများကို အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲခြင်းများ ခွင့်မပြုတော့သည့်နောက်ပိုင်းတွင် ထိုသို့လုပ်ဆောင်ထားရှိသောကားများတွေ့နေရသည့်အတွက် ဌာနဆိုင်ရာမှကားများမှာလည်း ယာဉ်မှတ်ပုံတင် လာရောက်ပြုလုပ်ရာတွင် body coach မူလရုပ်ပုံစံကို ပြောင်းလဲထားသော ယာဉ်များ အဖြစ် တွေ့ရှိပါက ဗဟိုစက်ပစ္စည်းနှင့်စာရင်းအင်းစစ်ဆေးရေးဦးစီးဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းသိရသည်။
" ဌာနဆိုင်ရာကအချို့ကားတွေလည်း ဖောက်စွတ်အလုံးချိန်းထားတဲ့ကားတွေရှိတယ်။ နောက်ပိုင်းမှာ မူလရုပ်ကို ပြောင်းလဲတဲ့ ဌာနဆိုင်ရာ ကားတွေတွေ့နေရတယ်။အကယ်၍ ဌာနဆိုင်ရာက ကားကို အလုံးချိန်း body coach ပြောင်းထားတာတွေ့ရင် ယာဉ်မှတ်ပုံတင်ဖျက်သိမ်းပြီး သံရည်ကြိုအပ်နှံရမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်တစ်စီးကို အစိတ်အပိုင်း မမှန်ကန်ဘဲ ပြောင်းလဲ၍ ဖောက်စွပ်ပြုလုပ်ခြင်းများ၊ body coach ပြောင်းလဲထားသည့်ကားများကို ယာဉ်နှင့်သက်ဆိုင်သော ကမ(၃)၊ CVR၊ VIS စတေကာ ၊ ဖောင်းကြွ နံပတ်ပြားများဖြုတ်သိမ်း၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းပြီး၊ ယာဉ်အား ရဲစခန်းသို့ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
regulation